ကျွန်တော် English နဲ့ပတ်သက်လို့ ဆောင်းပါးတွေ၊ စာအုပ်တွေသာမက Internet တွင်လဲ English ရေးသားချက်တွေကို ရှာဖွေဖတ်ရှုခဲ့တဲ့အထဲမှာ ဒီရေးသားချက်လေးကို သူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ်။ရေခြားမြေခြား၊ မိခင်ဘာသားစကားပြောလို့မရတဲ့ အရပ်ဒေသမှာ လာရောက်အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းတို့အတွက် ဒီရေးသားချက်လေးဟာ အကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်။
ကျွန်တော် သြစတေးလျ ရောက်ခါစမှာ တခါတရံ ရပ်ကွက်ထဲက သြစတေးလျ လူမျိုးများအင်္ဂလိပ်လို ပြောနေတာမှ ဟုတ်ရဲ့လား လို့ တွေးမိတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုရင် သူတို့ရဲ့ စကားပြောတဲ့ လေယူလေသိမ်းနဲ့ အသံထွက်ဟာ အာရှတိုက်က အင်္ဂလိပ်လို ပြောနေသူများ၊ အာရှတိုက်မှာ တွေ့ခဲ့ဖူးတဲ့ ဥရောပသားများနဲ့ အင်္ဂလိပ်လို ပြောခဲ့တဲ့ အခါ ကြားခဲ့ဖူးရတာတွေနဲ့ မတူဘဲ အတော့်ကို ကွဲပြားနေလို့ ဖြစ်ပါတယ်။ တခါက ဆိုရင်- ရထားဘူတာမှာ ရထား စောင့်ဆိုင်းစဉ် ကျွန်တော်ရဲ့ ဘေးမှာ သြစတေးလျှသူ ဆံပင် ရွှေရောင်နဲ့ အလွန် မျက်စိကျစရာ ကောင်းတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒါနဲ့ သူ့ကို ပြုံးးပြပြီး “You’re very beautiful” လို့ မိမိက ပြောလိုက်တဲ့ အခါ သူက တစ်စုံ တစ်ခု မိမိကို ပြန်ပြောလိုက်ပါတယ်၊ သူပြန်ပြောလိုက်တာကို နားမလည်လို့ မိမိက “I’m sorry…?” ဆိုပြီး ပြန်မေးတဲ့ အခါ သူက ထပ်ပြောပါတယ်။ ဒါကိုလည်း နားမရှင်းလို့ “I beg your pardon” ဆိုပြီး ထပ်မေးတဲ့ အခါ သူက ထပ်ပြောပါတယ်။ ဒါကိုလဲ နားမလည်လို့ မိမိက ထပ်ပြီး “I’m sorry, I’m not quite clear what you say” လို့ ထပ်မေးတဲ့ အခါမှာတော့ သူက “Never mind” ဆိုပြီး ဘာမှ ပြန်မပြော တော့ပါဖူး။ ထိုစဉ်ကဆိုလျှင် ကျွန်တောိဟာ “ငါအင်္ဂလိပ်လို နားလည်တာ အတော်ညံ့နေပါလား” လို့တွေးမိခဲ့ပါတယ်။
ကျွန်တော်ငယ်စဉ်က မိမိဖခင်ဟာ အင်္ဂလိပ်ဘာသာနဲ့ သုတေသနပြု စာတမ်းတွေ၊ တက္ကသိုလ် ပြဌာန်းစာအုပ်တွေ ရေးခဲ့ဖူးပါတယ်။ သို့သော် တစ်နေ့ ရုပ်မြင်သံကြား ရန်ကုန်မြို့မှာ စပေါ်ပြီး မကြာခင် အိမ်မှာ အမေရိကန် ရုပ်ရှင်တစ်ကားကို ကြည့်လိုက်ပြီးတဲ့ နောက်မှာတော့ ဖခင်ဟာ- “ငါသူတို့ စကားပြောတွေ တစ်လုံးမှ ရေရေလည်လည် နားမလည်လိုက်ဖူး” လို့ ပြောပါတယ်။ နောက်တော့ သူကိုယ်တိုင် အမေရိကန် ရုပ်ရှင်တွေ များများကြည့်၊ အမေရိကန် ရေဒီယိုတွေ များများ နားထောင်ပြီး အမေရိကန် အသံထွက်ကို နားယဉ်အောင် ပြန်လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။ ဘာသာစကား တစ်ခုရဲ့ သူတို့ နေ့စဉ် ပြောနေကြတဲ့ အသံထွက် ပုံစံကို နားယဉ်ဖို့ ဆိုတာ သူတို့တွေနဲ့ နေ့စဉ် မထိတွေ့နိုင်ရင် သူတို့ရဲ့ ရုပ်ရှင်၊ ရေဒီယို၊ ဗွီဒီယိုများနဲ့ ယဉ်ပါးအောင် ကျင့်ယူရတယ် ဆိုတာကို ကျွန်တော်ငယ်စဉ်က Alliance Francoise မှာ ပြင်သစ် စကား သွားသင်စဉ် အပတ်စဉ် ပြင်သစ်ရုပ်ရှင်တွေ ကြည့်ဖို့ စီစဉ်ပေးတုန်းကလဲ သတိပြုမိခဲ့ပါတယ်။
ဒီလိုပါဘဲ၊ အသံထွက် မမှန်တဲ့ အခါ၊ သို့မဟုတ် ကိုယ့်ရဲ့ အသံထွက်ဟာ သူတို့ ပြောဆိုနေကျ အသံထွက်နဲ့ မတူတဲ့ အခါမှာ ကိုယ်ပြောတာကိုလည်း သူတို့ နားမလည်နိုင်ပါဖူး။ ကျွန်တောိကို တစ်ခါမှာ ရခိုင်လူကြီး တစ်ယောက်က တိယိဆန်ရုံ ဘယ်မှာရှိလဲ လို့မေးတာ၊ လုံးဝ နားမလည်ခဲ့ပါဖူး။ နောက် စာရေးပြမှ သူမေးတာ တိရိစ္ဆာန်ရုံ ဖြစ်မှန်း သိရပါတော့တယ်။ ဗမာတွေရဲ့ အသံထွက် က တလိပ်ဆန်ရုံလို့ ထွက်နေကြ ဖြစ်တဲ့ အခါ တိယိဆန်ရုံ ဆိုတော့ ဘာမှန်း မသိတော့ပါဖူး။ ထိုင်းမှာ ဆိုရင်တော့ ပိုဆိုးပါတယ်၊ ထိုင်းစကားကို အသံထွက် နဲနဲလွဲတာနဲ့တင် အဓိပ္ပါယ်က တစ်မျိုး ပြောင်းသွားတတ်တော့ လုံးဝကို နားလည်မှု လွဲချော်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ အင်္ဂလိပ် စကားမှာတော့ လေယူလေသိမ်းနဲ့ အသံထွက်ဟာ တွဲနေပြီး၊ လေယူလေသိမ်းနဲ့ အညီ အသံထွက်တတ်ဖို့ အရေးပါတာ တွေ့ရပါတယ်။
ကျွန်တော် ရန်ကုန်မှာ နေခဲ့စဉ်တုန်းက မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ် စကားပြောကို စိတ်ဝင်တစား လေ့လာ လိုက်စား ကြတာ တွေ့မိပါတယ်။ တချို့ အင်္ဂလိပ်စကားပြော ကျူရှင်များ ဆိုရင် အခန်းလုံးပြည့်လို့ အပြင်မှာပင် လူတွေအုံပြီး နားထောင် သင်ယူနေတာတွေ တွေ့ခဲ့ရပါတယ်။ သို့သော် သူတို့ အများစုမှာ အင်္ဂလိပ်လို အသံထွက် ပီပီပြင်ပြင် လေယူလေသိမ်းနဲ့ ထွက်ရမှာကို ရှက်တတ်ကြတာ သိရပါတယ်။ အဲသည်လို လေယူ လေသိမ်းနဲ့ ထွက်တဲ့ အခါမှာလည်း ဘေးက နောက်ပြောင် တတ်ကြတာတွေလည်း ရှိကြတော့ မထွက်ရဲတာလဲ ပါမယ်ထင်ပါတယ်။ ဥပမာ အိုင်ကလေ၊ ယူကလေ၊ ရှော့ပင်းထွက်မယ်၊ အပ်တူယူ ပါကွာ၊ အိုကေပါတယ်၊ စသည်ဖြင့်သာ တစ်လုံးစ နှစ်လုံးစ ကြားညှပ် သုံးကြတာ တွေ့ရပါတယ်။ ကျွန်တောိ အနေနဲ့တော့ မြန်မာစကားကို မြန်မာလို အပြည့်အစုံ ပြောရင် နားထောင်ကောင်းသလို၊ အင်္ဂလိပ် စကားကိုလဲ အင်္ဂလိပ်လို အပြည့်အစုံ ပြောရင်သာ နားထောင်ကောင်းတယ် လို့ ထင်ပါတယ်။ အခုလို “ငါတို့ ဈေးဝယ်သွားကြမလား” ဆိုရင် “အိုင်တို့ ရှော့ပင်း ထွက်ကြမလား” လို့ ပြောတာကို ကြားရတာ နားထဲ ကို့လို့ ကန့်လန့် ဖြစ်ခဲ့ပါတယ်။ ပြောချင်ရင်လဲ “Shall we go shopping?” လို့ ပြောလိုက်တာ နားထောင်ကောင်းမယ် ထင်ပါတယ်။ တ်ချို့ အဲသည်လို အင်္ဂလိပ်လို စကားလုံးတွေ ကြားညှပ်ညှပ်ပြီး သုံးသွား ပြောသွားရင်ဘဲ အင်္ဂလိပ်လို ကျွမ်းသွား လိမ့်မယ်လို့ ထင်ကြတဲ့ သူတွေ ရှိကြပါတယ်။ ကျွန်တော် ကိုယ်တွေ့မှာတော့ အဲသည်လို အင်္ဂလိပ်ကို ကြားညှပ်နဲ့ သိပ်သုံးတတ်တဲ့ လူတွေ နိုင်ငံခြား ရောက်လာတဲ့ အခါမှာ ခွေးအကြီး လှည်းနင်းသလို တအိအိနဲ့ ဘာမှ မပြောတတ်တော့ တာဘဲ တွေ့ဖူးပါတယ်။ တကယ်တော့ စာလုံး တစ်လုံးစီထက်၊ စာကြောင်း ဝါကျ တစ်ကြောင်း တည်ဆောက်ပြီး အဲဒီဝါကျကို လေယူလေသိမ်းနဲ့ အသံထွက် မှန်မှန် လေ့ကျင့်တာက ပိုလို့ စကားပြော ထိရောက်နိုင်မှာ ဖြစ်တယ်လို့ ထင်ပါတယ်။
ကျွန်တော်အနေနဲ့ ဘာသာရပ်စကား သင်ကြားနိုင်တဲ့ ဆရာမဟုတ်ပါဖူး။ သို့သော် မိမိ အတွေ့အကြုံနဲ့ လက်တွေ့စကားပြောတဲ့အခါ ကျွန်တော်ဟာ ထိုင်း စကား၊ ပြင်သစ် စကားနဲ့ အင်္ဂလိပ် စကားများကို အဲသည်လို ပုံစံများနဲ့ သူတို့ပြောတာ နားလည်လာအောင်၊ ကိုယ်ပြောတာ သူတို့နားလည်အောင် လေ့ကျင့်တဲ့ အတွက် နိုင်ငံခြားသားများနဲ့ ရေရေလည်လည် နားလည် သဘောပေါက်အောင် စကား ပြောဆိုနိုင်ခဲ့တာကို အခုလိုတင်ပြလိုက်ရခြင်းသာ ဖြစ်ပါတော့တယ်။
ရေးသားသူ - ကိုအောင်အောင်
Posted by ကိုတူး(မိတ္ထီလာ GTI)
Posted by ကိုတူး(မိတ္ထီလာ GTI)
No comments:
Post a Comment