Monday, August 08, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၁)

Verb ရဲ့ အဓိပ္ပာယ်ကို ဖြည့်စွက်တဲ့ ပုဒ်၊ ( သို့မဟုတ် ) ပုဒ်စုကို Adverb ခေါ်ကြောင်း ဆွေးနွေးခဲ့ပြီ။ အချိန်၊ နေရာ၊ အကြောင်း၊ အကျိုး စသည်ဖြင့် အမျိုးမျိုးခွဲခြားပြီး လေ့လာကြရမယ်။
(a)Time
အချိန်ကို ပြောပြတဲ့ Adv Clause တွေမှာသုံးတဲ့ စကားလုံးများကတော့  when, while, after, before, as, as soon as, till ( until ), since, whenever တို့ပါပဲ။ အဓိပ္ပာယ်အရ ကွဲပြားကြပေမယ့် သုံးပုံသုံးနည်းကတော့ အတူတူပါပဲ။ Clause ရှေ့ကထားရတယ်။ အဲဒီ Clause ကိုတော့  ၀ါကျရှေ့မှာ၊ နောက်ဆုံးမှာ ( တခါတလေ အလယ်မှာ ) သင့်သလို ထားနိုင်ပါတယ်။
When I grow up, I will be a teacher. ( သို့မဟုတ် )
I will be a teacher, when I grow up.
ငါကြီးလာရင် ကျောင်းဆရာလုပ်မယ်။
When we got to Mandalay, it was already dark.
ငါတို့ မန္တလေးရောက်တော့ မှောင်နေပြီ။
When ကို မြန်မာလို တော့ ၊ တဲ့အခါ၊ ရင်၊ သောအခါ၊ သော် စသည်ဖြင့်အမျိုးမျိုး ပြန်ဆိုနိုင်ပါတယ်။
When ထက် လေးနက်စေချင်ရင် အကြိမ်ကြိမ်သဘောကို ဖော်ပြလိုရင် whenever ကို သုံးတယ်။ မြန်မာလို ( တိုင်း ) လို့ ပြန်ရတယ်။
Whenever I feel lonely, I listen to music.
ငါတစ်ယောက်တည်း ငြီးငွေ့တိုင်း သီချင်းနားထောင်တယ်။
Whenever I got to Mandalay, I visited the Maha Muni Pagoda.
ငါ မန္တလေးရောက်တိုင်း မဟာမုနိဘုရားကို သွားဖူးတယ်။
--- လျှင် ၊ ချင်းဆိုတဲ့ မြန်မာအဓိပ္ပာယ်ကို ဖော်ပြဖို့ as soon as ကို သုံးပါတယ်။
As soon as he saw the police, the thief ran off.
ရဲကို မြင်လျှင်မြင်ချင်း သူခိုးထွက်ပြေးတယ်။
တစ်ခုခုလုပ်တုန်း၊ လုပ်ဆဲ၊ လုပ်နေစဉ်ဆိုတဲ့ သဘောကို ပြောချင်လျှင် while ကို သုံးတယ်။
Make hay while the sun shines. ( စကားပုံ )
နေပူတုန်း မြက်ခြောက်လှန်းပါ။ ( လသာတုန်း ဗိုင်းငင်ပါ )
While I was walking to school, I met a stranger.
ငါကျောင်းသွားစဉ် လူစိမ်းတစ်ယောက်နဲ့ တွေ့တယ်။
While အစား as ကို သုံးနိုင်တယ်။ အဓိပ္ပာယ်တူတယ်။
As I was walking to school, I met a stranger.
တစ်ခုခု လုပ်ပြီးတဲ့နောက်လို့ ပြောချင်လျှင် after ကို သုံးတယ်။
After I had read my lessons, I went to bed.
စာဖတ်ပြီးတဲ့နောက် ငါအိပ်ယာဝင်ခဲ့တယ်။
Answer the questions after you have read the passage.
စာပိုဒ်ကို ဖတ်ပြီးနောက် မေးခွန်းများကို ဖြေပါ။
မလုပ်ခင်၊ မလုပ်မီဆိုတဲ့ သဘောကို ဖော်ပြဖို့ before ကို သုံးတယ်။
Look before you leap. ( စကားပုံ )
မခုန်ခင် ကြည့်ပါ။
Before we make any decision, Let us consider the facts.
