Thursday, December 01, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၀)

Sentence Structure - (13) - Adjectives
ပညာရပ်တစ်ခုကို လေ့လာတဲ့ကျောင်းသားအဖို့ ကြုံတွေ့ရမယ့် ပြဿနာတစ်ခုကတော့ ဝေါဟာရပြဿနာပါပဲ။ ဆရာသမားများဟာ “ သူ့ထက်သူ ” လူစွမ်းကောင်း လုပ်ကာ ဝေါဟာရတွေ ထွင်ချင်ကြတယ်။ အင်္ဂလိပ်သဒ္ဒါကို လေ့လာမယ်ဆိုရင် တွေ့ရမှာတွေကတော့ Noun လို့ ရှိပြီးသားကိုပဲ Substantive ခေါ်သူကခေါ်၊ Nominal လုပ်သူက လုပ်ပြီး Subject ကိုလဲ Nominative Case ရယ်လို့ ရှေးဟောင်းခေါ် သဒ္ဒါစကားလုံးကို ပြန်လည်ဆန်းသစ်ကာ အမည်ပေးချင်တဲ့လူက မရှားဘူး။ အခု ဆွေးနွေးမယ့် Adjective ကို ကြည့်လေ။ Verb ကို ချဲ့ထွင်တော့ Adverb ခေါ်တာကို အကြောင်းပြုပြီး Noun ကို ချဲ့ထွင်တာမို့ Adnominal ခေါ်သူက ခေါ်နေကြပြီ။ တလောဆီက ကျွန်တော်တို့ ကျောင်းတွေမှာလည်း Noun modifier လို့ တော်တော်လေး တွင်ကျယ်လိုက်သေးတယ်။ တစ်ချို့ကတော့ Modifier, Qualifier ခွဲခြားပြကြလေသေးရဲ့။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သဒ္ဒါသင်စဉ်က Adjunct of Subject / Object စသဖြင့် သင်ခဲ့ရတယ်။ တစ်ချို့စာအုပ်များမှာ Extension, Enlargement သုံးတာကိုလည်း တွေ့ခဲ့ရသေးတယ်။ ခုအခန်းမှာတော့ Adjective ဆိုတဲ့ ဝေါဟာရကိုပဲ သုံးသွားမယ်။ အရင်အခန်းများမှာ တွေ့ခဲ့ရတဲ့အတိုင်း Adjective ကို Complement အဖြစ် သုံးပါတယ်။
Thita is bad-tempered.
....S...V............SC
Toothache made Thita bad-tempered.
.......S...........V........DO............OC
သိကြတဲ့အတိုင်း Adj များကို Noun ရှေ့က၊ နောက်ကထားပြီးလည်း သုံးရတယ်။ တစ်လုံးချင်းလည်း သုံးတယ်။
a bad-tempered girl
...............Adj........N
my bad-tempered sister.
Adj............Adj.........N
the girl nextdoor
........N........Adj
the girl in the next room.
........N...............Adj
the girl who lives near
........N...........Adj
a very bad-tempered girl suffering from toothache
.......................Adj.......N...............................Adj
Noun ရဲ့ ရှေ့ကရှိတဲ့ စကားလုံးတွေထဲမှာ articles ( a, an, the, 0 ) အပါအ၀င် determiners, adj စစ်စစ်လို့ ဆိုရမယ့် big, clever, beautiful နဲ့ intensifier လို့ ခေါ်တဲ့ very, most, extremely တို့လို စကားလုံးများ၊ numeral လို့ခေါ်တဲ့ အရေအတွက် ကိန်းဂဏန်းပြစကားလုံးများ ( tow, second )၊ possessive လည်းခေါ် genitive လည်းခေါ်တဲ့ my, his, their, John's, boys' စတဲ့ စကားလုံးများ၊ Adj နေရာမှာသုံးထားတဲ့ Noun များ၊ ( ဥပမာ - paper tiger က paper, union day က union ) တို့ပါ ပါဝင်ကြတယ်။
a very useful book
tow extremely large Yoma tigers
all the five jungle tales
Brown's eldest daughter.
ဒီလို Noun ရှေ့မှာ စကားလုံးတွေကို စဉ်ရာမှာ အကြမ်းဖျဉ်း မှတ်ထားစေချင်တာကတော့ ပထမ determiners ( a, the, some စသည့် )၊ ဒုတိယ numerals ၊ တတိယ intensifier နဲ့ Adj၊ စတုတ္ထ အခြားစကားလုံး။ နောက်ဆုံးမှ Noun ရယ်လို့ ဖြစ်သင့်တယ်။ တကယ်လို့ စကားလုံးနှစ်လုံးသုံးလုံး စသဖြင့်ကို Adj တစ်လုံးတည်းအဖြစ် Noun ရှေ့က သုံးလိုရင် hyphen ခေါ် တုံးတိုလေးနဲ့ စကားလုံးတွေကို တစ်ဆက်တည်း လုပ်ပေးရတယ်။
a two-hour paper
a seven-year-old boy
his believe-it-or-not attitude
စကားလုံးတစ်လုံးတည်းဖြစ်ပေမယ့် N ရဲ့ နောက်က ထားလေ့ရှိတဲ့ Adj အချို့လည်း ရှိတယ်။ သူတို့ကို အထူးတလည် မှတ်သားထားသင့်တယ်။ အများအားဖြင့် Adverb က လာတယ်။
the boys here
the girls today
the example below
the room upstairs
the day before
the march home
the house everywhere
the celebration afterwards
the way ahead
Friday next
Adv က လာတာမဟုတ်ပဲ အချို့ Adj များကိုလည်း Noun နောက်ကထားတတ်တယ်။
the secretary general
the brigadier general
chapter ten
water enough
the day following
soldiers three
Edward the First
စကားလုံးတွေအပြင် N နောက်ကလိုက်မယ့် Adj တွေကတော့ Adj Phrase နဲ့ Adj Clause တို့ပဲ ဖြစ်ကြတယ်။ in, at, on စတဲ့ Preposition နဲ့ Noun နဲ့ တွဲထားတယ်။ ဒါမှမဟုတ် to-infinitive, V-ing, V-ed စတဲ့ ရုပ်သဏ္ဍာန်မျိုးနဲ့ လုပ်ထားတဲ့ စကားစုများကို Phrase လို့ ခေါ်ကြပြီး ၊ သူ့အထဲမှာကိုပဲ Subject နဲ့ Verb ပါရှိနေတဲ့ စကားစုများကို Clause လို့ ခေါ်ကြတယ်။ ( တစ်ချို့စာအုပ်များမှာ S x V တွဲရက်မရှိတဲ့ အစုများကို Clause ခေါ်နေတာတွေ့ဖူးတယ်။ အသုံးမများသေးပါ။ ကျောင်းသားကို ရှုပ်ထွေးစေမှာမို့ ကျွန်တော်တို့ မကြိုက်ဘူး။ )
Phrases
the tiger in the forest.
the man in the street.
the house over the hill.
a room to let.
a sight to see.
the girl wearing shorts.
books prescribed for the BEHS.
Clauses
people who live in glass-houses.
the cow that kicked the farmer.
an occasion i will never forget.
the town i visited last summer.
the boy she goes out with.
ဒီ Adj Phrase နဲ့ Clause တွေကို Adj လို့မြင်တတ်အောင် နာနာကျက်မှတ်အားထုတ်ပါ။ The tiger in the forest မှာ in the forest က tiger ကို ညွှန်ပြနေတဲ့ Adj ဖြစ်တယ်။“ တောထဲကျား ” လို့ အဓိပ္ပါယ်ရတယ်။ “ ကျားဟာ တောထဲမှာ ရှိတယ် ” လို့ ပြောတာမဟုတ်ဘူး။ the man in the street - လမ်းပေါ်ကလူ။ the boy she goes out with - သူမတွဲနေတဲ့ ကောင်ကလေး။
ဒီသဘောကို ငယ်ငယ်က မတတ်ခဲ့တဲ့အတွက် မြန်မာစာပေလောကမှာ ရယ်စရာ ကြုံဖူးတယ်။ Art for art's sake ဆိုတဲ့ စာကို “ အနုပညာအတွက် အနုပညာ ” လို့ နားမလည်တတ်ပဲ “ အနုပညာသည် အနုပညာအတွက်ဖြစ်သည် ”။ Art for the people ဆိုတာကိုလဲ “ ပြည်သူ့အတွက် အနုပညာ ” လို့ မသိစွမ်းဘဲ “ အနုပညာသည် ပြည်သူ့အတွက် ဖြစ်သည် ” လို့ ဘာသာပြန်ခဲ့ကြတယ်။ ဟိုးတစ်နှစ်ဆီက ကုလသမဂ္ဂစာအုပ်နှစ်အတွက် ဆောင်ပုဒ် Books for All ကို “ စာအုပ်စာပေ လူ့မိတ်ဆွေ ” ရယ်လို့ ဘာသာပြန်ခဲ့ကြသေးတယ်။ “ စာအုပ်စာပေ လူ့မိတ်ဆွေ ” ဆိုရင် “ စာအုပ်စာပေဟာ အကျိုးရှိတယ် ” လို့ အဓိပ္ပါယ်ထွက်တယ်။ “ အားလုံးအတွက် စာအုပ် ” ဆိုရင် “ ဆင်းရဲချမ်းသာ၊ အဖြူအမည်းမရွေး၊ လူသားအားလုံးဖတ်ဖို့ စာအုပ်တွေ ထုတ်ကြပါ ” လို့ အဓိပ္ပါယ်ရတယ်။ ဒါကိုပဲ Books for All က ပြောချင်တာ။ English for All ဆိုတာ“ အင်္ဂလိပ်စာဟာ လူ့မိတ်ဆွေ ” မဟုတ်ဘူး။ “ အားလုံးအတွက် အင်္ဂလိပ်စာ ” လို့ ပြောတာ။ Health for All ဆိုတာလဲ “ ကျန်းမာရေးဟာ လူ့မိတ်ဆွေ ” ပြောတာမဟုတ်ဘူး။ “ အားလုံးအတွက် ကျန်းမာရေး ” လို့ ပြောတာ။
Clause များအကြောင်းကို ယခင့်ယခင် အခန်းများမှာ ဆွေးနွေးခဲ့ပြီးပြီ။ အခု အထူးမတင်ပြတော့ပါ။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment