Thursday, October 13, 2011

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၃)

၃) ပင်လယ်ရေကို ကျိုချက်သောရေ (Desalinated Water)
၂၀၀၅ ခုနှစ်တွင် Tuas ၌ SingSpring desalination plant ကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် စင်ကာပူပံ့ပိုးရေ ကဏ္ဍသစ်တစ်ရပ် ဖွင့်လိုက်သည်။ ထိုစက်ရုံမှ တစ်နေ့လျှင် ရေဂါလံ သန်း ၃၀ (၁၃၆၀၀၀ ကုဗမီတာ) ကျိုချက်နိုင်သည်။ ကမ္ဘာပေါ်တွင် ပင်လယ်ရေကို အများဆုံးကျိုသုံးသည့်နိုင်ငံများအနက် တစ်နိုင်ငံပင်ဖြစ်ပါတော့သည်။ နယူးဝါးတားကဲ့သို့ပင် PUB ၏ ငွေကုန်ကြေးကျများစွာခံကာ ရင်းနှီးမြှုပ်နှံထားသော သုတေသနလုပ်ငန်းများ၏ ရလာဒ်ပင် ဖြစ်ပါသည်။ ရေသည် အသက်၊ အသက်သည်ရေ ဖြစ်သဖြင့် ရေကိစ္စ အထူးသုတေသနပြုနိုင်ရန် လာမည့် ၅ နှစ်အတွက် သုတေသနရံပုံငွေ စင်ကာပူဒေါ်လာ သန်းပေါင်း ၃၃၀ သုံးစွဲရန် ချမှတ်ထားပါသည်။
တစ်နေ့လျှင် ရေဂါလံ သန်း ၇၀ ထုတ်ပေးနိုင်မည့် နောက် ပယ်လယ်ရေချက်စီမံကိန်းတစ်ခုမှာလည်း Tuas တွင်ပင်ရှိ၏။ ထိုစီမံကိန်းမှ ထုတ်မည့်ရေကို PUB သို့ ၂၀၁၃ ခုနှစ်မှ ၂၀၃၈ ခုနှစ်ထိ ၂၅ နှစ်ရောင်းမည်။ ဈေးတော့နည်းနည်းကြီးသည်။ တစ်ကုဗမီတာကို ၄၅ ပြား ဖြစ်၏။
၂၀၆၀ ခုနှစ်သို့ရောက်လျှင် စင်ကာပူရေလိုအပ်ချက်၏ ၃၀% ကို ပင်လယ်ရေကိုကျိုသောရေမှ ပံ့ပိုးပေးနိုင်ရန် ရည်မှန်းချက် ထားပါသည်။
၎) သုံးရေကို ပြန်လည်ပြုပြင်ထားသောရေ (New Water)
၂၀၀၂ ခုနှစ်မှစကာ အများပြည်သူသုံးသောရေထဲသို့ နယူးဝါးတားကို စမ်းလွှတ်ခဲ့သည်။ သုံးပြီးသားရေကို ပြန်သုံးခိုင်းတာ ဆိုတော့ လွယ်လွယ်လေးတော့မဟုတ်။ သည်အဆင့်ရောက်အောင် သိပ္ပံစမ်းသပ်ချက် ၆၅၀၀၀ လုပ်ခဲ့ရသည်။ WHO ၏ လိုအပ်ချက်များနှင့်အညီ စမ်းသပ်စစ်ဆေးပြီး အတည်ပြုချက်ရတော့မှ လွှတ်ရတာဖြစ်၏။ သည်ရေအတွက် ၂၀၀၇ ခုနှစ်တွင် PUB သည် Stockholm Industry Water Award ကို ရခဲ့သည်။
လက်ရှိကျွန်တော်တို့သုံးနေသောရေတွင် နယူးဝါးတား (ရေသစ် ဟုတော့ ဘာသာမပြန်ပါရစေနှင့်) ၇% ပါသည်။ ထိုပေါင်းစပ်နှုံး ကို နှစ်စဉ်တဖြည်းဖြည်း တိုးမြှင့်သွားမည်။ ၂၀၆၀ ရောက်လျှင် နယူးဝါးတား ပေါင်းစပ်မှုမှုအချိုးကို ၅၀% ထိ တိုးမြှင့်မည်။