ဆုံးဖြတ်ချက်မချခင် အချက်အလက်တွေကို စဉ်းစားကြရအောင်။

မှတ်ချက်။.......... ။ before ဆိုတဲ့ စကားလုံးထဲမှာ ( မ ) ဆိုတဲ့ မြန်မာစကားလုံးရဲ့ အနက်က ပါသွားပြီ။ ဒါကြောင့် ( ငါမလာခင် ) လို့ ဆိုလျှင် before I come လို့ ဖြစ်တယ်။ တစ်ချို့ ကျောင်းသားများကို မြန်မာလိုက အင်္ဂလိပ်လို ဘာသာပြန်ခိုင်းလျှင် before I do not come လို့ ဖြစ်သွားတတ်တယ်။ အဲလိုမဖြစ်အောင် ဂရုစိုက်ပါ။ till နဲ့ until ဟာ အတူတူပါပဲ။ အထိ၊ တဲ့အထိ၊ တိုင်အောင် စသည်ဖြင့် မြန်မာလို ပြန်ရတယ်။
Wait till I come back.
ငါပြန်လာတဲ့အထိ စောင့်နေပါ။
We talked and talked until the clock struck twelve.
၁၂ နာရီထိုးတဲ့အထိ ငါတို့စကားပြောပြီးရင်း ပြောနေခဲ့ကြတယ်။
( ငါတို့ စကားပြောကောင်းနေလိုက်ကြတာ ၁၂ နာရီထိုးသွားရော ) လို့ ပြောလည်းရတယ်။
Since ဆိုတာ မြန်မာလို ( ကတည်းက ) လို့ ဖြစ်တယ်။ သူနဲ့တွဲလျက် verb ဟာ present perfect သုံးရတယ်ဆိုတာကို သတိရပါလေ။
Since he came here we have had nothing but trouble.
သူဒီကို ရောက်လာကတည်းက ဒုက္ခပဲ ကြုံခဲ့ကြရတယ်။
I have known her since I was a child.
ကလေးဘ၀ ကတည်းက ငါ သူ့ကိုသိခဲ့တာ။
မှတ်ချက်။.........။ since ကို noun နဲ့လည်း တွဲနိုင်တာကို သိမှာပေါ့ ။ Since March- မတ်လကတည်းက၊ since my childhood - ကလေးဘ၀ကတည်းက ဆိုတာမျိုးဟာ N နဲ့ တွဲတာဖြစ်တယ်။ အခု ကျနော်တို့ဆွေးနွေးနေတာ Clause ဖြစ်တယ်။
ဒီတော့  since နဲ့ S x V ရှိရတယ်။
(b) Place
နေရာကို ဖော်ပြတဲ့ Adv Clause မှာ သုံးတဲ့စကားဆက်ကတော့ where ပါပဲ။ လေးနက်စေချင်ရင် wherever ကို သုံးတယ်။ မြန်မာလိုကတော့ where - ရာ၊ နေရာ၊ wherever - ( ရာရာ ) လို့ ပြန်နိုင်ပါတယ်။
Where there is a will, there is a way.
အလိုဆန္ဒရှိလေရာမှာ နည်းလမ်းရှိတယ်။ ( စကားပုံ )
I will put where nobody can see it.
ဘယ်သူမှ မမြင်နိုင်ရာမှာ ထားလိုက်မယ်။
Wherever you are, remember your country.
ရောက်လေရာရာ၊ ကိုယ့်တိုင်းပြည်ကို သတိရပါ။
( ဘယ်ရောက်ေ၇ာက်၊ ကိုယ့်တိုင်းပြည်ကို သတိရပါ။ ) လို့ ပြန်မယ်ဆိုလည်း ပြန်နိုင် ပါသေးတယ်။
မှတ်ချက်။.........။ when နဲ့ where ကို Adj Clause မှာလည်း သုံးတာကို မှတ်မိပါလိမ့်မယ်။ စကားလုံးတစ်လုံးဟာ အလုပ်အမျိုးမျိုးလုပ်တာ ထုံးစံပါပဲ။ N ကို ညွှန်းတဲ့အခါ Adj လို့ ခေါ်ပြီး၊ V အဓိပ္ပာယ်ထဲကို ဖြည့်စွက်ပြောတဲ့အခါ Adv လို့ သတ်မှတ်လိုက်တာပါပဲ။ နောင် N Clause မှာလည်း သူတို့ကို သုံးတာ တွေ့ရလိမ့်ဦးမယ်။
(c) Reason
အကြောင်းကို ဖော်ပြတဲ့ Adv Clause မှာ သုံးတဲ့ စကားဆက်တွေကတော့ because, as, since တို့ပါပဲ။ အားလုံး ( လို့ ၊ လို့မို့ ၊ အတွက် ၊ အတွက်ကြောင့် ၊ သဖြင့် ) စသည်ဖြင့် ဘာသာပြန်ရတယ်။
Because he worked hard, he succeeded.
သူကြိုးစားလို့ အောင်မြင်ခဲ့တယ်။
As it was getting dark, we decided to stop.
