Tuesday, August 23, 2011

ရပ်တည်မှု ခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများ အခြေအနေ

(သတင်းများပေါ် အခြေခံ၍ ကျွန်တော်လေ့လာသုံးသပ်မိသမျှ ပြန်လည်ဝေငှပါသည်။ မိမိတို့အမြင်များ၊ အတွေ့အကြုံများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးကြရန် ဖိတ်ခေါ်ပါသည်။)

(၁)

            စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် သူတို့နိုင်ငံသားများ အစာမကြေဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ ကွန်ပလိန်းများတွင် အများဆုံးကြားရသည်မှာ ကား၊ ရထားများတွင် လူများအလွန်ကြပ်သိပ်လာမှု၊ စင်ကာပူနိုင်ငံသားများထံမှ အလုပ်နေရာများကို လုယူမှု စသည်တို့ ဖြစ်ပါသည်။
            သူတို့ပြောကြဆိုကြသည်များကို အသာထား၍ စင်ကာပူတွင်ရောက်နေသော နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း လေ့လာကြည့်ကြပါစို့။


Table 1. Population Size and Growth
(www.singstat.gov.sg/pubn/popn/c2010acr/key_demographic_trends.pdf )

စင်ကာပူတွင် လာရောက်နေထိုင်၊ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ ဦးရေ (ရာခိုင်နှုံး)
ခုနှစ် 1980 1990 2000 2005 2006 2007 2008 2009 2010
စုစုပေါင်း 100 100 100 100 100 100 100 100 100
Sing Citizen 90.90 86.1 74.13 72.23 70.61 68.30 65.39 64.17 63.64
Sing PR 3.6 3.7 7.14 9.07 9.50 9.79 9.88 10.69 10.66
Non Residents 5.4 10.2 18.73 18.7 19.89 21.91 24.73 25.14 25.71

စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှု (တိုးတက်နှုံး)

အထက်ပါဇယားကို ကြည့်လျှင် စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့ရာ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ၁၅ ရာနှုံးမှ ၁၉ ရာနှုံးထိ မြင့်တက်လာသည်ကို တွေ့နိုင် ပါသည်။ ၂၀၀၈ ခုနှစ်တွင် ဤမျှများပြားလာသော နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကျေမနပ်ဖွင့်အံလာချက် များကြောင့် ပြန်လည်လျှော့ချခဲ့ရာ ၂၀၁၀ တွင် ၄.၁ ထိ ကျဆင်းသွားခဲ့သည်ကို တွေ့နိုင်ပါသည်။
            ထို့ကြောင့် ၂၀၀၀ ပြည့်နှစ်များက စင်ကာပူ PR ရရန် အလွန်ခဲယဉ်းခဲ့သော်လည်း S Pass ကို ၂၀၀၄ ဇူလိုင်လက စတင်ချထား ပေးခဲ့ပြီး S Pass holder များကို PR လျှောက်ခွင့်ပေးခဲ့ပြီးနောက် မြန်မာအများအပြား PR ဖြစ်လာခဲ့ကြသည်။  သို့အတွက် ၂၀၀၉ ခုနှစ်တွင် PR ချထားပေးခဲ့မှုမှာ ၁၁.၅ % ထိ မြင့်တက်ခဲ့သည်။ သို့သော် ဤကဲ့သို့ PR ချထားပေးခဲ့မှုများကို ၂၀၀၉ နှစ်တွင် ပြန်လည်တင်းကျပ်ခဲ့ရာ ယခင်က မြန်မာနိုင်ငံမှ GTI ပြီးလာခဲ့သူများပင် PR ရခဲ့ရာမှ ယခုအခါ NTU, NUS တို့မှ M.Sc ပြီးသူများကိုပင် PR ချထားပေးခြင်း မရှိတော့ပါ။
            Levy များကို တိုးမြှင့်လိုက်ကာ အလုပ်ခန့်ထားမှုများကိုလည်း ကြပ်လိုက်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများ လည်း လျော့ကျသွားခဲ့ရာ ယခုအခါ မြန်မာအများစုမှာ စင်ကာပူသို့ Visit Visa ဖြင့်လာရောက်အလုပ်ရှာရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရလျှက် ရှိပေသည်။ အလုပ်မရဘဲ ပြန်လည်ဆုတ်ခွာသွားရသူများ တစ်နေ့တခြား များပြားလာခဲ့သည်။

စင်ကာပူအစိုးရမှ Foreign Worker Levy များကို အဆင့်ဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ရာ ယခု သတ်မှတ်ထားသော Levy များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Ref: http://www.mom.gov.sg/foreign-manpower/foreign-worker-levies/Pages/...

မှတ်ချက်။            ။
(၁) Levy ဆိုသည်မှာ အလုပ်ရှင်ကသာ ပေးရန်ဖြစ်ပြီး အလုပ်သမားများထံမှ ဖြတ်ပိုင်ခွင့်မရှိပါ။ ယခု သိသာရုံမျှ ဖော်ပြခြင်းဖြစ်ပါသည်။
(၂) ဤဇယားမှာ ယခုနှစ်အတွက်သာ မှန်ပါသည်။ အစိုးရမှ Levy ကို ၂၀၁၃ ခုနှစ်ရောက်သည်ထိ နှစ်စဉ်တိုးမြှင့်သွားမည် ဖြစ်ပါသည်။

ဤတွင် Skilled ဟူသည် Low Levy စာမေးပွဲ အောင်ထားသူကို ခေါ်ပြီး Unskilled ဟူသည် High Levy တစ်နည်းအားဖြင့် Low Levy စာမေးပွဲ မအောင်ထားသူများကို ခေါ်ပါသည်။ Levy များအကြောင်း အသေးစိတ်သိလိုလျှင် ကျွန်တော်ရေးသော အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
Sector Dependency Ratio Workers Category Monthly Levy Rate (S$)
Manufacturing Tier 1 Skilled 180
Unskilled 280
Tier 2 Skilled 240
Unskilled 340
Tier 3 Skilled 450
Unskilled

Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀% မှ ၅၀% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၅၀ % မှ ၆၅% ထိရှိခြင်း

Sector Dependency Ratio Workers Category Monthly Levy Rate (S$)
Construction SC / SPR အချိန်ပြည့် အလုပ်သမား တစ်ဦး လျှင် WP ၇ ဦး               ခန့်နိုင်သည်။ Higher Skill + MYE 180
Basic Skill + MYE 230
Experience and excempted from MYE 380

Higher Skill : BCA မှ ထုတ်ပေးသော Trade Certificate ရှိပြီး စင်ကာပူတွင် ထိုအလုပ်နှင့် လုပ်သက် အနည်းဆုံး ၄ နှစ်ရှိသူ။ BCA မှ ထုတ်ပေးသော Trade Certificate အသေးစိတ်ကို http://www.bcaa.edu.sg/ListCPCF.aspx တွင်ကြည့်ပါ။

Basic Skill : BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်ရှိသူ။
BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်အကြောင်း အသေးစိတ်ကို ကျွန်တော်ရေးသော အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ်ပါကလည်း https://www.bca.gov.sg/academy/cop_Testcenters.aspx  တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

MYE : Man Year Entitlement, Construction sector အတွက် MYE ကို ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ၁၀% ထိ လျှော့ချလိုက်ပါသည်။ MYE အကြောင်းအသေးစိတ်သိလိုသူများ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

excempted from MYE : Construction တွင် အနည်းဆုံးလုပ်သက် ၂ နှစ်ရှိသူများမှ လျှောက်နိုင်ပါသည်။

Sector Dependency Ratio Workers Category Monthly Levy Rate (S$)
Marine SC / SPR အချိန်ပြည့် အလုပ်သမား တစ်ဦး လျှင် WP ၅ ဦး               ခန့်နိုင်သည်။ Skilled 180
Unskilled 300

Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀% မှ ၃၅% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၅ % မှ ၅၀% ထိရှိခြင်း

Sector Dependency Ratio Workers Category Monthly Levy Rate (S$)
Process SC / SPR အချိန်ပြည့် အလုပ်သမား တစ်ဦး လျှင် WP ၇ ဦး               ခန့်နိုင်သည်။ Skilled + MYE 180
Experience and excempted from MYE 380

Sector Dependency Ratio Workers Category Monthly Levy Rate (S$)
Services Tier 1 Skilled 180
Unskilled 280
Tier 2 Skilled 300
Unskilled 400
Tier 3 Skilled/ Unskilled 450

S Pass များအတွက် Levy မှာ ယခင်က တစ်လလျှင် ၅၀ ဖြစ်သော်လည်း ယခုအခါ အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။

မည်သည့် sector အတွက် မဆို Dependency Ratio Monthly Levy Rate (S$)
S Pass ဦးရေသည် စုစုပေါင်း ၀န်ထမ်း ဦးရေ၏ ၁၅% နှင့် အောက် 120
S Pass ဦးရေသည် စုစုပေါင်း ၀န်ထမ်း ဦးရေ၏ ၁၅% မှ ၂၅ % 180

နိုင်ငံသားများနှင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှု အခြေအနေ (2010 Labor Force Survey Findings)
(Ref: http://www.mom.gov.sg/statistics-publications/national-labour-marke...)

ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှုကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။

ခုနှစ် ၁၉၉၉ ၂၀၀၄ ၂၀၀၈ ၂၀၀၉ ၂၀၁၀
စုစုပေါင်း 100 100 100 100 100
Residents 72.25 74.01 65.59 65.53 65.28
Non Residents 27.74 25.98 34.40 34.46 34.71
Residents ဟု ဆိုရာတွင် စင်ကာပူနိုင်ငံသား (SC – Singapore Citizen) ရော၊ SPR (Singapore Permanent Resident) များပါ ပါဝင်ပါသည်။
Non Resident ဟု ဆိုရာတွင် အထက်ပါ SC နှင့် SPR မှကြွင်းသော အလုပ်သမားအားလုံးကို ခေါ်ပါသည်။

စင်ကာပူမှ အလုပ်လက်မဲ့နှုံး မှာ ဇွန်လ၊ ၂၀၁၁ စာရင်းများအရ အောက်ပါအတိုင်း ဖြစ်ပါသည်။
(Ref: http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listi...)

ဇွန်လ၊ ၂၀၀၉ - ၄.၅ % (ဦးရေအားဖြင့် - ၉၀၃၀၀)
ဇွန်လ၊ ၂၀၁၀ - ၃.၂ % (ဦးရေအားဖြင့် - ၆၅၅၀၀)
ဇွန်လ၊ ၂၀၁၁ - ၃.၀ % (ဦးရေအားဖြင့် - ၆၂၇၀၀)
ယခုနှစ်မတ်လကထက်စာလျှင် အလုပ်လက်မဲ့နှုံး အနည်းငယ်မြင့်တက်လာသည်။ တက္ကသိုလ်ပညာပြီးဆုံးသူများ အလုပ်ရှာမှု ပိုမိုများပြားလာသည့်အတွက် ဟု ဖော်ပြထားပါသည်။
အလုပ်လုပ်နေသူဦးရေ (ဇွန်လ၊ ၂၀၁၁)
ဒုတိယလေးလပတ်၊ ၂၀၁၁ - ၃၁၅၆၉၀၀ (၃ သန်း ၁ သိန်းကျော်)

(၂)

            စင်ကာပူတွင် အခြေခံလစာများကို ၂၀၀၁ ခုနှစ်က သတ်မှတ် ပြဌာန်းပေးလိုက်ပြီး (ငွေဖောင်းပွမှု များရှိနေသည့်တိုင်) မပြင်ဘဲ ထားခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုမျှ ကြာခဲ့ပါပြီ။ ယခုမူ နိုင်ငံခြားသား အလုပ်ခန့်ထားမှုကို တင်းကျပ်နိုင်စေရန် အခြေခံ လစာများကိုလည်း ပြင်ဆင်ခဲ့ရာ ယခုနှစ်တစ်နှစ်အတွင်း နှစ်ကြိမ်တိုင် ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။

ယခင်က အခြေခံလစာ နှုံးထားများမှာ -
S Pass Holder: S$1800 and above
Q1 Pass (EP): S$2500 and above
P2 Pass: S$3500 and above
P1 Pass: S$7000 and above - ဖြစ်၏။ ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထို နှုံးများကို အောက်ပါအတိုင်း ပြင်ဆင် ပြောင်းလဲလိုက်သည်။

S Pass Holder: S$2000 and above
Q1 Pass (EP): S$2800 and above
P2 Pass: S$4000 and above
P1 Pass: S$8000 and above

NDP 2011 တွင် ၀န်ကြီးချုပ်က Singaporeans come first ဟုလည်း ပြောပြီးရော ယခုမှ အသစ်စက်စက် ပြောင်းပြီးစ လခများကို ထပ်မံပြောင်းလိုက်ပြန်၏။ တစ်နည်းအားဖြင့် ကျွန်တော်တို့လည်ပင်းကို တစ်ထစ်ထပ်မံ တိုးညှစ်လိုက်ပြန်၏။ ထပ်မံ ပြင်ဆင်လိုက်သော အခြေခံလခများကား အောက်ပါအတိုင်း ဖြစ်ပါသည်။
(Ref: Yahoo News: MOM tightens Employment Pass criteria on 16 Aug, 2011)
(Ref: http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listi...)

MOM မှ ထုတ်ပြန်သော သြဂုတ်လ ၁၆၊ ၂၀၁၁ နေ့စွဲပါ ကြေငြာချက်

Enhancements to the Employment Pass Framework

 (New assessment criteria to take effect from January 2012)

 S Pass Holder: S$2000 and above
Q1 Pass (EP): S$3000 and above
P2 Pass: S$4500 and above
P1 Pass: S$8000 and above
လက်ရှိ EP များကို တစ်နှစ်သာ သက်တမ်းတိုးပေးမည်။ ယခုနှစ်ကုန်လျှင် ၂၀၁၂ မှစကာ လခနှုံးထားအသစ်ဖြင့် ထပ်မံ လျှောက်ရမည်ဟု ဖော်ပြထားသည်။ ဤအပြောင်းအလဲသည် ၃ သောင်းမျှသော အချို့ EP များအား အကျိုးသက်ရောက်မည် ဖြစ်သည်။ သို့သော် MOM က နိုင်ငံခြားသား အလုပ်သမားခန့်ထားမှုကိုမူ စုစုပေါင်း လုပ်သားဦးရေ၏ သုံးပုံတစ်ပုံ ၌ ထိန်းထားမည်ဟု ဆိုပါသည်။
၎င်းတို့အဆိုအရ စင်ကာပူစီးပွားရေး ဦးမော့လာချိန် ၂၀၁၀ တွင် EP လျှောက်ထားမှု သိသာစွာ မြင့်တက်လာပြီး ၂၀၁၀ ဇွန်လမှ ၂၀၁၁ ဇွန်လအတွင်း ၁၄% မှ ၂၈ % ထိ နှစ်ဆမျှ မြင့်တက်လာသည်။ ၎င်းကို ထိန်းရန် ယခုကဲ့သို့ လခများ ပြင်ရပါသည် ဟု ဆို၏။ ယခုအခါ EP Holder ၁၄၂၀၀၀ ထိ ရှိသည်ဟု ဖော်ပြထားပါသည်။
သို့သော်လည်း ၀န်ကြီးချုပ်က ဤကဲ့သို့ နိုင်ငံခြားသားများ၏ လည်ပင်းကိုညှစ်လိုက်ခြင်းသည် စင်ကာပူနိုင်ငံသားများ အား အော်တိုမက်တစ် လခကောင်းကောင်း၊ နေရာကောင်းကောင်းသို့ ရောက်ရပါစေမည်ဟု အာမခံခြင်းမဟုတ်ကြောင်း၊ သင်းတို့ ယှဉ်ပြိုင်ရမည်မှာ စင်ကာပူရောက် နိုင်ငံခြားသားများသာမဟုတ်ပဲ ကမ္ဘာ့အဆင့် လုပ်သားများဖြစ်ကြောင်း ထည့်သွင်း ပြောသွားတာလည်း တွေ့ရပါလေသေး၏။
            အမှန်ဆိုရလျှင် ဤကဲ့သို့ အခြေခံလစာ ပြောင်းလဲမှုများကို သူရို့ စင်ကာပူနိုင်ငံသားများ အပါအ၀င် တော်တော် များများမှာ မနှစ်သက်ကြပါ။

အထက်ပါသတင်း ထွက်ပေါ်လာပြီးနောက် ထိုသတင်းအပေါ် ဆွေနွေးချက် ၅၀၀ ခန့်ထွက်ပေါ်လာပါသည်။ အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။ မူရင်းဖတ်လိုသူများ http://sg.news.yahoo.com/blogs/singaporescene/mom-tightens-employme... တွင် ဖတ်နိုင်ပါသည်။ အသေးစိတ်ဆိုလျှင် ပျင်းစရာကြီးဖြစ်မှာစိုးပါသဖြင့် လိုတိုရှင်းပဲ ရေးလိုက်ပါ သည်။

-       ဒါဆို လခကို ၁၈၀၀ ဆိုပြီး အလုပ်ရှင်ကို ပြန်ပေးနေရတဲ့ သူတွေကျတော့ ဘယ်လိုပြောမလဲ။ ဆိုလိုတာက ပေးတဲ့ လစာကတော့ ၁၈၀၀ ဟုတ်ပါရဲ့။ ဒါပေမဲ့ တကယ်ရတာက ၁၅၀၀ ပဲဖြစ်ပြီး ၃၀၀ ကို အလုပ်ရှင်ကို ပြန်ပေးလိုက်ရတာ။ S Pass ဆိုပေမဲ့ တချို့ဆို ၁၂၀၀ ပဲရတယ်။ တချို့ ၁၀၀၀ ပဲရတယ်။
-       ဒီလို လခတိုးလိုက်တဲ့အပေါ် အလုပ်ရှင်တွေကတော့ ပျော်နေမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့က လခ ၃၀၀၀ ပေး ပါတယ်လို့ ပြမယ်။ တကယ့်တကယ်ကျတော့ ၂၂၀၀ ပဲပေးမယ်။ သူတို့က သပိတ်ဝင်အိတ်ဝင် တစ်လကို ၈၀၀ အမြဲ ပြန်ရနေမယ်။ တစ်ခါ Income Tax ပေးဘို့ကျတော့ အဲဒီ ၈၀၀ ပါ ထပ်သက်သာသွားပြန်တယ်။ ဒီလို လခ ပြောင်းလိုက်ရုံနဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ၀င်လာမှုကို ထိန်းနိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာပဲ။
-       အလုပ်သမားတွေက အလုပ်ရှင်ကို ဒီလိုပြန်ပေးနေရတယ် ဆိုတာ MOM အရာရှိတွေ သိနိုင်တာပဲ။ ဒါဖြင့် ဒီကိစ္စ ဘာကြောင့် အရေးမယူဘဲ ရေငုံနေကြသလဲ။
-       သူတို့ဘယ်လိုပြောင်းပါတယ် ဆိုစေ။ ဒီလို လိမ်ညာမှုတွေကတော့ အလုပ်ခန့်ထားရေးမှာ ရှိနေဦးမှာပဲ။ ဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံခြားအလုပ်သမားတွေကို ထိန်းနိုင်တယ် လို့ပြောတာ ဦးဏှောက်မရှိတဲ့သူတွေကိုပဲ ညာလို့ ရမှာပေါ့ကွယ်။ ဒါပေမဲ့ ငါတို့မှာလည်း တွေးတတ်ခေါ်တတ်တဲ့ ဦးဏှောက်ရှိတယ်ဆိုတာ မေ့မထားစေချင်ဘူး။
-       ဒီမှာ အလုပ်သမားတွေကို အလိမ်အညာ လခတွေနဲ့ခန့်နေတယ် ဆိုတာ MOM လူကြီးမင်းများကလွဲလို့ တစ်နိုင်ငံ လုံးသိတယ်။ MOM လူကြီးမင်းများခင်ဗျာ၊ စင်ကာပူတစ်ကျွန်းလုံးက ကော်ဖီဆိုင်ပိုင်ရှင်တွေဟာ သူတို့ဆီက ပြည်ကြီးတရုတ် ၀န်ထမ်းတွေဆီက ပိုက်ဆံတွေကို ပြန်ယူနေပါတယ်။ လူကြီးမင်းတို့ စားပွဲမှာထိုင်ပြီး ငိုက်မျဉ်းနေ မဲ့အစား အရေးယူဆောင်ရွက်ကြဘို့ တိုက်တွန်းလိုပါတယ်။
-       ဒီနေရာမှာ မစ္စတာ Tharman ကျန်ခဲ့တာတစ်ခု ပြောချင်ပါတယ်။ သူက နိုင်ငံခြားသားလို့သာ ပြောတာပါ။ တကယ်ဆို PR တွေနဲ့ ခုမှ ဖြစ်လာတဲ့ အသစ်ကျပ်ချွတ် စင်ကာပူနိုင်ငံသားတွေကိုရော ထည့်မတွက်သင့်ဘူးလား။ သူတို့လဲ ကျုပ်တို့ကို ပြိုင်နေတာပဲ။ ငါတို့မှာ စင်ကာပူနိုင်ငံသားတွေနဲ့ လည်ပတ်နေတဲ့ ဟာတွေ ရှိပြီးသားပဲ။ ဘာနောက်ထပ်မှ hawkers, lounge hostesses, KTV hostesses, cleaners, bartenders, sales assistants, warehouse workers etc တွေမလိုတော့ပါဘူး။ ခင်ဗျားတို့ဟာ တကယ့်စင်ကာပူနိုင်ငံသားစစ်စစ်တွေအတွက် ထည့်သွင်းစဉ်းစားတာများရှိပါသလား လူကြီးမင်းများ ခင်ဗျား။
-       ၂၀၁၀ မှာ စင်ကာပူမှာ မွေးတဲ့သူ စစ်စစ်ဟာ 57.36% ပဲ ရှိပါတယ်။ 43% က နိုင်ငံခြားသားလို့ ခေါ်ရမဲ့ ဟာတွေပါ။ အလဲ့ကွယ်၊ သဟာဖြင့် Singapore လို့ခေါ်မဲ့အစား Chinapore, Indiapore and Earthpore လို့ပဲ ခေါ်လိုက်ကြပါ စို့ရဲ့ အရပ်ကတို့။
-       Silverman 10 hours ago
JOB OPENING FOR ALL TRUE SINGAPOREAN ONLY
( PR and FT may apply using back door)

Position: MINISTER

Requirement:
1 ) Able to Alibaba talking convincingly is a MUST.
2 ) Uniform provided- white shirt and pants.

Job Scope
1) Always Smile.
2) Overtime work - (Field Allowance & TV Crew provided)
a- Go to field - Wet market and hawker center.
b- Shake anyone hand and "Say hello and how are you"
and quickly go to next person or next table...repeat again.

Salary : 1 million - Singapore Dollars
(တစ်ယောက်က ကလေးချီပြီး ဓါတ်ပုံအရိုက်ခံရမယ် ဆိုတာပါ ထပ်ထည့်ထားလိုက်သေး)။

ထိုမျှသာမက ၀န်ကြီးချုပ်က တက္ကသိုလ်တက်နေသူ စင်ကာပူနိုင်ငံသားဦးရေကို ယခုမှစ၍ ၄ နှစ်အတွင်း ၂၀၀၀ ထိ တိုးမြှင့်သွားမည်။ ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသားဦးရေကို ၁၄၀၀၀ ထိ ရောက်ရန် ရည်မှန်းထား သည် ဆို၏။

(၃)

အထက်ပါသတင်းများအပေါ် ဝေဖန်သုံးသပ်ချက်များ -

CNA News on 16 Aug 2011
ASME disappointed over stricter Employment Pass criteria  

Singapore Business Federation (SBF) ၏ CEO ဖြစ်သူ Mr. Ho Meng Kit က Levy များကို မြှင့်တင်ပြီး မကြာမတင်မီမှာ ပင် ယခုကဲ့သို့ လုပ်ခလစာများကို ပြင်ဆင်ခြင်းဖြင့် နိုင်ငံခြားသား လုပ်သားများ သိသာစွာကျဆင်းလိမ့်မည်မဟုတ်ပဲ အလုပ်ရှင် များ များသောအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises) ကို ကုန်ကျ စရိတ်များသာ တိုးမြင့်လာစေမှာဖြစ်ကြောင်း၊ အစိုးရအနေနှင့် စင်ကာပူနိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာစေရန် ဖန်တီးပေးရာတွင် PME (professional, manager, executive) အပါအင် အချို့အလုပ်များမှာ စင်ကာပူ နိုင်ငံသားများကို ဆွဲဆောင်မှုအားနည်းနေသေးတာကို လက်ခံရန်လိုကြောင်း ၊ EP နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အသံကိုလည်းနားထောင်ရန်လိုကြောင်း၊ EP များခန့်ထားမှုကို လျော့ကျသွားစေမည့် ပြင်၊ EP များခန့်ထားသည့် လုပ်ငန်းများကိုပါ ထိခိုက်သွားလိမ့်မည်ဖြစ်ကြောင်း  ထောက်ပြခဲ့ပါသည်။  

Tighter Employment Pass criteria could make S'pore less attractiveCNA News on 15 Aug 2011

DBS မှ senior economist ဖြစ်သူ Irvin Seah က ဒီလိုလုပ်လိုက်တာဟာ သူရမဲ့လခနဲ့ သူ့အရည်အချင်း၊ လုပ်ငန်းအတွေ့ အကြုံတွေကို ညီမျှအောင်လုပ်ပေးတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အခြေခံလစာတွေကို ငွေဖောင်းပွမှုနှုံးနဲ့အညီ ပြင်မပေးခဲ့တာ ခုဆို ဆယ်စုနှစ်တစ်ခုတောင် ရှိသွားပါပြီ။ ဒီလိုလုပ်တာဟာ နိုင်ငံခြားသားတွေ ၀င်လာမှုကို ဟန့်တားတာမှန်ပေမဲ့ တစ်ဖက်မှာ သူတို့ရဲ့ အရည်အချင်းကို ပိုမြင့်လာအောင် ကြိုးစားစေဘို့ တွန်းအားတစ်ခုဖြစ်ပါတယ် ဟု ပြောပါသည်။

Singapore Business Federation (SBF) က အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအနေနှင့် လက်ရှိတွင် သူတို့လုပ်ငန်း ကို ချဲ့ထွင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်၌ ယခုလို လုပ်လိုက်ခြင်းသည် ပိုမို၍ ခက်ခဲစေကြောင်း ပြောပါသည်။
ထို့ပြင် လုပ်ခများတိုးမြှင့်ရန် ဖိအားပေးခြင်းသည် ငွေဖောင်းပွမှုနှင့် နေထိုင်မှုစရိတ်မြင့်မားစေကြောင်းလည်း ဖော်ပြခဲ့ပါသည်။

CIMB Research မှ Regional economist ဖြစ်သူ Song Seng Wun က နာ့စ်ကဲ့သို့သော အလုပ်များတွင် ပေးထားသည့်လခ မှာ စင်ကာပူနိုင်ငံသားများအတွက် ဆွဲဆောင်မှုမရှိသော်လည်း နိုင်ငံခြားသားများကိုမူ ဆွဲဆောင်နိုင်စွမ်းရှိနေသေးကြောင်း၊ ကျန်းမာရေးလုပ်ငန်းကို တိုးချဲ့ရာတွင် ရာထူးအများအပြားကိုလည်း တိုးချဲ့ခန့်ထားရမှာ ဖြစ်သည့်အတွက် ကျန်းမာရေး အသုံးစရိတ် ပိုမိုမြင့်မားလာစေမှာဖြစ်ကြောင်း ပြောပါသည်။

အချို့ကတော့လည်း ဤကဲ့သို့လုပ်ခြင်းဖြင့် ရေရှည်မှာ အကျိုးရှိမည်ဟု မျှော်လင့်ကြပါသည်။

မစ္စတာလီ (၀န်ကြီးချုပ်) အား စင်ကာပူပိုလီကျောင်းသားတစ်ဦးက Work Permit ထက် တစ်ဆင့်မျှသာ ပိုမြင့်သည့် S Pass တစ်ဦးကို လခ ၁၈၀၀ ပေးရန် အဘယ်ကြောင့် သတ်မှတ်ထားပါသနည်း ဟု မေးသည် ဆို၏။ ဆိုလိုသည်မှာ ထို S Pass များအနေနှင့် လခ ၁၈၀၀ သာရသော်လည်း ထို့ထက်မကပိုရနေသော ဒီပလိုမာလက်မှတ်ကိုင် ၎င်းတို့နှင့် အလုပ်အကိုင် ရှာဖွေရာတွင် ပြိုင်ဘက်ဖြစ်နေသည်။ ထို့ကြောင့် သူတို့နှင့် တိုက်ရိုက်ရင်ဆိုင် ယှဉ်ပြိုင်ခိုင်းပါ ဟု ဆိုသတည်း။

ဝန်ကြီးချုပ်ကတော့ သူတို့ ခံစားချက်ကို မိမိနားလည်ပါသည်။ သို့သော်လည်း စင်ကာပူနိုင်ငံသားများနှင့် မလုံလောက်သော နေရာများတွင်မူ နိုင်ငံခြားသားများကို မလွှဲမရှောင်သာ သုံးနေရဦးမည် ဟု ပြောခဲ့ကြောင်းပါ ခင်ဗျား။

စင်ကာပူရောက်လာ ဒို့မြန်မာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
အစိုးရရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
မြန်မာအချင်းချင်း၊ လှည့်ပတ်ချင်း၊ ကင်းရှင်းကြပါစေ။

အေးငြိမ်း
၂၀ သြဂုတ်၊ ၂၀၁၁ နေ့လည် ၃ နာရီ မိနစ် ၅၀
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Blog: http://shwenyein.blogspot.com
Tel: (65)97303027
Email: y_nyein@yahoo.com.sg

***********************************************************************
Posted by ထွန်းမြင့်ဌေး

No comments:

Post a Comment