Wednesday, September 14, 2011

ပြည်ပမှ ကားတင်သွင်းခွင့်များ ပေးတော့မည့် မြန်မာပြည်

သက်တမ်းရင့် ကားအိုကား ဟောင်းများအား ပယ်ဖျက်ကာ ကားသစ်များဖြင့် အစားထိုးခွင့် ပြုသွားမည့်အပြင် ပြည်ပမှ ကား တင်သွင်းခွင့်များအား အကန့်အသတ်ဖြင့် ပေးရန်အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။ 
ပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီး သွားလာမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံခြားတွင် တရားဝင်သွားရောက်အလုပ် လုပ်နေသူများနှင့် သင်္ဘောသားများ သည် နိုင်ငံတော်ဘဏ်များတွင် တရားဝင်နိုင်ငံခြားငွေစုဆောင်းထားရှိပါက မော်တော်ယာဉ်ဝယ်ယူခွင့် ပါမစ်အား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနှင့်ထိုင်း နိုင်ငံတို့မှ နိုင်ငံခြားကားထုတ်လုပ်သည့် ကုမ္ပဏီများနှင့်ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် ယာဉ်အရောင်းပြခန်း Show Room များ ဖွင့်လှစ်ရောင်းချနိုင်ရေး ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်းသိရသည်။ 
ထိုသို့အရောင်းပြခန်း Show Roomများမဖွင့်လှစ်နိုင်မီသေးမီ ကာလအတွင်း၌မူ ကားအိုကားဟောင်းများ ဖြစ်သည့် မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ကျော်ယာဉ်များကို ယာဉ်သစ်များဖြင့် လဲလှယ်ရာ၌ ကားဝယ်ယူခွင့်ပါမစ်များဖြင့်သာ နိုင်ငံခြားမှတင်သွင်းကြရမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထုတ်ပြန်ချက်အရ နိုင်ငံတော်ရှိ အများပြည်သူအနေဖြင့် မော်တော်ယာဉ်အရောင်းပြခန်း Show Room များမှဖြစ်စေ၊ နိုင်ငံခြားမှမှာယူတင်သွင်း၍ဖြစ်စေ မိမိတတ်နိုင်သောငွေကြေးဖြင့် လွတ်လပ်စွာ ၀ယ်ယူ သုံးစွဲခွင့်ရသည်အထိ ဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ထုတ်ပြန်ပေးမှုအပေါ် လုပ်ငန်းရှင်များနှင့် စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များတွင်ပါဝင် လုပ်ဆောင်နေသူများက ထင်မှတ်မထားသည့် အပြောင်းအလဲတစ်ခု အားဖြေလျော့ပေးခြင်းဖြစ်၍ ဆက်လက်၍ အများပြည်သူ မျှော်လင့်နေသည့် အပြောင်းအလဲများအတွက်ပါ မျှော်လင့်ချက်ထား၍ ရလာနိုင်ကြောင်း သုံးသပ်ကြသည်။
“လုပ်သင့်တာ ကြာခဲ့ပါပြီ။ လုပ်သင့်တာ ကြာခဲ့တာကို လုပ်ပေးတဲ့ အတွက် အစိုးရသစ်ရဲ့ လုပ်ဆောင်ပေးမှုအပေါ် ကြိုဆိုပါတယ်။ ဒီပြောင်းလဲပေးမှု တစ်ခုကိုကြည့်ပြီး နောက်ပိုင်း မျှော်လင့်ထားတဲ့ အပြောင်း အလဲတွေအတွက်တော့ မျှော်လင့်ချက်တွေ ပိုရှိလာပါတယ်”ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်ကလည်း ပြောကြားခဲ့ပါသည်။
“အများပြည်သူ သယ်ယူပို့ဆောင်စရိတ်တွေမြင့်တက်မှု ဒဏ်ခံရတာတွေ လျော့ကျသွားနိုင်သလို အများပြည်သူ အန္တရာယ်ကင်းတဲ့ကား အသုံးပြုခွင့်ရမှာပါ။ အဲဒီအတွက် အစိုးရသစ်ရဲ့ပြောင်းလဲပေးမှုကို ကြိုဆိုပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်သန်းဦးက သုံးသပ်ခဲ့သည်။
“ထုတ်ပြန်ထားချက်အရဆိုရင် နိုင်ငံခြားငွေတရားဝင်ရရှိပြီး ဘဏ်တွေမှာစုဆောင်းထားတာရှိတဲ့သူ ဘယ်သူမဆိုကို ပါမစ်ပေးသွားမယ်လို့ ပါရှိတယ်။ နိုင်ငံခြားငွေ မရှိသေးတဲ့သူတွေကတော့ အနာဂတ်မှာ နောက်တစ်ဆင့် အနေနဲ့ပေးမယ့် သဘောလည်းပါရှိတယ်။ အခု အကန့်အသတ်လေး ရှိတယ်ဆိုပေမယ့်လည်း တစ်ဆင့်ချင်းပြောင်းလဲသွားမှာဖြစ်လို့ အစိုးရသစ်ရဲ့ အခု ထုတ်ပြန်ချက်အပေါ်မှာ ၀မ်းသာကြိုဆိုပါတယ်။ လွယ်လွယ်နဲ့လုပ်မပေးပါဘူးလို့ ထင်ထားတဲ့အရာတစ်ခု ကိုလုပ်ပေးခဲ့တာမြင်ရလို့ နောက်ပိုင်းမှာလည်း အများပြည်သူမျှော်လင့်နေတဲ့ အပြောင်းအလဲတွေအထိ သွားမယ်ဆိုတာကိုပါ ယုံကြည်စိတ် ဖြစ်လာတယ်လို့ ပြောရမှာပါ။ ကြိုဆိုပါတယ်။ ကားတင်သွင်းခွင့်ပိတ်ထားလို့ အများပြည်သူ သယ်ယူပို့ဆောင် စရိတ်ကြီးမြင့်တာတွေ ခံစားနေရတာတွေပါ လျော့ကျသွားမှာဖြစ်လို့ ၀မ်းသာစရာပါ။ မီဒီယာတွေကလည်း ကားတင်သွင်းခွင့်ပိတ်ထားတဲ့ကိစ္စကို မကြာခဏရေးသားကြသလို ကျွန်တော်တို့ အသင်းအဖွဲ့တွေ အနေနဲ့လည်း တင်ပြမှုတချို့ ရှိခဲ့ကြတယ်။ ဆိုလိုတာက မီဒီယာတွေရဲ့ ဖော်ပြချက် ကျွန်တော်တို့လုပ်ငန်း ရှင်တွေရဲ့ တင်ပြချက်တွေကို အလေးထားပေးတာတွေ့ရလို့ နောက်ဆိုရင် ဘာအခက်ခဲပဲရှိရှိ တင်ပြရဲလာကြတော့မှာဖြစ်လို့ အစိုးရသစ်နဲ့ ပြည်သူဆက်ဆံရေးက ပိုပြီးတန်ဖိုးရှိလာတယ်လို့ မြင်ပါတယ်။ အရင်ကလို ချင့်ချိန်ပြီး တင်ပြနေရတာ မျိုးတွေမရှိလို့ပိုပြီး မြင်သာလာမယ် လို့ထင်ပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းကြိုင်က သုံးသပ်ပြောကြားခဲ့ပါသည်။
Posted by မောင်စူးစမ်း(MTLA GTI)

No comments:

Post a Comment