လောကမှာ ဘုရား၊ ရဟန္တာ တွေဟာ မိမိကိစ္စပြီး မြောက်၍ မိမိရဲ့ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး ကိုရပ်ပြီး အေးချမ်းရာ အမှန် မြတ်နိဗ္ဗာန်သို့ ရောက်ရှိ သွားနိုင်ကြသည်မှာ ရှေးရှေးပါရမီ ပါခဲ့လို့ ပါရမီပြည့်လို့ သာဟုအများအမြင်တွင် ထင်ကောင်းထင်နေပါ လိမ့်မယ်။ မှန်ပါသည်။ ပါရမီ ပါခဲ့မှု ကြောင့်လည်း ဖြစ်ပါသည်။ သို့ရာတွင် စာရေးသူ အပါအဝင် ဓမ္မမိတ်ဆွေ တို့ကရော ပါရမီမပါ သေးတာလား မပြည့်သေးတာလား မိမိကိုယ်ကို မိမိအထင်နှင့် တွေးထင် နေကြမည်ဖြစ်သည်။ ထိုပါရမီ အကြောင်းကို ပြောဖို့ရန် ရှေးဦးစွာ လောကတွင် ရခဲလှသော ဒုလ္လဘ (၅) ပါးဟာ ဘာတွေ လည်းဆိုတာ သိထားသင့်ပါတယ်။ ဘုရားရှင်လက်ထက်.. ကုန်သည် (၅၀၀) တို့ဟာ လောကတွင်ရခဲ့ လှသော အရာများကို မိမိတို့ အမြင်ဖြင့် ပြောဆို နေကြတယ်။ အဲ့ဒါတွေက တော့ - ၁) ဆင် ရတနာ ၂) မြင်း ရတနာ ၃) ပတ္တမြား ရတနာ ၄) မိန်းမ ရတနာ ၅) သူဋ္ဌေးကြီး ရတနာ စသည်ဖြင့် ကိုယ့်အထင် ကိုယ့်အမြင်ဖြင့် ပြောဆိုနေခိုက် ဘုရားရှင် ကြွချီ လာသောအခါဝယ် မေးမြန်းကြရာ- မြတ်စွာဘုရားရှင်က သင်တို့ ထင်ထားတဲ့ ရတနာ တွေဟာ ဘာမှမဟုတ်ပါဘူး ရလွယ်ပါတယ်လို့ ပြောကြားပြီး။ လောကတွင် တကယ်ရခဲ လှသော ဒုလ္လဘ (၅) ပါးကို မိန့်တော်မူတယ်။
အဲ့ဒါတွေကတော့ -
၁) မြတ်စွာဘုရား၏ သာသနာတော်အတွင်းကြုံကြိုက်နေခြင်း။
၂) မြတ်စွာဘုရားရှင် ဟောကြားသော နိဗ္ဗာန်ရောက်ကြောင်း သစ္စာတရားတွေကို မြတ်စွာဘုရားရှင် မရှိသည့်နောက်ပိုင်း ဟောပြောပြနိုင်မည့် ဆရာ ကောင်း သမားကောင်း တို့နှင့် တွေ့ကြုံခြင်း။
၃) တွေ့ကြုံသော်လည်း နားထောင်နိုင်သည့်နား နှင့် နားထောင်နိုင်စွမ်းရှိတဲ့ ဉာဏ်ရှိခြင်း။
၎) နားထောင်နိုင်သော ဉာဏ်ရှိသော်လည်း လိုက်ပါ ကျင့်ကြံလုပ်ဆောင်ချင်သောစိတ် ရှိခြင်း။
၅) ကျေးဇူးရှင် အပေါ်ကို ကျေးဇူးရှိမှန်း ကောင်းစွာသိ၍ ကျေးဇူးတရားကို ဆပ်လိုသဖြင့် ကျိုးစား အားထုတ်မှု ပြုနေခြင်းဟာ ရခဲလှပါတယ်ကွာလို့ အင်္ဂုတ္တိုရ် ပါဋိတော်ထဲမှာ မိန့်ကြားတော်မူခဲ့တယ်။
ကနဦးက ပြောခဲ့တဲ့ ပါရမီဆိုတာကို မိမိ ကိုယ်ကို စစ်ဆေးကြည့်ကြရအောင်. ကျွန်တော်တို့တွေဟာ နံပါတ်-
၁) အချက်ဖြစ်တဲ့ မြတ်စွာဘုရားရဲ့သာသနာ (၅၀၀၀) အတွင်းမှာ ကြုံကြိုက်နေတယ်ဆိုတာ အထူးပြောဖွယ်မလိုပါဘူး။
၂) အချက်ဖြစ်တဲ့ မြတ်စွာဘုရားရှင် မရှိတော့တဲ့နောက်ပိုင်း မှာလည်း မြတ်စွာဘုရားရဲ့ သစ္စာတရားတော်တွေကို ဟောပြော ပြသပေးနိုင်တဲ့ ဆရာကောင်း ရဟန်းသံဃာတွေ ရှိနေတယ် ထိုဆရာကောင်း တွေနဲ့ကြုံကြိုက်နေတယ် တရားတော်တွေ နာယူနေကြတယ် ဆိုတာကလည်း ကိုက်ညီ နေပြန်ပါပြီ။
၃) အချက်ဖြစ်တဲ့ စာရေးသူအပါအဝင် ဓမ္မမိတ်ဆွေ အားလုံးမှာ နားထောင်နိုင်တဲ့ ဉာဏ်နားလေးကလည်း ကောင်းနေပြန်ပါတယ်။ နားထောင်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်တွေးကလည်း ရှိနေတယ်ဆိုတာ အထူးထင်ရှားပါတယ်။ ထိုဉာဏ်ရည် ဉာဏ်သွေးရှိလို့ သာလျင် ဆရာကောင်းတွေက ဟောပြောတိုင်း မိမိ ခန္ဓာနဲ့ ကိုက်ပြီး ဟုတ်ပါလား ဟုတ်ပါလား လို့ဖြစ်နေခြင်း။ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေက ဒါပါလားလို့ သိနေခြင်း ကပင် မိမိတို့မှာ နားလည် နိုင်စွမ်း ဉာဏ်ရည်ရှိနေတယ်ဆိုတာ အထူးပြောဖွယ်မလိုတော့ပါဘူး ဓမ္မမိတ်ဆွေတို့။
၎) အချက်ဖြစ်တဲ့ နားထောင်နိုင်စွမ်း ဉာဏ်တော့ ရှိနေပါပြီ လိုက်ပါကျင့်ကြံ လုပ်ဆောင်လိုတဲ့စိတ် လေးကလည်း အားလုံးမှာ ရှိနေကြပါတယ်။ ဆရာတော် သံဃာ တော်တွေပြောသလို လိုက်လုပ်ကြည့်မှ ၅ မိနစ်ရရ ၁၀ မိနစ်ရရ အဓိဋ္ဌာန်လေး နဲ့ လုပ်ကြည့်မယ်ဆိုပြီး စိတ်အားထက်သန် မှုလေးတွေဖြစ်နေတာဟာလည်း ဒုလ္လဘ တရားနဲ့ ကိုက်ညီနေပြန်ပါပြီ။
၅) အချက်ကတော့ ဘုရား၊ တရား၊ သံဃာ တော်တွေရဲ့ ကျေးဇူး တရား ဂုဏ်တော်တွေကို သိမြင်ပြီး ဘုရား တရား သံဃာ တော်တွေရဲ့ စကား အတိုင်း နာယူပြီး ကျေးဇူးဆပ်လို၍ ကိုယ်တိုင်အားထုတ်နေခြင်း သည်လည်း အားလုံးလုပ်ဆောင်နေတယ်ဆိုတာ အထူးထင်ရှားပါတယ်။ ဥပမာ - သတိပဋ္ဌာန် (၄) ပါးကို တစ်ပါးပါး ရှုပွားနေတာ ဝေဒနာ ကိုအနိစ္စရှု့ မှတ်ပွားများ နေခြင်းသည် နံပါတ် (၅) အချက်ဖြစ်တဲ့ ဒုလ္လဘ နဲ့ကိုက်ညီ နေတယ်ဆိုတာ မိမိကိုယ်ကို ဆန်းစစ်လိုက်ကြရင် တွေ့မှာပါ ဓမ္မမိတ်ဆွေတို့-
