Wednesday, September 28, 2011

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

        Dr Anderson ရေးပြီး ၁၈၁၈ မှာ Walter Hamilton စာအုပ်တိုက်ကထုတ်ဝေတဲ့ The Chalomes ဆိုတဲ့ စာအုပ် ထဲမှာ ဒေါက်တာ အန်ဒါဆန်က ဆလုံဆိုတဲ့ စကားဟာ ရှေးပသျှူးတွေရဲ့ အစေခံ (ကျွန်)တွေကို သုံးနှုံးတဲ့ အသုံး လိုပြော ပါ တယ်...

        ဒါပေမဲ့ လက်ရှိဆလုံတွေနေထိုင်ပုံက ကျွန်တစ်ယောက်လို နေထိုင်နေကြတာမျိုးမဟုတ်ပါဘူး။ သူတို့ ဘာသာ စကား နဲ့ Kabang (ကဘန်း) ဆိုတဲ့ လှေအိမ်ပေါ်မှာမိသားစုလိုက် နွေးထွေးသိုက်မြိုက်စွာနေရင်း ကျွန်းတစ်ကျွန်းမှတစ်ကျွန်းဆီ အုပ်စုလိုက် လွတ်လွတ်လပ်လပ်ဘဲ လှည့်လည်ရှာဖွေစားသောက်နေကြတာပါ။

        ဒီကျွန်းမှာရေခပ်မယ်၊ ဟိုကျွန်းမှာ ငါးရှာမယ် ခရင်းခွာမယ်၊ ဟိုးနောက်တစ်ကျွန်းမှာ ထမင်းတည်စားသောက် မယ် ၊  ပြီးရင်နေ့လည်နေ့ခင်း သဲသောင်ပြင်ဖြူဖြူပေါ်တက် သစ်ပင်ရိပ်အောက်မှာ တရေးတမောနှပ်ချင်နှပ်မယ်၊ အဲ ဝါ သနာ ပါ သူတွေက ၃ပုံဖဲ-ကက်ဆွဲမယ် (ရှေးမြန်မာကက်ဖဲ) ဝါသနာပါသူဆိုလို့ ဆလုံမတွေဟာ ကက်ဆွဲတာကို အတော် ဝါသ နာ ပါကြ ပါတယ်၊ အားလုံးလိုလို ကက်ဆွဲကြတာတွေ့ရပါတယ်။

        ကျွန်းတစ်ကျွန်းမှာ ဆလုံအုပ်စုကိုတွေ့ရင် သောင်ပြင်ပေါ်က အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ဆလုံ ကက် ဆွဲ ဝိုင်းတွေကို တွေ့ရပါမယ်....ကက်ဆွဲနေတဲ့ အမေရင်ခွင်ထဲမှာနို့စိုရင်းအိပ်နေတဲ့ ကလေးတွေ၊ ဝိုင်းဘေးမှာ နှပ်တစ် ရွဲရွဲနဲ့ တဂျီ ဂျီငိုနေတဲ့ ကလေးတွေ၊ သောင်ပြင်ပူပူပေါ်မှာ ဟိုပြေးဒီလွှာလုပ်နေတဲ့ကလေးတွေ၊ လှေသစ်တစ်စီး ဒါမှမဟုတ် တစ်ခုခု ကို ခုတ်ထစ်နေတဲ့ ဆလုံယောင်္ကျားတွေ နှီးဖြာသူဖြာ၊ သဂျစ်လို့ခေါ်တဲ့ ပင်လယ်နာနတ်ရွက်တမျိုးကို အမိုးအဖြစ်ရော ရွက် အဖြစ် ပါသုံးဖို့ နှီးဖြစ်ချုပ်ထိုးနေတဲ့ ဆလုံအဖိုးကြီးအဖွားကြီးတွေ၊ တစုံတရာကို ပြောရင်းစရင်း ဟီးဟီးဟားဟားနဲ့ စကားများရင်း တစ်ယောက်ကိုတစ်ယောက် သန်းဆွဲပေးနေကြတဲ့ ဆလုံမပျိုတွေ ဒါကိုမလှမ်းမကမ်းကနေ ဆေးပေါ့လိပ်-ပွတ်ချွန်း ဖွာ ရင်း စောင်းငန်းကြည့်နေတဲ့ ဆလုံယောင်္ကျားပျိုလေးတွေ စတဲ့မြင်ကွင်း ...
         နေစောင်းရင် သားငါးရှာမယ် ခရုကောက်မယ် ထမင်းချက်စားမယ် ပြီးရင်အိပ်မယ်၊ ဒါမှမဟုတ် မအိပ်ခင် အုန်းတယော -ဗုံတိုလေးတွေတီးပြီး ဧယဉ်ကြူးသလိုလို ကွက်စိတ်ရွတ်သလိုလိုအသံနဲ့ သီချင်းဆိုမယ် ကဗျာရွတ်မယ် (ကဗျာရွတ် တယ် ဆိုပေမဲ့ ကာရန်တွေ ရစ်သမ်တွေအကြောင်း သွားမမေးနဲ့ ဘာမှမသိဘူး ပါးစပ်ထဲ ဆိုကောင်းသလို ရွတ်လိုက်တာဘဲ) စ တဲ့ မြင်ကွင်းတွေတွေဟာ ဆလုံတွေရဲ့ ဘဝကို ရိုးရိုးလေးရှင်းပြနေတဲ့ မြင်ကွင်းတွေပါ။

မွေးဖွားခြင်းနှင့် အိမ်ထောင်ထူထောင်ခြင်း

          တကယ်လို့ ကျွန်းတစ်ကျွန်းရဲ့ အရိပ်ကောင်းတဲ့ ကမ်းစပ်မှာ ဆလုံလှေတွေကျောက်ချထားမယ်၊ သောင်ပြင်ရဲ့ အ ရိပ်ကောင်းတဲ့ တနေရာမှာ လှေပေါ်က အမိုးကိုချပြီး ယာယီတဲထိုးထားမယ်၊ ယောင်္ကျားကြီးငယ်တွေက စုရုံးစုရုံးနဲ့ စ ကားပြောဝိုင်းဖွဲနေမယ်၊ မိန်းမတွေက ထမင်းတည်သူတည် စကားများသူများနေမယ် မကြာခင် ယာယီတဲအိပ်ထဲက ကလေး ငိုသံကြားမယ်ဆိုရင် အဲဒါ ဆလုံးကလေးတစ်ယောက် လောကထဲရောက်လာတဲ့ မြင်ကွင်းပါဘဲ။
          ဆလုံတွေမွေးဖွားတာ ဘာမှမထူးဆန်းပါ။ မီးဖွားမဲ့ မိန်မရယ် အကူတစ်ယောက်ရယ် (နတ်ဆရာမ) ဝမ်းဆွဲ တစ်ယောက်ရယ် ဒါဘဲလိုပါတယ်။ လက်သည်အတွက် ဘာမှပေးစရာမလိုပါ (အများအားဖြစ် လက်သည်ဟာ ဆေးဆရာ နတ်ဝင်သည် ပယောဂဆရာလည်းဖြစ်ကြပါတယ်)။ကလေးမမွေးခင် လက်သည်က တူဒါနတ်ကို ဆုတောင်း မယ် ရေမန်းတိုက်မယ်၊ ရေမွှာပေါက်ရင် အမေကိုညှစ်ခိုင်းမယ် ကလေးထွက်လာရင် နှီးကြောနဲ့ ချက်ကြိုးဖြတ် မယ် ပြီးရင် ရေထည့်ထားတဲ့ အိုးထဲထည့်ပြီးရေဆေးမယ် (ရေချို ရေငန်အရေးမကြီးပါ) ပြီးရင် အဝတ်တစ်ခုနဲ့ ပတ်လိုက်မယ်။ ဒါဆို မီးဖွားတဲ့ ကိစ္စပြီးပြီ ....တကယ်လို့ လှေပေါ်မှာမွေးရင် ကလေးကို ပင်လယ်ရေနဲ့ နှစ်ဆေးလိုက်တာဘဲ လွယ်တာကိုး ...

ဆက်ရန် ...

Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး

No comments:

Post a Comment