Thursday, October 27, 2011

Apple iPhone 4S အကြောင်း

Appleအနေနှင့် ပဉ္စမမြောက် iPhoneအဖြစ် iPhone 4Sကို စတင်မိတ်ဆက်လိုက်သော်လည်း iPhone 5 စစ်စစ်ကို မျှော်လင့်နေသည့် Appleပရိသတ်များအတွက် အပြည့်အ၀ကျေနပ်စရာမဖြစ်ခဲ့ကြောင်း သိရသည်။ Appleသည် ဈေးကွက်အတွင်း HTC ၊ Blackberry စသော ပြိုင်ဘက်များ၏ ယှဉ်ပြိုင်လာမှုနှင့် ကြုံနေရသော်လည်း iPhone 5 အစား လက်ရှိရောင်းချနေသော iPhone 4 ကို အဆင့်မြှင့်ထားသည့် Versionကိုသာ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ (၄)ရက်နေ့တွင် Apple၏ အမှုဆောင်ချုပ် တင်ကွတ်ခ်က ကယ်လီဖိုးနီးယားရှိ Appleဌာနချုပ်တွင် iPhone 4 ထက် မြန်နှုန်းပိုမြင့်သော iPhone 4S ကို မိတ်ဆက်ပြသကာ အောက်တိုဘာ (၁၄)ရက်နေ့တွင် စတင်ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။
 (iPhone 4S အား Apple အမှုဆောင်ချုပ် တင်ကွတ်ခ်က မိတ်ဆက်ပြသစဉ်)
အဆိုပါ မိုဘိုင်းလ်ဖုန်းသည် Apple ထုတ် Tabletကွန်ပျူတာ iPad 2 တွင် တပ်ဆင်ထားသည့် A5 Processor ကို အသုံးပြုထားရာ ယခင်Versionအားလုံးထက် တွက်ချက်မှုစွမ်းရည် ပိုမိုမြန်ဆန် မြင့်မားသည်။ iPhone 4S တွင် အသံဖြင့် ထိန်းချုပ်စေခိုင်းနိုင်သည့် Voice Control ပါဝင်လာပြီး ကင်မရာကလည်း 1080 pixelအတွက် HD ဗီဒီယိုများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ဖုန်း၏ထူးခြားသော Feature တစ်ခုမှ Siri ဟုခေါ်သော အလိုအလျောက် ဖြေကြားစနစ်ဖြစ်ပြီး Home ခလုတ်ကို ဖိထားကာ “ဒီနေ့ရာသီဥတု အခြေအနေ ဘယ်လိုလဲ”ဟု အင်္ဂလိပ်စကားဖြင့် မေးမြန်းပါက ဖုန်းက ရာသီဥတု အနေအထားများကို ဖြေကြားသွားမည်ဖြစ်သည်။ “ငါ့ကို မနက်ဖြန်မနက် (၈)နာရီမှာ နှိုးပါ”ဟု မှာထားလျင်လည်း သီးသန့် Alarm ပေးစရာ မလိုဘဲ ဖုန်းက မှတ်သားဆောင်ရွက်ပေးနေမည်ဖြစ်သည်။ လက်ရှိတွင် Siri သည် အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန်စကားများအတွက်သာ ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။
 (iPhone 4 နှင့် iPhone 4S အဓိက ကွားခြားမှုများ)
ဖုန်း၏မှတ်ဥာဏ်သိုလှောင်မှုသည် 16GB၊ 32GB နှင့် 64GB ဟု သုံးမျိုးခွဲခြားထားပြီး Dual Core A5 Porcessor ဖြင့် မောင်းနှင်ရန် iOS 5 ကို အဓိက စီမံစနစ်အဖြစ် ထည့်သွင်းအသုံးပြုထားသည်။ ဖုန်း၏ ရှေ့ပိုင်းကင်မရာသည် 0.3 mega pixel သာရှိသော်လည်း နောက်ဘက်ကင်မရာမှ 8 megapixel ဖြစ်လာသည်။ အရောင်ကို အဖြူနှင့်အမည်း နှစ်ရောင်ဖြင့် ထုတ်လုပ်ထားပြီး Screen အရွယ်အစားမှာ iPhone 4 ကဲ့သို့ (၃.၅)လက်မသာဖြစ်သည်။ ဖုန်း၏ အလေးချိန်မှာ (၁၄၀)ဂရမ်ဖြစ်ရာ iPhone 4 ထက် မဆိုစလောက် ပိုလေးသည်။ Appleသည် iPhone 4S ကို စတင်မိတ်ဆက်လိုက်ပြီးနောက် ယခင်iPhone Version ဟောင်းများကို ဈေးလျှော့ရောင်းချမည်ဟု အတည်ပြုခဲ့သည်။ ဖုန်းကို အမေရိကန်တွင် (၂)နှစ်စာချုပ်ဖြင့် ၀ယ်ယူပါက သိုလှောင်မှု စွမ်းရည် ကွာခြားမှုအလိုက် (၁၉၉)ဒေါ်လာမှ (၃၉၉)ဒေါ်လာကြား ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။
Posted by မောင်စူးစမ်း(MTLA GTI)

No comments:

Post a Comment