Thursday, October 20, 2011

ရပ်တည်မှုခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများအခြေအနေ(၁)

စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကြည်မလင်ဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ထံမှ အများဆုံးကြားရသော complaint များမှာ ကား၊ ရထားများတွင် လူများအလွန်ကြပ်သိပ်လာမှု၊ စင်ကာပူနိုင်ငံသားများ အနေနှင့် အလုပ်အကိုင်ရှာဖွေရာတွင် ဈေးသက်သာပြီး ကျွမ်းကျင်သော နိုင်ငံခြားသားများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရမှု စသည်တို့ ပါဝင်ပါသည်။
အဘယ်ကြောင့် သူတို့ဤကဲ့သို့ ပြောဆိုနေကြသည်ကို သေချာစွာသိနိုင်ရန် စင်ကာပူတွင်ရောက်နေသော နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း လေ့လာကြည့်ပါမည်။ ပထမဦးစွာ စင်ကာပူသို့ အလုပ်လုပ်ကိုင်ရန်အတွက် သော်လည်းကောင်း၊ မိသားစုရှေ့ရေးကြောင့်သော်လည်းကောင်း ပြောင်းရွှေ့ဝင်ရောက်လာသော နိုင်ငံခြားသားဦးရေကို လေ့လာပါမည်။ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သော စင်ကာပူအစိုးရ စာရင်းအင်းများအရ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အနှစ် ၃၀ အတွင်း စင်ကာပူတွင် တိုးတက်လာသော လူဦးရေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Population Size and Growth in Singapore from 1980 to 2010
မှတ်ချက်။ ။ Singapore Permanent Resident (SPR) များကို local သို့မဟုတ် resident များအဖြစ် သတ်မှတ် ပါသည်။ ထို Singapore Citizen (SC) နှင့် SPR များမှ ကြွင်းသော ကျန်သူများအားလုံးကို Non-Resident (Foreigner) များအဖြစ် သတ်မှတ်ပါသည်။
၎င်းကို ပိုပြီးထင်သာမြင်သာရှိစေရန် ရာခိုင်နှုံးဖြင့် ပြန်ပြောင်းလျှင် အောက်ပါဇယားအတိုင်းရပါသည်။

စင်ကာပူတွင် လာရောက်နေထိုင်၊ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ ဦးရေ (ရာခိုင်နှုံး)
ဤဇယားကို ကြည့်ခြင်းဖြင့် စင်ကာပူနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှုကို ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါသည်။ ၁၉၈၀ ခုနှစ်များက စင်ကာပူနိုင်ငံတွင် ပီအာအပါအ၀င် နိုင်ငံခြားသားဦးရေမှာ ၁၀ ရာခိုင်နှုံးမျှသာ ရှိသော်လည်း ၂၀၁၀ ခုနှစ်သို့ရောက်သောအခါ စင်ကာပူနိုင်ငံတွင် စင်ကာပူနိုင်ငံသားစစ်စစ်မှာ ၆၄ ရာခိုင်နှုံးမျှပင် မပြည့်တော့ပါ။
စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားဦးရေ တိုးတက်လာမှုမှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။
စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှု (တိုးတက်နှုံး)
အထက်ပါဇယားကို ကြည့်လျှင် စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက် များပြားလာခဲ့ရာ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ၁၅ ရာနှုံးမှ ၁၉ ရာနှုံးထိ မြင့်တက်လာသည်ကို တွေ့နိုင်ပါသည်။ ၂၀၀၈ ခုနှစ်တွင် ဤမျှများပြားလာသော နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကျေမနပ်ဖွင့်အံလာချက်များကြောင့် ပြန်လည်လျှော့ချခဲ့ရာ ၂၀၁၀ တွင် ၄.၁ ထိ ကျဆင်းသွားခဲ့သည်ကို တွေ့နိုင်ပါသည်။ ဤသို့လျှော့ချလိုက်သည့် အတွက်ပင် စင်ကာပူသို့လာရောက် အလုပ်ရှာသူ မြန်မာများအနက် အလုပ်မရဘဲ ပြန်သွားရသူ တိုးတက်များပြား လာခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ပြင် လက်ရှိလုပ်နေသူများကိုပင် သက်တမ်းတိုးမပေးခြင်း၊ တိုးပေးသည့်တိုင် အကန့်အသတ်ဖြင့်သာ တိုးပေးခြင်း စသည်တို့ နှင့် ကြုံတွေ့ရလျှက် ရှိပါသည်။
၂၀၀၀ ပြည့်နှစ်များက စင်ကာပူ PR ရရန် အလွန်ခဲယဉ်းခဲ့ပါသည်။ သို့သော် ၂၀၀၄ ဇူလိုင်တွင် Work Pass အသစ် တစ်မျိုးဖြစ်သော S Pass ကို ချထားပေးလိုက်ပြီး S Pass holder များအား PR လျှောက်ခွင့်ပေးခဲ့ပါသည်။ ဤသည်မှစ၍ မြန်မာနိုင်ငံတွင် ဘွဲ့ရလာသူများ၊ GTI အောင်လာခဲ့သူ အများအပြား PR ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ၂၀၀၉ ခုနှစ်တွင် PR ချထားပေးခဲ့မှုမှာ ၁၁.၅ % ထိ မြင့်တက်ခဲ့၏။ သို့သော် ဤကဲ့သို့ PR ချထားပေးခဲ့မှုများကို ၂၀၀၉ နှစ်တွင် ပြန်လည်တင်းကျပ် ခဲ့ရာ ယခင်က မြန်မာနိုင်ငံမှ GTI ပြီးလာခဲ့သူများပင် PR ရခဲ့သော်လည်း ယခုအခါ NTU, NUS တို့မှ M.Sc ပြီးသူများကိုပင် PR ရရန် မသေချာသည့် အခြေအနေသို့ ရောက်ခဲ့ပါသည်။
၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ ခုနှစ်များက NTU တွင်တက်ရောက်ပညာသင်ကြားနေသူ မြန်မာနိုင်ငံသူ M.Sc ကျောင်းသူ တစ်ဦးအား ကျောင်းတက်နေစဉ်က PR Offer letter (ကျောင်းပြီးလျှင် PR လျှောက်နိုင်ခွင့်) ပေးထားခဲ့သော်ငြားလည်း အမှန်တကယ် ကျောင်းပြီးလာသည့်အခါ ၎င်း စာကို ပြန်လည်ရုပ်သိမ်းကာ သူမလျှောက်ထားသည့် PR လျှောက်လွှာကို reject လုပ်ခဲ့ပါသည်။ သူမမှာ စင်ကာပူနိုင်ငံ၊ အလွန်နာမည်ကြီးလှသော NTU (Nanyan Technological University) မှ M.Sc ဘွဲ့ရခဲ့သည့်တိုင် သင့်တော်သော အလုပ်တစ်ခုကို မရနိုင်ခဲ့သည့်အတွက် ယခုအခါ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ရပြီ ဖြစ်ပါ သည်။ သုံးနှစ်တာ ပညာသင်နှစ်အတွင်း ကုန်ဆုံးခဲ့သော ပညာသင်စရိတ် မြန်မာငွေ သိန်း ၂၀၀ ခန့် နှင့် သူမ၏ ကြိုးစား အားထုတ်မှုများအားလုံး အလဟဿ ဖြစ်သွားခဲ့ရပါသည်။
Posted by အိမ်လွမ်းသူ

No comments:

Post a Comment