ဒါကြောင့် ခုမှ တရား နာဖြစ်တာ ခုမှ တရားဓမ္မနဲ့ ထိတွေ့လို့ ငါတို့များတော့ ခုမှ ပါရမီ စတာထင်ပါရဲ့လို့ အားမငယ်လိုက်ကြ ပါနဲ့လို့ မိုးကုတ် ဆရာတော် ဘုရားကြီးကလည်း အထူးမှာကြားပါတယ်။ အားလုံးဟာ ပါရမီက ပြည့်နေကြပါပြီ မြတ်စွာဘုရားရဲ့ စကားအတိုင်း နားယူ ဆောင်ယူပွားများ မယ်ဆိုရင် ဒီဘဝမှာတင် ရဟန္တာဖြစ်ကြပြီး နိဗ္ဗာန် ချမ်းသာ ရနိုင်ပါတယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပြောကြားခဲ့ပေသည်။ ထို့ကြောင့် မိမိသန္တာန်တွင် ငါတို့များတော့ ပါရမီ မပါသေး လို့နေမှာပါလို့ အားငယ်စိတ် ပေါ်လာရင် ဤဒုလ္လဘတရား (၅) ပါးနှင့်သာ ကိုက်ညီလိုက်ပါ။ ပါရမီကို စောင့်နေရန် မှာမလိုတော့ပြီ နောင်ဘုရားတို့အား ဖူးမြော်ဖို့ရန် စောင့်ဆိုင်း လိုစိတ်များ ရှိလျင် အမြန်ဆုံးပြုပြင် လိုက်ကြပါ။ မသေချာသည့်အလုပ်ကို စောင့်ဆိုင်းမနေပါနှင့်။ သေချာလက်ဝယ်ပိုင်ဆိုင် ထားတော့ အခွင့် အရေးကို အသုံးချပြီး ဒီဘဝမှာတင် ခန္ဓာချုပ်ငြိမ်း နိဗ္ဗာန်ကို ကျင့်ကြံပွားများသွားရင် ရောက်နိုင်ပါတယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် မှာကြားခဲ့ပါတယ်။
ထို့ကြောင့် ဤ တရားရဲ့ ခေါင်းစီးဖြစ်တဲ့ အနိစ္စရှု့ အနိစ္စမှတ် အနိစ္စသိ ပြောကြားဖို့ရန် ဒုလ္လဘ(၅)နဲ့ မိမိတို့တွေဟာ ကြုံကြိုက်နေခြင်း၊ ပါရမီ ပြည့်နေခြင်း၊ ကြိုးစားအားထုတ်ဖို့ရန်လိုတော့တယ် ဆိုတာ ကနဦးအရင် ပြောကြားရခြင်း ဖြစ်ပါတယ်။ လောကမှာ ခန္ဓာရထားသူတိုင်း အာရုံနဲ့ဒွါရ ကတော့ မလွဲမသွေ တိုက်နေမှာဖြစ်တယ်။ မိမိတို့တွေဟာ ပုထုဇဉ် များဖြစ်ကြတဲ့ အတွက် ထို အာရုံနဲ့ဒွါရ တိုက်တိုင်း တိုက်တိုင်း လောဘ၊ ဒေါသ၊ မောဟ တွေဟာလည်း အမြဲမပြတ်ဖြစ်နေကြမှာဖြစ်တယ်။ သို့သော် ထို လောဘ၊ ဒေါသ၊ မောဟ ကိုဘယ်လို မဝင်လာအောင် လုပ်မလည်း? ရုပ်က ဖြစ်တိုင်းဖြစ်တိုင်း စိတ်လေးက ကြံစည်တိုင်း တွေးတောတိုင်း အနိစ္စဆိုတာလေးကို သိပေးနေရင် မည်သည့်လောဘ၊ ဒေါသ၊ မောဟမှ မိမိသန္တာန်ထဲ နေရာယူနိုင်မည်မဟုတ်ဘူးဆို မိုးကုတ် ဆရာတော်ဘုရားကြီး မှလည်း သေချာ ရှင်းလင်းပြထားခြင်းဖြစ်တယ်။ ဒါဆို ဘယ်လိုရှု့မှတ် သိပေးနေရမှာ လည်း ဆိုတာသိဖို့ရန်လိုပါတယ်။ အလှူဒါနပဲလုပ်လုပ် ကောင်းမှု့ကုသိုလ်တစ်ခုခုပဲလုပ်လုပ် ကုသိုလ် စိတ်လေး ပေါ်လာရင် ဒီစိတ်လေးကို အနိစ္စ ပါလားလို့ရှု့လိုက်ပါ အနိစ္စလို့မှတ်လိုက်ပါ အနိစ္စလို့သိလိုက်ပါ။ အဆင်းအာရုံနဲ့ စက္ခု နဲ့တိုက်ပြီး လိုချင်တယ် စားချင်တယ် ဝတ်ချင်တယ် နေချင်တယ် ပေါ်လာရင် ပေါ်လာတဲ့ ဖြစ်နေတဲ့ စိတ်လေးကို အနိစ္စပါလားလို့ သိပေးလိုက်ပါ။ ထိုသို့ အနိစ္စ ဆိုတာကို သိပေးခြင်းဖြင့် လောဘဟာ နရာမယူ နိုင်တော့ပါဘူး မိမိသိလိုက်တဲ့ အချိန်မှာတင် ပြတ်သွားခြင်း ဖြစ်ပါတယ်။ ထိုနည်းအတူ ဒေါသ၊ မောဟ ဖြစ်လာရင်လည်းထိုသို့ လိုက်ပြီးသိနေခြင်း အလှူအတန်း ကောင်းမှုကုသိုလ် လုပ်ရင်လည်းဖြစ်တဲ့စိတ် အတွေးထဲကို ဝင်ဝင်လာသမျှ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဝင်ချင်တာဝင်ပါ ထိုသို့အနိစ္စ သဘောပေါ် တင်ပေးလိုက် ခြင်းဖြင့် တစ်ပါးသောကိလေသာ တို့မှာ ကြားမဝင်နိုင်ပဲ ရှိနေမည်သာဖြစ်ပါတယ်။ မိမိတို့တွေမှာ မိသားစု ချစ်သူ ခင်ပွန်း ဇနီး မယား စသည်ဖြင့် အသိုက်အမြုံလေးဖြင့် နေနေကြတဲ့ သူတွေဖြစ်တဲ့ အလျောက် ထို သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတို့မှာ အာရုံနှင့် ဒွါရ တိုက်တိုင်း ဖဿဖြစ်ပေါ်ပြီး ဝေဒနာတွေ ကြုံကြိုက်လာမည်မှာ မလွဲမသွေပါ။ ထိုသို့ စိတ်၏ အနိစ္စသဘောကို ကောင်းစွာသိမြင် လာခြင်းဖြင့် ဝေဒနာ ဖြစ်တိုင်းဖြစ်တိုင်း အနိစ္စ လို့ရှု့ခြင်း အနိစ္စလို့မှတ်ခြင်း အနိစ္စလို့ သိခြင်းတို့ကြောင့် ထိုကိလေသာ တို့မှာ ကြားမဝင်နိုင်ပဲ ဝေဒနာ နိရောဓ တဏှာ နိရောဓေါ ဖြစ်ပြီး တဏှာ နိရောဓေါ ဖြစ်၍ ဥပါဒါန် မလာတော့ခြင်း၊ ဥပါဒါန်သေ၍ ကံတွေမဖြစ်တော့ခြင်းကြောင့် နောင်တစ်ဖန် ထပ်မံ မွေးဖွားခြင်း ဇာတိ မလာ ခြင်းဖြင့် အားလုံး လိုချင်သမှုပြုနေကြသော နိဗ္ဗာန်ချမ်းသာကို ရနိုင်မည်ဖြစ်တယ် ဆိုတာ မိုးကုတ်ဆရာတော်ကြီးမှ ကွက်ကွက်ကွင်းကွင်း မြင်အောင် ဟောကြားထားပါသည်။ ထို့ကြောင့် တစ်နေ့ကို မိမိနိုင် သလောက် ၁၅ မိနစ် ၂၀ စသည်ဖြင့် တစ်ပါးသော ကိလေသာ မဝင်အောင် တစ်ဖြေးဖြေး လေ့ကျင့် ပွားများသွား ဖို့ရန်လည်း တိုက်တွန်းထားပါသည်။ ထိုသို့ မိမိ စတင်ရှု့မှတ်နေသော အာရုံမှ အခြားသော ဆူညံသံ ကားသံ သီချင်းသံ ခွေးသံ ကြောင်သံ စသည့်ပေါ်လာသည့် စိတ်လေးတိုင်း သူ့၏နောက်ကိုမလိုက်ဘဲ အနိစ္စအဖြစ်ရှု့မြင်တတ်ခြင်း ဖြင့် တစ်ခါမှ မရဖူးသော ဝိပဿနာ ကုသိုလ်ဖြင့် တစ်ပါးသော ကိလေသာ ကြားမဝင်တော့ဘဲ မိမိ၏ အဓိဋ္ဌာန်ပြုထားသည့် အတိုင်း ဆောင်ရွက်သွားကြရန် အထူးမှာ ကြားထားပါတယ် ဓမ္မမိတ်ဆွေတို့....
ယခုစာရေးသူ ရေးသားထားသမျှ သည် မိုးကုတ်ဆရာတော် ဘုရားကြီး၏ အနိစ္စရှု့ အနိစ္စမှတ် အနိစ္စသိ တရားတော်မှ နာယူ၍ ပြန်လည် အကျဉ်းချုပ် ဖော်ထုတ်ရေးသား မျှဝေခြင်းဖြစ်ပါတယ်။ စာဖတ်သူတို့ နားလည်လွယ်စေရန် အတွက် မိမိ၏ ဉာဏ်မှီသလောက် အတွေးအမြင်ဖြင့် ရေးသား ထားခြင်းဖြစ်ပါသဖြင့် တစ်စုံတစ်ရာ အမှားအယွင်းရှိခဲ့ ပါက ထောက်ပြ သွန်သင် ပြုပြင် ဆွေးနွေးနိုင်ပါကြောင်း မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ အားလုံးပဲ မိမိတို့ရဲ့ ကိုယ်စီပိုင်ဆိုင် ထားကြတဲ့ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ယခုဘဝမှာတင် အပြီးသတ်နိုင်အောင် သူတော်ကောင်း တရားနာကြားပြီး ကျင့်ကြံပွားများ နိုင်ကြပါစေလို့ ဆန္ဒပြုလျက်...

“အနိစ္စရှု့ အနိစ္စမှတ် အနိစ္စသိကျင့်စဉ်” တရားတော်အား နာယူရန်...
တရားတော်နာယူရန် Posted by ထွန်းမြင့်ဌေး | Download |
No comments:
Post a Comment