နိုင်ငံရပ်ခြားကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ ပါသောအဖွဲ့က နယူးဝါးတားအတွင်း ဓါတုဗေဒပေါင်းစပ်ပါဝင်မှု၊ အဆိပ် နှင့် အဏုဇီဝများအတွက် တစ်နှစ်လျှင်နှစ်ကြိမ် စမ်းသပ်စစ်ဆေးသည်။
နယူးဝါးတားထုတ်လုပ်မှုတွင် အကြမ်းဖျဉ်းအားဖြင့် သုံးဆင့်ပါသည်။
ပထမအဆင့်မှာ micro filtration အနုစိတ်စစ်ထုတ်ခြင်း ဖြစ်၏။ မလိုလားအပ်သော အမှုန်အမှိုက်၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် စသည်တို့ကို membrane (ရေစစ်စက္ကူ ဟုပဲ အနီးစပ်ဆုံးပြန်လို့ရပါမည်။ သို့သော် စက္ကူမဟုတ်ပါ။) များဖြင့် စစ်ထုတ်သည်။ သို့သော် သောက်သုံးရေအတွက် လိုအပ်သော ပျော်ဝင်ဆားအချို့နှင့် အော်ဂဲနစ်မော်လီကျူးများကိုတော့ ဖြတ်ခွင့်ပေးသည်။
ဒုတိယအဆင့်တွင် ပထမအဆင့်စစ်စင်က ပါလာနိုင်သေးသော ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကို ပိုပြီး အနုစိတ်သော ဆန်ခါဖြင့် ထပ်စစ်ခြင်းဖြစ်သည်။ ထိုဆန်ခါကို semi-permeable membrane ဟုခေါ်၏။ ထိုအဆင့်ကိုဖြတ်လာပြီးသောရေမှာ အလွန်သန့်စင်သော high grade water ဖြစ်ပါသည်။ ထိုအဆင့်ပြီးလျှင် ထွက်လာသောရေကို မည်သည့်အကောင်ပလောင်မှ မကျန်ရအောင် ခရမ်းလွန်ရောင်ခြည်ဖြင့် ထပ်မံသန့်စင်ခြင်း၊ ရေအတွက်လိုအပ်သော pH ရအောင်လုပ်ခြင်း၊ မင်နရယ် ဓါတ်သတ္တုများ ထည့်ခြင်း စသည်တို့ လုပ်ပါသည်။
ဤအဆင့်မှ ကျော်လွန်လာသောရေမှာ သောက်သုံးရန် အဆင်သင့်ဖြစ်နေပါပြီ။
သို့သော်လည်း နယူးဝါးတား၏ မူလရည်မှန်းချက်မှာ သောက်သုံးရေအတွက်မဟုတ်။ စက်မှုလုပ်ငန်းသုံးအတွက်သာ ဖြစ်သည်။ စက်မှုလုပ်ငန်းသုံးထဲရောက်စေရန် ရေကို သီးသန့်ပိုက်လိုင်းများဖြင့်ပေးသည်။ သို့သော်လည်း အားလုံးတော့ မဟုတ်။ အချို့နယူးဝါးတားကိုမူ အိမ်သုံးရေအတွက် သုံးသည်။ စင်ကာပူရေလိုအပ်ချက်၏ ၁% (တစ်နေ့လျှင် ၉၀၀၀ ကုဗမီတာခန့်) ကို စင်ကာပူရေကန်ကြီးများသို့ ထည့်သည်။ ကန်ရေများနှင့်ရောသွားသော နယူးဝါးတားကိုမှ သောက်သုံးရေ ဖြစ်လာအောင် ထပ်မံပြုပြင်ကာ PUB ရေအဖြစ် လွှတ်ခြင်းဖြစ်ပါသည်။ သို့သော် ယခုအခါ နယူးဝါးတား ၂.၅% (၄၅၀၀၀ ကုဗမီတာ) ခန့် ရောနှော သုံးနေပြီဖြစ်ပါသည်။
(ဤပုံမှာ ရေစစ်ဆန်ခါအရွယ် နှင့် အမှုံအမှိုက်များ၊ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၏ အရွယ်ကို နှိုင်းယှဉ် ပြထားခြင်း ဖြစ်ပါသည်)