မှောင်လာပြီမို့ ငါတို့ရပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
Since I have no money, I can’t buy a computer.
ပိုက်ဆံမရှိလေတော့ ငါ ကွန်ပျူတာ မ၀ယ်နိုင်ပါ။
မှတ်ချက်။.......။ because ကို ( အဘယ့်ကြောင့်ဆိုသော် ) လို့ ဘာသာပြန်ကြတာ အလွန်ပဲ မှားယွင်းနေတယ်။ Adv of Reason အဓိပ္ပာယ်ကို ပျောက်သွားစေတယ်။
because ကို ( အဘယ့်ကြောင့်ဆိုသော် ) လို့ သင်လိုက်တဲ့အတွက် ဆိုးကျိုးနှစ်ခု ကြုံတွေရတယ်။
(၁) ကျောင်းသားက ပင်မပုဒ်စုမပါဘဲ because နဲ့ စတင်ကာ ၀ါကျတစ်ခုတည်း ရေးတော့ တယ်။ ဥပမာ- Because it was raining. ( ဘာမှတွဲလျှက်မပါဘူး ၊ မိုးရွာနေလို့ ဘာဖြစ်သလည်း ပြောမပြတော့ ဘူး။) because I am poor. စသည်ဖြင့်...
(၂) ၀ါကျကို အလယ်မှာသာ ထားတတ်ပြီး ၀ါကျရှေ့က ထားမရေးတတ်တော့ဘူး။ တကယ်က ( အဘယ့်ကြောင့်ဆိုသော် ) ဆိုတဲ့ မြန်မာစကားနဲ့ တူညီတဲ့ အင်္ဂလိပ်စကားလုံးက for ဖြစ်တယ်။
The cocks began to crow, for it was dawn.
ကြက်တွေ တွန်ကြပြီ။ အဘယ်ကြောင့်ဆိုသော အရုဏ်ကျင်းပြီတည်း။
For ကို ၀ါကျတစ်ခုတည်းမှာ သူ့ချည်းသုံးနိုင်ပါတယ်။
The cocks began to crow. For it was dawn. ( ၀ါကျနှစ်ခု )
Adv of Reason မှာ because ဟာ အသုံးအများဆုံးဖြစ်တဲ့အတွက် သူ့ကို ( လို့ ၊ ကြောင့် ၊ သဖြင့် ) ဆိုတဲ့ အဓိပ္ပာယ်နဲ့ ခပ်များများလေး လေ့ကျင့်ပေးသင့်တယ်။
Because you are lazy - မင်းပျင်းလို့….
Because I am ill - ကျနော် ဖျားလို့ …..
Because he is rich - သူချမ်းသာလို့ …..
Because it is hot - ပူလို့ …..
Because it is cold - အေးလို့ …..
Because we are working - ငါတို့ အလုပ်လုပ်နေလို့ …. စသည်ဖြင့် ။
(d) Result
အကျိုးသက်ရောက်မှု့ကို ဖော်ပြဖို့အတွက် so … that နဲ့ such… that တို့ကို သုံးတယ်။ so နဲ့ that ကြားမှာ Adj ( or ) Adv ကို ထည့်ရပြီး such နဲ့ that ကြားမှာ Noun ထည့်ရတယ်။
He is so helpful that people love him.
သူက ကူညီတတ်လို့ သူ့ကို လူတွေက ချစ်ကြတယ်။
He ran so fast that he caught the train.
သူမြန်မြန်ပြေးသမို့ မီးရထား မှီသွားတယ်။
He is such a fool that he believes them.
သူက အမိုက်အမဲမို့ သူတို့ကို ယုံကြည်နေတယ်။
They are such good students that they do well in the examination.
သူတို့က တော်တဲ့ ကျောင်းသားတွေမို့ စာမေးပွဲ ကောင်းကောင်းဖြေနိုင်ကြတယ်။
so တို့ such တို့ဟာ အမြဲတမ်း ၀ါကျရဲ့ အလယ်ချည်း မဟုတ်ပါဘူး။ သက်ဆိုင်ရာ adj က ၊ noun က ရှေ့မှာရှိလျှင် သူတို့ကလည်း ၀ါကျရှေ့ ရောက်သွားကြတာပါပဲ။
So many people came that we found nowhere to sit.
လူတွေများလာလွန်းလို့ ငါတို့တွေ ထိုင်စရာမရတော့ ဘူး။
Such a huge crowd gathered that we were alarmed.
လူအုပ်ကြီး စုလာပုံကြီးမားလွန်းသမို့ ငါတို့တွေ လန့်ဖျပ်ကုန်ကြတယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment