Wednesday, September 07, 2011

အီရန်မီဒီယာက သုံးသပ်ဖော်ပြလိုက်သော ထားဝယ်ရေနက်ဆိပ်ကမ်းအကြောင်း

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့တွင် စတင်အကောင်အထည် ဖော်နေပြီဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အင်ဒိုချိုင်းနားကျွန်းဆွယ်သို့ တံခါးပေါက်တစ်ခု အသွင်ဖြစ်လာနိုင်သကဲ့သို့ ကမ္ဘာ့အကြီးဆုံးစက်မှုဇုန်ကြီးအဖြစ် မှတ်တမ်းဝင်နိုင်ကြောင်း အီရန်နိုင်ငံအခြေစိုက် မီဒီယာတစ်ခုဖြစ်သည့် Press TV က ရေးသားဖေါ်ပြချက်ကို ပြည်တွင်းထုတ် Myanmar Post သတင်းဂျာနယ်က ဖေါ်ပြလိုက်ပါသည်။
အဆိုပါစီမံကိန်းတွင်ပါဝင်သည့် စတုရန်းကီလိုမီတာ ၂၅၀ ကျော်ရှည်လျားသော ရေနက်ဆိပ်ကမ်းတစ်ခုကို ထားဝယ်မြို့တွင် တည်ဆောက်နေပြီဖြစ်ကြောင်း၊ အီတာလျံ-ထိုင်းကုမ္ပဏီက ထိုင်းနိုင်ငံရှိကျွမ်းကျင် အင်ဂျင်နီယာများစုစည်း၍ အဆိုပါစီမံကိန်းကို ၁၀ နှစ်ကြာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာရှစ်ဘီလျံသုံးစွဲမည့် ယင်းစီမံကိန်းတွင် ရေနက်ဆိပ်ကမ်း ၀န်ဆောင်မှုများ၊ ရေနံချက်စက်ရုံနှင့် ဧရာမ စက်မှုဇုန်ကြီးတစ်ခု ပါဝင်မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်း၏ ပထ၀ီနိုင်ငံရေးနှင့် ပထ၀ီ စီးပွားရေးဆိုင်ရာ အနေအထားအရ အလုပ်အကိုင် အခွင့်အလမ်းသစ် ၁,၀၀,၀၀၀ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင်  စီမံကိန်းတစ်လျှောက်ရှိ လူနေအိမ်အချို့ကို ပြောင်းရွှေ့ဖယ်ရှားရမည်ဖြစ်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီ ဒါရိုက်တာက Press TV သို့ ပြော ကြားပါသည်။ 
မကြာသေးမီက အဆိုပါစီမံကိန်းတွင်ပါဝင်သည့် မြန်မာ-ထိုင်းအဝေးပြေးလမ်းမတစ်ခု တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား အဖွဲ့ချုပ်(KNU)အကြား တိုက်ပွဲများ ပေါ်ပေါက်ခဲ့သော်လည်း စီမံကိန်းပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီက ကြေညာခဲ့သည်။
အဆိုပါ စီမံကိန်းသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများသို့ လမ်းပွင့်သွားစေမည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီးနိုင်မည်ဟု အီတာလျံ-ထိုင်းကုမ္ပဏီက ယုံကြည်ထားကြောင်း အဆိုပါသတင်းတွင် ဖေါ်ပြထားပါသည်။
Posted by မောင်စူးစမ်း(MTLA GTI)

No comments:

Post a Comment