 (ဤပုံမှာ နယူးဝါးတား ထုတ်လုပ်မှုအဆင့်ဆင့် သရုပ်ဖော်ပုံဖြစ်ပါသည်။)
ထိုမျှသာမက နယူးဝါးတားကို အများပြည်သူ သောက်သုံးရေပုလင်းများအဖြစ် ထုတ်လုပ်ခဲ့ပါသေးသည်။ ယခုအခါ နယူးဝါးတား သောက်ရေသန့် ပုလင်းပေါင်း ၁၇သန်း ထုတ်လုပ်ခဲ့ပြီးဖြစ်ပါသည်။
စင်ကာပူတွင် နယူးဝါးတားစက်ရုံများ တစ်ရုံပြီးတစ်ရုံတည်လျှက်ရှိရာ ပထမဦးဆုံးစက်ရုံများဖြစ်သော Bedok နှင့် Kranji စက်ရုံများကို ၂၀၀၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် Seletar ၊ ၂၀၀၇ မတ်လတွင် Ulu Pandan ကို ဖွင့်လှစ်ခဲ့၏။ ထိုစက်ရုံ ၄ ခု၏ ထုတ်လုပ်အားမှာ စင်ကာပူရေလိုအပ်ချက်၏ ၁၅% ကို ဖြည့်ဆည်းပေးနိုင်သည်။ ၅ ရုံမြောက် နှင့် အကြီးဆုံးစက်ရုံကို Changi တွင် ၂၀၁၀ ခုနှစ်က ဖွင့်လှစ်ခဲ့ရာ ထိုစက်ရုံ ၅ ရုံမှ ထုတ်လုပ်သော နယူးဝါးတားမှာ စင်ကာပူ ရေလိုအပ်ချက်၏ ၃၀% ထိ ဖြည့်ဆည်းပေးနိုင်နေပြီ ဖြစ်ပါသည်။
သုံးပြီးသားရေများကို နယူးဝါးတားစက်ရုံများသို့ ပို့ပေးရန် ရေဆိုးပိုက်လိုင်းများ လိုမည်။ ထိုရေဆိုးပိုက်လိုင်းများမှာ တစ်နိုင်ငံ လုံးကို ကွန်ယက်သဖွယ် ဖြန့်ကျက်ထားရမည်ဖြစ်သဖြင့် အခြားမြေအောက်လိုင်း၊ ဥပမာ MRT ဥမင်၊ လျှပ်စစ်ဓါတ်ကြိုးလိုင်း၊ ဂက်စ်လိုင်း စသည်တို့နှင့် လွတ်နေရန် အရေးကြီးသည်။ သည့်အတွက် မြေအောက်အတော်နက်နက် (အနက် ၅၅ မီတာ) တွင် ပြေးရသည်။ သည်မျှအနက်ကြီးတူးရသော ပိုက်လိုင်းများဖြစ်သဖြင့်လည်း မကြာခဏပြင်လို့မရ။ အနည်းဆုံး အနှစ် ၁၀၀ စီမံကိန်းချကာ လုပ်ထားသည်။
အင်မတန် ချီးကျူးစရာကောင်းသော ဦးဏှောက်များပါပေတည်း။
နယူးဝါးတားစက်ရုံများမှ ရေခွဲဝေပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နယူးဝါးတားသည် သာမန်ရေထက် ပိုကြည်၏။
နယူးဝါးတားသည် သာမန်ရေထက် ပိုသန့်ရှင်း၏။ 
နယူးဝါးတားသည် သာမန်ရေထက် ပိုပြီးရောဂါပိုး (ဘက်တီးရီးယားစသည်) ပါဝင်နှုံးနည်း၏။
နယူးဝါးတားသည် သာမန်ရေထက် ပိုပြီး အော်ဂဲနစ်ဓါတ်ပစ္စည်းများ ပါဝင်နှုံးနည်း၏။
(ချန်ဂီနယူးဝါးတား စက်ရုံ)
မှတ်သားစရာအချက်မှာ ဤနယူးဝါးတားစီမံကိန်းမှာ မနေ့တစ်နေ့ကမှ စိတ်ကူးပေါက်၍ ထလုပ်ခြင်းမဟုတ်ဘဲ လွန်ခဲ့သော အနှစ် ၃၀ ကျော် (၁၉၇၂ ခုနှစ်) ကတည်းက စီမံချက်ချ လုပ်ကိုင်လာခဲ့ခြင်း ဖြစ်ပါသည်။
Posted by သူငယ်ချင်းတစ်ဦး

No comments:

Post a Comment