Tuesday, September 27, 2011

သက်တမ်းရင့်ကားဟောင်းများ အစားထိုးဝယ်ယူလိုသူများ အွန်လိုင်းမှတဆင့် ကြည့်ရှုဝယ်ယူနိုင်ပြီး မြန်မာနိုင်ငံသို့ အရောင်းတင်သွင်းပေးမည်


(နေပြည်တော်တွင် ကားအို၊ ကားဟောင်းများ လာရောက်အပ်နှံစဉ်)
ပြည်ပနိုင်ငံများရှိအွန်လိုင်းဝက်ဘ်ဆိုက်များတွင် ရောင်းချပေးလျက်ရှိသော မော်တော်ယာဉ်အသစ်များ၊ တစ်ပတ်ရစ်များအား အွန်လိုင်းတွင် စိတ်ကြိုက်ကြည့်ရှုရွေးချယ် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ယင်းအား ၀န်ဆောင်မှုပေးလျက်ရှိသော DE FAMILY အွန်လိုင်းစတိုးမှ သိရသည်။
ယာဉ်သက်တမ်းကြာမြင့်သော ယာဉ်များအားအပ်နှံကာ ပြည်ပနိုင်ငံများမှ ၁၉၉၅ နှင့်အထက် မော်ဒယ်လ် မော်တော်ယာဉ်အသစ်များတင်သွင်းခွင့်အား စက်တင်ဘာ ၁၉ ရက်မှစတင် ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းသို့လုပ်ဆောင်ရာတွင် အချိန်မပေးနိုင်သောသူများအတွက် ကားဟောင်းအပ်နှံသည့် အချိန်မှစတင်ကာ မော်တော်ယာဉ် အသစ်ရောက်ရှိချိန် နံပါတ်ထွက်ရှိသည့်အချိန်အထိ ၀န်ဆောင်မှုပေးလျက်ရှိကြောင်း DE FAMILY အွန်လိုင်းစတိုးမှ CEO  ကို Lဒေးရောင်ကပြောကြားသည်။
“အလုပ်စအပ်တဲ့နေ့မှာ စရံငွေတစ်သိန်းကို ကားပိုင်ရှင်ကပေးရပါမယ်။ အဲဒီကမှစပြီး ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေစုမယ်။ ပြီးရင် က.ည.နမှာ ကားသွားအပ်မယ်။ ကားတင်သွင်းခွင့်ပါမစ် ရဖို့အတွက်စပြီး ဆောင်ရွက်ပေးမယ်။ ပါမစ်ကျလာပြီဆိုရင် ပြည်ပကမော်တော်ယာဉ်တွေကို အွန်လိုင်းကတစ်ဆင့်ကြည့်ရှုပြီး မိမိနှစ်သက်တဲ့ ဒေါ်လာ ၃,၅၀၀ တန်ဖိုး အောက်ကားတွေကို စိတ်ကြိုက်ရွေးဝယ်ယူနိုင်အောင် ၀န်ဆောင်မှုပေးပါတယ်။ အွန်လိုင်းမှာ စပြီးကားမှာယူတဲ့နေ့မှာ ကားဖိုးငွေကို အွန်နီ (Earning) ပြည်ပပို့ကုန်ရငွေတန်ဖိုး လက်ရှိပေါက်ဈေးနဲ့ တွက်ချက်ပေးချေရမှာ ဖြစ်ပါတယ်။ ကားဝက်ဘ် ဆိုက်ကတော့ www.tradecarview.com ကရှာပေးပါတယ်။ တခြားဝက်ဘ်ဆိုက်တွေက ၀ယ်ချင်ရင်လည်းရပါတယ်။ ဒီက ဆိပ်ကမ်းရောက်တဲ့အထိ ဘယ်လောက်ကျသင့်မယ်ဆိုတာတွေကိုလည်း တွက်ချက်ပေးပါတယ်။
ကားတန်ဖိုးကိုလည်း ဈေးထပ်ဆစ်လို့ရရင် ဆစ်ပေးပါတယ်။ တချို့ကားတွေကျတော့ လျှော့ပေးသလို တချို့ကျတော့လည်း ကပ်ထားတဲ့ဈေးထက် ထပ်မလျှော့တာလည်းရှိတယ်။ ဒါကတော့ ကားပေါ်မှာ မူတည်ပါတယ်”ဟု ကို Lဒေး ရောင်က ဆက်ရှင်းပြသည်။
ကားစတင်အပ်နှံသည့်အချိန်မှ ကားသစ်ရရှိသည့်အချိန်အထိ ၀န်ဆောင်မှုပေးပြီး ၀န်ဆောင်ခမှာကျပ်ငွေ ၁၀ သိန်း ပေးချေရမည်ဖြစ်ကြောင်း၊ ကားအသစ်၏ တန်ဖိုးငွေ၊ သင်္ဘောတင်ဆောင်ခ နှင့် သက်ဆိုင်ရာဌာနအလိုက် ပေးသွင်းရမယ့် အခွန်အခများကို ပိုင်ရှင်မှပေးသွင်းရပြီး အခြားကိစ္စရပ်များအတွက် ကုန်ကျစရိတ်ကိုမူ ၀န်ဆောင်ခငွေထဲတွင် တစ်ပါတည်းပါရှိသောကြောင့် ယာဉ်ပိုင်ရှင်မှ ပေးဆောင်ရန်မလိုအပ်ဟု ကိုLဒေးရောင်က ရှင်းပြသည်။
“အားလုံးပေါင်းဝန်ဆောင်ခက မြန်မာငွေကျပ် ၁၀ သိန်းပဲ ကုန်ကျမှာပါ။ ကျွန်တော်တို့ဆီကို ကားဟောင်းရယ်၊ ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အပြည့်အစုံ ပဲလာအပ်ထားရုံပါ။ ကားသစ် ဒီကိုရောက်တဲ့အထိကို ၀န်ဆောင်မှုပေးမှာပါ။ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းက လုပ်တာ မဟုတ်ပါဘူး။ Export Earning  ရှိတဲ့တခြား ကျွန်တော်တို့ရဲ့ ညီနောင် ကုမ္ပဏီနှစ်ခုလည်းပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်မှာလည်း အကောင် (account)့ ရှိပါတယ်။ Myanmar National Service ကုမ္ပဏီလီမီတက်နဲ့ Myanmar Yoshida Trading  ကုမ္ပဏီနှစ်ခုအပါအ၀င် ကုမ္ပဏီသုံးခုပါ။ နောက်တစ်ခုကတော့ လိုင်စင်လျှောက်ထားပါတယ်။ သုံးခုပူးပေါင်းပြီး ၀န်ဆောင်မှု ပေးတာပါ။ အကယ်၍ ယာဉ်ပိုင်ရှင်ဘက်က ယုံကြည်မှုအရ ကုမ္ပဏီက MD တွေနဲ့တိုက်ရိုက် စာချုပ်ချုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က လုပ်ပေးပါတယ်”ဟု ပြောပြသည်။
သက်တမ်းရင့်ကားအိုကားဟောင်းများ လဲလှယ်ရာတွင် သက်တမ်းနှစ် ၄၀ ကျော်အတွင်း ပါဝင်သောကားများအား စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာလ အတွင်းလည်းကောင်း၊ သက်တမ်းနှစ် ၃၀ မှ ၄၀ ကြား ကားများအား နိုဝင်ဘာလမှ ဒီဇင်ဘာလတွင်လည်းကောင်း၊ သက် တမ်းနှစ် ၂၀ မှ ၃၀ ကြား ကားများအား ၂၀၁၂ခုနှစ် ဇန်န၀ါရီလမှ မတ်လအတွင်းလည်းကောင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။ ယင်းသို့ လဲလှယ်ရာတွင် မော်တော်ယာဉ်အသစ် မှာယူတင်သွင်းသူထက် မော်တော်ယာဉ်အဟောင်းများအား လာရောက်ရောင်းချသည့်သူများသာ များပြားကြောင်း သိရသည်။
“ကားဟောင်းရှိတဲ့ယာဉ်ပိုင်ရှင် တော်တော်များများက အသစ်ထပ်ဝယ်ဖို့အတွက် လုံလောက်တဲ့ငွေမရှိတဲ့သူတွေ ရှိတယ်။ နောက်ပြီး ထပ်ပေးဆောင်ရမယ့် အခွန်တွေကိုလည်း မတတ်နိုင်တော့ ကားအဟောင်းကို လာရောင်းလာကြတဲ့သူတွေက များတယ်။
လက်ရှိမှာလေးဘီးတစ်စီးကို ကျပ်သိန်း ၈၀ ကျော်လောက် ပေါက်ဈေးရှိတော့ ရောင်းတဲ့သူကများတယ်။ ကျွန်တော်တို့အနေနဲ့ လာရောင်းတဲ့ကားတွေကို ၀ယ်နိုင်ရင် ၀ယ်ထားလိုက်တယ်။ မ၀ယ်နိုင်ရင်လည်း တခြားဝယ်ချင်တဲ့သူ၊ ကားအသစ်သွင်းချင်တဲ့ သူနဲ့ချိတ်ပေးတယ်။ ဒီလိုမျိုးလည်း လုပ်ပေးရတာ တွေရှိတယ်”ဟု ကိုLဒေးရောင်က ဖြည့်စွက်ပြောပြသည်။
ကားဟောင်းအပ်နှံပြီး ကားသစ်တင်သွင်းရာတွင် Saloon, Van, Station Wagon စတဲ့အိမ်သုံးယာဉ် အမျိုးအစားတွေအတွက် အင်ဂျင်ပါဝါ ၂၀၀၀ ခခ နှင့် အထက်ကို အကောက်အခွန် ရာခိုင်နှုန်း ၄၀နှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ပြီး အိမ်သုံးယာဉ်အမျိုးအစားများထဲတွင် အင်ဂျင်ပါဝါ ၂၀၀၀ ခခ အောက်ယာဉ်များအား အကောက်အခွန် ရာခိုင်နှုန်း ၃၀ နှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု သိရသည်။
Posted by အိမ်လွမ်းသူ

No comments:

Post a Comment