Wednesday, August 10, 2011

မြန်မာ့ပထမဆုံး မြေအောက်ရထားလိုင်း


မြန်မာ့ပထမဆုံး မြေအောက် မီးရထားလမ်းကြောင်းကို ရုရှား၏ အကူအညီဖြင့် နေပြည်တော်တွင် စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်း ယခုလ ၄ ရက်နေ့ထုတ် The Moscow News သတင်းစာနှင့် အင်တာနက် သတင်းများ အရ သိရှိရသည်။ အမည်မဖော်လိုသော စီမံကိန်းဗိသုကာ တစ်ဦးကို ကိုးကား၍ သတင်းထုတ်ပြန်လိုက်သော The Voice of Russia ရေဒီယိုက ရထားလမ်း တိုင်းထွာခြင်း၊ ဒီဇိုင်းထုတ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် မော်စကိုမြို့ပတ်လိုင်းထက် ၃ ဆ ပို၍ ရှည်လျားကြောင်း ပြောကြားခဲ့သည်။
နေပြည်တော်ရှိ မြန်မာ့ပထမဆုံး မြေအောက်ရထားလမ်းသည် အရှည် ၃၁ မိုင် (၅၀ ကီလိုမီတာခန့်) ဖြင့် စတင်မည် ဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ဒီဇိုင်းနှင့် နည်းပညာများကို အသုံးပြု တည်ဆောက်သွားမည် ဖြစ်ကြောင်း ကြားသိရသည်။
စီးပွားရေး မြို့တော် ရန်ကုန်တွင် မြေအောက်ရထား မစတင်ဘဲ အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် တည်ဆောက်ရခြင်းသည် ၀န်ထမ်းများ သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။
ယနေ့ကမ္ဘာပေါ်တွင် မြေအောက်ရထားလမ်း နည်းပညာ၌ ဂျပန်ပြီးလျှင် ရုရှားက အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

Posted By မောင်စူးစမ်း (MTLA GTI)

No comments:

Post a Comment