Wednesday, June 08, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၆)

PHRASES (1)
အင်္ဂလိပ်သဒ္ဒါမှာ စကားလုံး တစ်လုံးထက် ပိုပြီး စုဝေးနေတဲ အစုအဝေးကို Phrase (or) Clause လို့ ခေါ်ပါတယ်။ မြန်မာမှာတော့  နှစ်ခုလုံးကို ပုဒ်စုလို့ပဲ ခေါ်တယ်။ Finite verb မပါတဲ့ အစုအဝေးကို Phrase လို့ခေါ်ပြီး၊ Finite verb ပါတဲ့ အစုအဝေးကို Clause လို့ခေါ်တယ်။ အလျင်ဆုံး Phrase ကို ဆွေးနွေးလိုတယ်။ Phrase အမျိုးမျိုးရှိတယ်။ အလျင်အခန်းတွေက တင်ပြခဲ့တဲ့ V-ing and V-ed တို့ဟာလည်း phrase တွေကို ဦးဆောင်ဖွဲ့စည်းကြတာပါပဲ။ အခု Preposition and Noun တွဲပြီးဖြစ်ပေါ်လာတဲ့ Prepositional Phrase ကို ဆွေးနွေးမှာ ဖြစ်တယ်။ ဥပမာ…......
in the house - အိမ်ထဲမှာ။
on the hill - တောင်ပေါ်မှာ။
near our school - ငါတို့ကျောင်းနားမှာ။
ဒီ Prepositional phrase ဟာ ၀ါကျထဲမှာ အလုပ်လုပ်ပုံအရ နှစ်မျိုးခွဲခြားအပ်တယ်။ တမျိုးက Adverb ၊ တစ်မျိုးက Adjective ၊ verb ကိုသွားပြီး အထူးပြုနေလျှင် Adverb ပေါ့။
The cat is in the kitchen.
ကြောင်က မီးဖိုချောင်ထဲမှာ။
The dictionary is on the shelf.
အဘိဓာန်က စာအုပ်စင်ပေါ်မှာ။
I was born in a small village.
ငါ့ကို ရွာလေးတစ်ရွာမှာ မွေးပါတယ်။
Noun ကို ညွှန်ပြနေလျှင်တော့  Adjective Phrase ဖြစ်သွားတယ်။
The cat in the kitchen is very lazy.
မီးဖိုချောင်ထဲက ကြောင်က သိပ်ပျင်းတာ။
The dictionary on the shelf has a few pages missing.
စာအုပ်စင်ပေါ်က အဘိဓာန်မှာ စာရွက်တချို့ ပြုတ်ကျနေတယ်။
I found it in a shop in a small village.
ရွာလေးတစ်ရွာက ဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့တာ။
ဒီနမူနာဝါကျတွေကို လေ့လာကြည့်လျှင် မှတ်သားစရာ အချက်တချို့ကို သတိပြုမိ ပေလိမ့်မယ်။
(၁) Adv Phr တွေဟာ အင်္ဂလိပ်လိုမှာ ၀ါကျရဲ့နောက်ဆုံးက နေတယ်။
( အခြားနေရာမှာလည်း နေနိုင်ပါရဲ့ )
(၂) Adj Phr တွေဟာ သူ့ဆိုင်ရာ Noun နောက်နားမှာပဲ ကပ်နေတယ်။
(၃) မြန်မာလိုမှာ Adv Phr ကို ( မှာ ) နဲ့ ဘာသာပြန်တာများပြီး၊ Adj Phr ကို ( က ) နဲ့ ပြန်ရတာ တွေ့ရလိမ့်မယ်။
(၄) မြန်မာလိုမှာ Adv Phr က ကြိယာရှေ့က ရှိပြီး၊ Adj Phr က နာမ်ရဲ့ရှေ့က ရှိနေတယ်။
(၅) Phrase မှာ Preposition က Noun ရှေ့က ရှိပြီး၊  မြန်မာလိုပြန်ရေးရာမှာတော့ နာမ်ပုဒ် နောက်မှာမှ ( မှာ ) တို့ ( က ) တို့ လာကြတယ်။ ( ဒါကြောင့် မြန်မာမှာ ( မှာ ) တို့ ( က ) တို့ကို Postposition လို့ ခေါ်ရတယ်။ မြန်မာလို နောက်ဆက်ပေါ့လေ။)
အင်္ဂလိပ်စာကို လေ့လာနေတဲ့ ကျောင်းသားအဖို့ Adv Phr နဲ့ Adj Phr နေရာအနေအထားဟာ အရေးကြီးဆုံး သဘောပေါက်မှတ်သားစရာအချက် ဖြစ်တယ်။ ဒါကိုသဘော မပေါက်တဲ့အတွက်..................
(၁) တောင်ပေါ်ကဘုရား - ဆိုတာကို အင်္ဂလိပ်လိုရေးချင်ရင် on the hill Pagoda ရယ်လို့ ဖြစ်သွားတတ်တယ်။
(၂) one of the boys နောက်က are လို ဗဟုဝုစ်ကြိယာမျိုးသုံးမိတတ်တယ်။
ဒါကြောင့် ဒီသဘောကို နာနာကြီး ကွဲပြားထင်ရှားအောင် ကြည့်ရှုမှတ်သားပါ။ မြန်မာလိုက စပြီး ရေးပြလိုက်ပါမယ်။
တောထဲမှာ ကျားရှိတယ်။
there are tigers in the forest. ( Adv )
တောထဲက ကျားက လူသားစားမဟုတ်ဘူး။
The tigers in the forest are not man-eaters. ( Adj )
တောင်ပေါ်မှာ ဘုရားရှိတယ်။
there is a little Pagoda on the hill. ( Adv )
တောင်ပ်ါက ဘုရားက သပ္ပာယ်တယ်။
The pagoda on the hill is beautiful. ( Adj )
လမ်းပေါ်မှာ လမ်းလျှောက်လျှင် သတိထားပါ။
Be careful when you walk in the street. ( Adv )
လမ်းပေါ်ကလူက ဒါတွေ စိတ်မ၀င်စားပါဘူး။
The man in the street is not interested in these things. ( Adj )
မဖြူက မနီဘေးမှာ ထိုင်နေကျ။
Ma Phyu always sits beside Ma Ni. ( Adv )
မနီဘေးက ကောင်မလေးကို ငါသိတယ်။
I know the girl beside Ma Ni. ( Adj )
စာမျက်နှာ ၃၅ မှာ မြေပုံတွေ့လိမ့်မယ်။
You’ll find a map on page 35.
အခု စာမျက်နှာ ၃၅ က မြေပုံကိုကြည့်ပါ။
Now look at the map on page 35.
အထက်နားက one of the boys ဆိုတာမျိုးနဲ့ Verb အတွဲမှားတတ်ကြောင်း ဆိုခဲ့ပြီ။ အဲ့လို မှားရတာဟာ Adj Phr ရဲ့ သဘောကို နားမလည်လို့ ဖြစ်တယ်။ အဲဒီစကားအစုအဝေးမှာ of the boys ဟာ Adj Phrase ဖြစ်ပြီး one ဆိုတဲ့ Noun ကို ညွှန်းနေမှန်း နားလည်လျှင် အဲဒီအမှားမျိုး ကျူးလွန်တော့ မယ် မဟုတ်တော့ ပေဘူး။ အောက်ပါ ၀ါကျများကို လေ့လာကြည့်ပါ။
One of the boys is my brother.
ကောင်လေးတွေထဲက တစ်ယောက်က ငါ့ညီ။
( ကတ္တား Subject က one ၊ V က is )
One of the girls is my friend.
ကောင်မလေးတွေထဲက တစ်ယောက်က ငါ့သူငယ်ချင်း။
The boys of our school work hard.
ငါတို့ကျောင်းက ကျောင်းသားတွေ စာကြိုးစားကြတယ်။
ကျောင်းသားတော်တော်များများကလည်း one of the boy (s မပါဘူး) ဆိုတာမျိုး အင်မတန်ရေးတတ်ကြတယ်။ အခုဆွေးနွေးနေတဲ့ Adj phrase သဘောကို နားလည်သွားပြီဆိုလျှင်ဖြင့် ဒီအမှားမျိုး ကျူးလွန်တော့ မယ် မဟုတ်ပေဘူး။
ထပ်ပြီးသတိပေးချင်တာကတော့  Adj phrase ဟာ မြန်မာမှာ Noun ရဲ့ရှေ့က နေပါတယ်။ အင်္ဂလိပ်မှာ Noun ရဲ့နောက်ကနေတယ်ဆိုတာပါပဲ။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment