Friday, August 05, 2011

ဘုရားပေါင်း ၅ သိန်းကျော် ပြသနာ

ကျွန်တော် ဘယ်လိုမှ ထင်မှတ်မထားတဲ့ မေးခွန်းတစ်ခုကို အမေးခံလိုက်ရတယ်။ မေးသူက ကျွန်တော် လေးစားရသူ ဖြစ်နေတော့ ဒီမေးခွန်းကို စနစ်တကျဖြေမှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူမေးတာက ဘုရားပေါင်း ဂင်္ဂါဝဠု သဲစုမက ပွင့်ခဲ့တယ် ပြောရက်သားနဲ့ သမ္ဗုဒ္ဓေဂါထာထဲမှာ ဘာလို့ ဘုရားက ၅ သိန်းကျော်ပဲ ရှိနေရတာလဲ တဲ့။ ကျွန်တော်လည်း သမ္ဗုဒ္ဓေကို ဘုရားတွေသွားတဲ့အခါ ထည့်ရွတ်ဖြစ်တဲ့ ဂါထာပေမယ့် တစ်ခါမှ အဓိပ္ပါယ်ကို မရှာကြည့်ဖူးဘူး။ ဂါထာထဲမှာ အဋ္ဌတို့ ဝီသတိတို့ ပဉ္စတို့ စသဖြင့် အရေအတွက်တွေ ပါနေမှန်းတော့ သိတယ်။ ဒါပေမယ့် ဘာသိဘာသာပါပဲ။ ခုတော့ အဲဒါက ပြဿနာ ဖြစ်လာတယ်။ ဟိုရှာဒီရှာလုပ်တော့ အောက်က လင်္ကလာလေးကို သွားတွေ့တယ်။ ဒါကတော့ ဂိုဏ်းနည်းနည်းဆန်ပေမယ့် ဂိုဏ်းတွေ၊ ဗေဒင်တွေဟောစားရင်တော့ မှတ်ထားသင့်တာပေါ့။ လင်္ကလေးက “သမ္ဗုဒ္ဓေဟု ဆူဝေကျော်ကြား မြတ်ဘုရား၏ ကြီးမားတေဇော် ဂါထာတော်ကား ကွမ်းစားသတ္တော် ခေါင်းလျှော်ဒသ ဘတ္တတြိန်း ဆီလိမ်းပဉ္စ စီးထလှေမှာ ရှစ်ကြိမ်သာတည်း နံ့သာပန်းမျိုး ကိုးကြိမ်နှိုးလော့ မိုးချုပ်သည့်ခါ အိပ်ရာဝင်မူ ကိုးကြိမ်ဟူ၏ ရန်သူတွေ့မြောက် ဆယ့်တစ်ခေါက်တည့် စစ်ထိုးသောခါ ရွတ်ပါကိုးကြိမ် စံအိမ်သန္ဓေ မဖွားနေမူ ရေမှာကိုးခေါက် မန်း၍သောက်က ဖွားမြောက်ခဏ ချမ်းသာရ၏။” လို့ဖြစ်ပါတယ်။ မိန်းမ မီးဖွားခါနီး အဂုင်္လိမာလသုတ်မရရင် ရေကို ခွက်ထဲထည့် ဘုရားရှေ့သွားပြီး သမ္ဗုဒ္ဓေဂါထာကို ကိုးခေါက်ရွတ်လိုက်။ ပြီးရင် အဲဒီရေကို တိုက်လိုက်ရင် မီးဖွားပါတယ်တဲ့။ ဘုရားအမိန့်၊ တရားအမိန့်လေ။

ဘုရားဆုပန်လို့ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်ရပြီးနောက် ဘုရားလောင်းအမျိုးအစား သုံးမျိုးကွဲတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ပညာဓိက၊ သဒ္ဓါဓိက၊ ဝိရိယာဓိက ဆိုပြီးတော့လေ။ သောဘိတ၊ နာရဒနှင့် ဂေါတမစတဲ့ ဘုရားလောင်းတွေက ပညာဓိကဘုရားလောင်း ဖြစ်လို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရတယ်။ ဗြဟ္မဒေဝစတဲ့ ဘုရားလောင်းတွေက သဒ္ဓါဓိကဘုရားလောင်း ဖြစ်တဲ့အတွက် ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရပါတယ်။ (မူကွဲတော့ ရှိပါတယ်။) ကောဏ္ဍည၊ မင်္ဂလ၊ အနောမဒဿီနှင့် အရိမေတ္တေယျတို့လို ဘုရားလောင်းက ဝိရိယာဓိကဘုရားလောင်းဖြစ်လို့ ဆယ်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရပါတယ်။ ဒါပေမယ့်……
ဘယ်ဘုရားလောင်းမဆို သင်္ချေပေါင်း (၂၀) နှင့် ကမ္ဘာတစ်သိန်းတိတိ ကျင့်ကို ကျင့်ရပါတယ်။ ဒါကိုတော့ ပညာဓိက၊ သဒ္ဓါဓိကနှင့် မည်သည့်ဝိရိယာဓိက ဘုရားလောင်းမဆို ကျင့်ရပါတယ်။ ဘယ်လို ကျင့်ရတာလဲဆိုတာကို ကျွန်တော်တို့ လက်ရှိ ကိုးကွယ်နေတဲ့ ဂေါတမဗုဒ္ဓရဲ့ ဘုရားလောင်းသက်တမ်းကို ဥပမာ ပြပါ့မယ်။ ကျွန်တော်တို့ ဘုရားလောင်းဟာ စိတ်နှင့် ဆုပန်ခဲ့တဲ့ ကမ္ဘာပေါင်း (၇) သင်္ချေ၊ နှုတ်နှင့် ဆုပန်ခဲ့တဲ့ ကမ္ဘာပေါင်း (၉) သင်္ချေရှိခဲ့ပါတယ်။ ကိုယ်ရော နှုတ်ရော ဆုပန်ခဲ့တဲ့ ကမ္ဘာပေါင်းကတော့ သိတဲ့အတိုင်း (၄) သင်္ချေနှင့် တစ်သိန်း ရှိခဲ့ပါတယ်။ ဒါဆို သင်္ချေ (၂၀) ပြည့်မသွားဘူးလား။ အဲလိုပါပဲ။ အခြား အခြားသော ဘုရားလောင်းများကလည်း ကမ္ဘာပေါင်း သင်္ချေ (၂၀) နှင့် တစ်သိန်း ကျင့်ကြရပါတယ်။
“သင်္ချေ”ရေတွက်ပုံလေးကို အနည်းအကျဉ်းလေး ပြောပြပါ့မယ်။ မူကွဲတွေရှိပေမယ့် ကျွန်တော်ကြိုက်တဲ့ မူကိုပြောပြပါ့မယ်။ ကျွန်တော် ဟိုးငယ်ငယ်လေးကတည်းက ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲမှာပါတဲ့ အကြောင်းဆိုတော့ နည်းနည်းပါးပါးလွှဲတာ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအခါ ပြင်ဆင် ဖြည့်စွက်ပေးနိုင်ပါတယ်။ သင်္ချေဆိုတာက ကျွန်တော်တို့ ကမ္ဘာတစ်ခု ပျက်သွားရင် ဗြဟ္မာတွေက (၁) ကမ္ဘာလို့ ဗြဟ္မာတွေ မှတ်တမ်းမှာ မှတ်တမ်းတင်ထားပါတယ်။ နောက်ကမ္ဘာထပ်တည်ပြီး ထပ်ပျက်ရင် (၂) ကမ္ဘာလို့ သတ်မှတ်တယ်။ ဒီလိုနဲ့ တွက်သွားပေါ့။ ရာ၊ ဆယ်၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ စသဖြင့်ပေါ့။ ၁ နောက်မှာ သုညအလုံးပေါင်း ၁၄၀ ပြည့်သွားတဲ့အခါ (၁) သင်္ချေလို့ သတ်မှတ်လိုက်ပါတယ်။ (မူကွဲရှိပါတယ်)။ ဟုတ်ပြီ။ တစ်ကမ္ဘာဆိုတာကရော ဘယ်လောက် ကြာလဲ။
ကျွန်တော်တို့ လူ့သက်တမ်း (၁၀) နှစ်ကနေ နှစ်တစ်ရာအကြာမှာ (၁၁) နှစ် သက်တမ်း ဖြစ်ပါတယ်။ နောက် အနှစ်တစ်ရာ ကြာရင် လူ့သက်တမ်းဟာ (၁၂) နှစ်ဖြစ်ပါတယ်။ နှစ်တစ်ရာ ထပ်ကြာရင် လူ့သက်တမ်း (၁၃) နှစ်ဖြစ်ပါတယ်။ အဲလို နှစ်တစ်ရာကြာတိုင်း တစ်နှစ်တိုးနှုန်းနဲ့ တက်လာလိုက်တာ လူ့သက်တမ်းဟာ တစ်ဂဏန်းနောက်မှာ သုညအလုံးပေါင်း (၁၄၀) ပြည့်လာပါတယ်။ အဲဒီအခါ နှစ်တစ်ရာကြာတိုင်း လူ့သက်တမ်းဟာ တစ်နှစ်စီ လျော့လျော့လို့ လာပြန်ပါတယ်။ အဲလိုနဲ့ (၁၀) နှစ်ကို ပြန်ရောက်လာတယ်။ အဲဒီကာလကို အန္တရကပ်တစ်ကပ်လို့ ခေါ်ပါတယ်။ ကမ္ဘာ့သက်တမ်းဟာ အဲလို အန္တရကပ်ပေါင်း (၆၄) ကပ်ကြာပါတယ်။ ပြီးရင် ကမ္ဘာပျက်ပါတယ်။ ကမ္ဘာပျက်ချိန်ကော ဘယ်လောက် ကြာမယ်လို့ ထင်ပါသလဲ။ အန္တရကပ်ပေါင်း (၆၄) ကပ်ကြာပါတယ်ခင်ဗျ။ ပြီးရင် ကမ္ဘာတည်ပါတယ်။ ကမ္ဘာတည်ချိန်ပေါင်းကော ဘယ်လောက်ကြာတယ်လို့ ထင်ပါသလဲ။ အန္တရကပ် (၆၄) ကပ်ပါပဲခင်ဗျာ။ ကမ္ဘာတည်ပြီးနောက် ကမ္ဘာကြီးဟာ အရမ်းပင်ပန်းနေပါတယ်။ ဘယ်သူမှလဲ မတွေ့ရှိဘဲ ကာလပေါင်း များစွာ အရှိအတိုင်း သူ့သဘာဝနဲ့ သူနေနေပါတယ်။ အဲလို ကာလပေါင်းကလည်း အန္တရကပ် (၆၄) ကပ်ကြာပြန်ပါတယ်။ အဲဒီကာလလေးခုကို မဟာကာလ လေးခု၊ သို့မဟုတ် မဟာကပ်လေးကပ် လို့လည်း ခေါ်ကြပါတယ်။ အဲဒီ မဟာကပ်ပေါင်း လေးကပ်ဖြစ်တည်နေတဲ့ ကမ္ဘာကို တစ်ကမ္ဘာလို့ ခေါ်ပါတယ်။
ကဲ ကမ္ဘာအကြောင်းနှင့် သင်္ချေအကြောင်း ကြားဖြတ်ပြောပြီးတဲ့ နောက် ဘုရားပေါင်း (၅) သိန်းကျော် ပြဿနာကို ရှင်းပါတော့မယ်။ သမ္ဗုဒ္ဓေဘုရားရှိခိုး ဂါထာထဲက ဘုရားပေါင်းဟာ ကျွန်တော်တို့ ဘုရားလောင်း ပါရမီဖြည့်ခဲ့တဲ့ ကမ္ဘာပေါင်း သင်္ချေ (၂၀) နှင့် တစ်သိန်း ကာလမှာ ပွင့်ခဲ့တဲ့ ဘုရားအဆူပေါင်းပါ။ စုစုပေါင်း (၅၁၂၀၂၈) ဆူရှိပါတယ်။ ဘယ်လိုရှိခဲ့လဲ ဆိုတော့ ပါဠိလို စေတောပဏိဓာနခေတ် လို့ ပြောလို့ရတဲ့ စိတ်နှင့် ဘုရားဖြစ်ရပါလို၏လို့ ဆုတောင်းတဲ့ (၇) သင်္ချေအတွင်း ဘုရားပေါင်း (၁၂၅၀၀၀) ဆူ ပွင့်ခဲ့ပါတယ်။ နောက် ဝါစာပဏိဓာနခေတ်လို့ ပါဠိလိုခေါ်တဲ့ နှုတ်ဖြင့် ဆုတောင်းခဲ့တဲ့ (၉) သင်္ချေအတွင်း ဘုရားပေါင်း (၃၈၇၀၀၀) ဆူပွင့်ခဲ့ပါတယ်။ နောက်ဆုံး ပါဠိလို ကာယာဝါစာပဏိဓာနခေတ်လို့ခေါ်တဲ့ လူအများသိတဲ့ ကိုယ်ရော နှုတ်ပါ ပါရမီဖြည့်ခဲ့တဲ့ ကာလအတွင်းမှာတော့ ဘုရားအဆူပေါင်း (၂၈) ဆူသာ ပွင့်ခဲ့ပါတယ်။  အဲဒီ ပါရမီဖြည့်စဉ် ကမ္ဘာပေါင်း သင်္ချေ (၂၀) နှင့် တစ်သိန်းမှာ ပွင့်ခဲ့တဲ့ ဘုရားအဆူပေါင်းက (၅၁၂၀၂၈) ဖြစ်လို့ သဗ္ဗုဒ္ဓေဂါထာမှာ အဲလောက် ထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ ဂါထာက မျက်မှောက်ဆန်ဆန် ဂါထာဖြစ်ပါတယ်။
မေတ္တာမွန်ဖြင့်
ဂျေဂျူဝိုင်
www.jqy.myanmarfriendsday.net မှ ကူးယူ တင်ပြပါသည်။


Posted  by ထွန်းမြင့်ဌေး
  •                                                     



No comments:

Post a Comment