Thursday, October 20, 2011

S’pass လျှောက်ထားနိုင်သည့် စင်ကာပူနိုင်ငံမှ Diploma in Tourism

စင်ကာပူ၌ အဆင့်မြင့်ကျွမ်းကျင်လုပ်သား (S’pass) လျှောက်ထားနိုင်သည့် Diploma in Tourism ဘာသာရပ်လျှောက်လွှာများကို စင်ကာပူနိုင်ငံမှ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ စင်ကာပူ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လုပ်အားဖွံ့ဖြိုးရေးအေဂျင်စီ (WSQ)မှ ချီးမြှင့်သည့်အဆိုပါ ဒီပလိုမာဘာသာရပ်ကို အသက် ၁၆ နှစ်ပြည့်ပြီး ဘွဲ့တစ်ခုခုရရှိထားသူများ စတင်လျှောက်ထားနိုင်မည်ဖြစ်သည်။ ထိုလျှောက်ထားသူကို ခရီးသွားကုမ္ပဏီများတွင် လက်တွေ့အလုပ်လုပ်ခွင့် တစ်နှစ်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ”အဲဒီတစ်နှစ်အတွင်းမှာ သူတို့သတ်မှတ်ထားတဲ့ လုပ်ခလစာတွေ ခံစားခွင့်ရှိတဲ့အပြင် ထူးခြားတာက လျှောက်ထားသူဟာ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ပြည့်မီတယ်ဆိုရင် WSQ Certificate ၄ လပြီးဆုံးတာနဲ့ ပိုလီကျောင်းတွေကို ဆက်လက်လျှောက်ထားခွင့် ရှိတယ်ဆိုတာပဲ”ဟု Crown မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ ဟိုတယ်နှင့်ခရီးသွားဘာသာရပ်ဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက် ပညာသင်ကြားမှုနှုန်းမှာ ၂ဝဝ၆ ခုနှစ်မှစ၍ တရိပ်ရိပ်တက်လာပြီး ၂ဝဝ၈ ခုနှစ်တွင် အမြင့်ဆုံးနေရာတစ်ခုကို ရောက်ခဲ့သည်အထိ ဖြစ်ခဲ့သည့် နိုင်ငံခြားပညာရေးလမ်းကြောင်း မြန်မာနိုင်ငံတွင်ရှိခဲ့ကြောင်း ပညာရေးအတိုင်ပင်ခံအချို့က သုံးသပ်ကြသည်။ ”ဒီလို အစဉ်အလာတွေရှိခဲ့ပေမယ့် ၂ဝဝ၈ အမြင့်ဆုံးစံချိန်ကို ၂ဝဝ၉ ကစပြီး ထက်ဝက်ချိုးကျဆင်းလာမှုတွေကနေ ၂ဝ၁ဝ-၂ဝ၁၁ အထိကို တက်မလာသေးဘူး။ ဒါကဘာကြောင့်လဲဆိုတာကို ဆန်းစစ်ကြည့်ကြဖို့လိုနေပြီ။ဒါပေမဲ့ WSQ ကပေးတဲ့အကြောင်းကရော ရှေ့အလားအလာ ကောင်းမကောင်းဆိုတာကို စောင့်ကြည့်ကြဖို့ပဲရှိတော့တယ်” ဟု နိုင်ငံခြားပညာရေးလေ့လာနေသူ အသက် ၃ဝ အရွယ်ရှိလူငယ်တစ်ဦးက ပြောသည်။ ကုန်ကျစရိတ်များအပါအဝင် အသေးစိတ်အချက်အလက် များကို ဖော်ပြထားသည့် WSQ Tourism  ၏တရားဝင်ဝက်ဘ်ဆိုက်  http://tmis.edu.sg တွင်ဝင်ရောက် ကြည့်ရှုရန်လိုမည်ဖြစ်ကြောင်းနှင့်  ယင်းနိုင်ငံတို့ရှိ ၄င်းနယ်ပယ်အတွေ့အကြုံရှိသူများကိုပါ စုံစမ်း မေးမြန်းစေလိုကြောင်း ပညာရေးကျွမ်းကျင်သူများထံမှ သိရသည်။ 
Posted by အိမ်လွမ်းသူ

No comments:

Post a Comment