Monday, October 31, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၈)

ကျောင်းသုံးမြန်မာသဒ္ဒါ လေ့ကျင့်ခန်းများမှာ ( သဒ္ဒါအထားအသို ) ဆိုတာ ပါလေ့ရှိတယ်။ စကားလုံးတစ်လုံးကို ဒီနားထားရင် ဒီလို အဓိပ္ပါယ်ထွက်ပြီး ဟိုနားထားရင် ဟိုလိုအဓိပ္ပါယ် ထွက်တတ်တာကို ဆင်ခြင်ခိုင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ အင်္ဂလိပ်သဒ္ဒါ စာအုပ်များမှာလည်း ဒီလေ့ကျင့်ခန်းမျိုးပါလေ့ရှိတယ်။ ( တကယ်တော့ မြန်မာသဒ္ဒါစာအုပ် ပြုစုသူများဟာ အင်္ဂလိပ်သဒ္ဒါစာအုပ်တွေဆီက နည်းယူထားတာပါ။ ) တစ်ချို့က ( ၀ါကျမှာ စကားလုံးတို့ရဲ့ အစီအစဉ် - Order of words in a sentence ) လို့ ခေါ်ကြပြီး တစ်ချို့ကတော့ စကားလုံးတစ်လုံးနား တစ်လုံးသွားထားတာမို့ ( နီးကပ်မှု - Proximity ) လို့ ခေါင်းစဉ်တပ်ကြတယ်။ ၀ါကျမှာ စကားလုံးတို့ရဲ့ ( အစီအစဉ် ) ၀ါ ( အထားအသို ) ဆိုရင် ကျွန်တော်တို့ ဆွေးနွေးနေတဲ့ S, V, DO စကားတွေရဲ့ အစီအစဉ်၊ ၀ါ၊ အထားအသိုကိုလည်း ဆိုနိုင်တာမို့ ယေဘုယျကျလွန်းနေတယ်။ ဒါကြောင့် ( နီးကပ်မှု ) လို့ ခေါ်တာကမှ အခုပြောချင်တာကို တိတိကျကျညွှန်းနိုင်တယ်။ စကားလုံးတစ်လုံး၊ ပုဒ်စုတစ်စုဟာ တစ်ခြားစကားလုံးတစ်လုံး ပုဒ်စုတစ်စုနဲ့ နီးကပ်နေရင် နီးကပ်သလို အဓိပ္ပါယ်ပြောင်းလဲသွားနိုင်တာကို ပြောချင်တာ ဖြစ်တယ်။ S, V, DO တို့ အထားအသိုကို ဆိုလိုတာမဟုတ်ဘူး။ အောက်ပါ ဥပမာကို ကြည့်ပါလေ။

The man was sentenced to death for murdering a woman at the local court.
ဒီဝါကျကို ဖတ်လိုက်ရတဲ့သူဟာ တုန်လှုပ်ချောက်ချားသွားစရာရှိတယ်။ မိန်းမကြီးကို သတ်တာဟာ တရားရုံးမှာ သတ်တာလားလို့ တွေးမိစေနိုင်တာကိုး။ murdering a woman နဲ့ at the local court နီးကပ်နေလေတော့ ဒေသတရားရုံးမှာ မိန်းမကြီးတစ်ဦးကို သတ်တယ်လို့ ထင်စရာဖြစ်သွားတာပေါ့။ နောက်တစ်ခါ နေရာရွှေ့ထားတာကို ကြည့်ပါဦး။
The man was sentenced to death at the local court for murdering a woman.
ဒီတော့ death နဲ့ at the local court နီးကပ်သွားတဲ့အတွက် ( တရားရုံးမှာ သေစေဖို့ ) အမိန့်ပေးလိုက်တယ်လို့ ထင်စရာဖြစ်နေပြန်တယ်။ ဒါလည်း သူပြောချင်တာ ဟုတ်မယ်မထင်ပါဘူး။ တရားရုံးမှာ အမိန့်ပေးတာပဲ။ စီရင်ချက်ချတာပဲ ဖြစ်ရမယ်။ ဒီအဓိပ္ပါယ်ကို ဆိုက်ရောက်အောင် အောက်ပါနည်း တစ်နည်းနည်းနဲ့ပဲ ရေးသင့်ပါတယ်။
The man was at the local court sentenced to death for murdering a woman.
At the local court the man was sentenced to death for murdering a woman.
မိန်းမကြီးတစ်ဦးကို သတ်ခဲ့တဲ့အတွက် အမျိုးသားတစ်ဦးကို သေစားသေစေဖို့ ဒေသတရားရုံးမှာ စီရင်ချက်ချလိုက်တယ်။
Some people quickly learn to type.
အထက်က ၀ါကျမှာ quickly ကို learn နဲ့ နီးနီးကပ်ကပ်ထားတဲ့အတွက် အဓိပ္ပါယ်က
( အမြန်တတ်တယ် ) ၊ ( အတတ်မြန်တယ် ) လို့ ဖြစ်သွားတယ်။ တစ်ချို့လူများဟာ လက်နှိပ်စက် အတတ်မြန်တယ်၊ ခဏလေးသင်ရုံနဲ့ ရိုက်တတ်သွားတယ်ပေါ့။
Some people learn to type quickly.
ဒီဝါကျမှာတော့ quickly ဟာ type နား ကပ်လျက်ရှိနေတာမို့ ( မြန်မြန်ရိုက်တယ် )၊
( အရိုက်မြန်တယ် ) လို့ အဓိပ္ပါယ်ထွက်နေတော့တယ်.။ လက်နှိပ်စက်အရိုက်မြန်တယ်ပေါ့။ နောက်တစ်ဝါကျကို ကြည့်ပါဦး။
I sincerely wish to apologize.
ဒီမှာ sincerely ဟာ wish နဲ့ နီးကပ်နေတဲ့အတွက် စစ်မှန်တဲ့ စေတနာနဲ့ ဆန္ဒရှိတယ်လို့ ဆိုလိုကြောင်း ထင်ရှားတယ်။
I wish to apologize sincerely.
ဒီမှာတော့ sincerely ဟာ apologize နဲ့ နီးကပ်နေတဲ့အတွက် သူ့ကို အထူးပြုတာ၊ စေတနာသန့်သန့်နဲ့ ၀န်ချတောင်းပန်တာလို့ နားလည်ရတယ်။
I wish sincerely to apologize.
ခုဝါကျမှာက အထက်နှစ်ဝါကျမှာလို အဓိပ္ပါယ်မပြတ်သားတော့ဘူး။ sincerely ဟာ ရှေ့က wish နဲ့ နီးစပ်နေလို့ သူ့ကို အထူးပြုတယ်လို့ ပြောလည်းရတယ်။ to apologize ရဲ့ ရှေ့နားက ကပ်လျက်ရှိနေတာမို့ သူ့ကို အထူးပြုတာပါ ပြောလည်းရတာပါပဲ။ ( နှစ်ဘက်ချွန် ) အလုပ်လုပ်နေတယ်လို့ ပြောရမှာပေါ့။ စကားပြောရာမှာတော့ အသံ အဖြတ်အတောက်ကို အသုံးပြုပြီး sincerely to apologize ( စေတနာမှန်နဲ့ ၀န်ချ တောင်းပန်တာ ) လား၊ wish sincerely ( စေတနာမှန်နဲ့ ဆန္ဒရှိတာ ) လား ခွဲခြားပြောပြနိုင်မှာ ဖြစ်တယ်။
မှတ်ချက်။………….။ အထက်က ဥပမာများကို to quickly type, to sincerely apologize စသဖြင့် to နဲ့ verb ကြားမှာ adverb ကို သွင်းပြီး ရေးလိုက်ရင် အဓိပ္ပါယ်ရှင်းသွားမှာ ဖြစ်တယ်.။ ဒါပေမယ့် ဒါမျိုးကို split infinitive ဆိုပြီး ရှေးဆရာကြီးများ မကြိုက်ကြဘူး။
နီးကပ်မှု သဘောတရားအရ ဆက်နွယ်နေတဲ့ ပုဒ်နှစ်ခုဟာ နီးနီးကပ်ကပ် အတူရှိပါမှ သံသယ၀င်စရာ၊ အဓိပ္ပါယ်နှစ်မျိုးထွက်စရာမရှိမှာ ဖြစ်တယ်။ ဒီတော့ နာမ်နဲ့ နာမ်စားတို့ကို သုံးရာမှာ အထူးသတိပြုအပ်တယ်။ အနီးအနားမှာ အခြား နာမ်များလဲ ရှိနေတတ်တော့ သူ့ကို ကိုယ်စားပြုသလိုလို ငါ့ကို ကိုယ်စားပြုသလိုလို အတွေးရခက်စရာ ကြုံရတတ်တယ်။ အောက်ပါ ဥပမာများကို လေ့လာကြည့်ပါ….။
Thura told his sister that he owed her ten kyats.
( he / her သုံးထားတဲ့အတွက် ရှုပ်စရာမရှိဘူး။ သူရက သူ့ညီမကို ငွေတစ်ဆယ် ပေးစရာရှိတယ်။ )
Thura told his brother that he owed him ten kyats.
( ဘယ်သူက ဘယ်သူ့ကို ပေးရမှာလဲ၊ သူရကလား၊ သူ့အစ်ကိုကလား။ )
The Israelis encountered the Palestinians; they were well armed.
( they ဟာ ဘယ်သူလဲ၊ အစ္စရေးတွေလား၊ ပါလက်စတိုင်းတွေလား။ )
Although I prefer British to American films, I do not like them.
( ဒီမှာတော့ စကားစပ်အရ them ဟာ American films ကို ညွှန်းမှန်း သိသာနေတယ်။ )
When the pudding is cooked, remove it from the oven and switch it off.
( Pronoun တစ်ခုဟာ နီးကပ်ရာ noun တစ်ခုကို ကိုယ်စားပြုပြီးရင် နောက်ဆက်ပြီးတော့လဲ ဒီ noun ကိုပဲ ညွှန်းနေမှာပဲ။ အခု ဒီဝါကျမှာ ဒီသဘောတရားကို မေ့ထားပြီး ပထမ it က pudding ကို ညွှန်း၊ ဒုတိယ it က oven ကို ညွှန်းနေလေတော့ တစ်မျိုးကြီးဖြစ်နေလေတယ်။ ဒီလို မဖြစ်သင့်ဘူး။ )
The police fought the bandits until their ammunition ran out.
( their က ရဲတွေကို ပြောတာလား၊ ဓားပြတွေကို ပြောတာလား။ )
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment