Wednesday, December 07, 2011

ဂျပန်နိုင်ငံမှ မြန်မာကျွမ်းကျင်အလုပ်သမား ခေါ်ယူမူ

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ကျွမ်းကျငမြန်မာအလုပ်သမားများကို ခေါ်ယူမှုများရှိလာကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။  
ဂျပန်နိုင်ငံက မြန်မာအလုပ်သမားများခေါ်ယူရာတွင် ယခင်က Training Visa (အလုပ်သင်ဗီဇာ) ဖြင့် အလုပ်သမားခေါ်ယူမှုများသာ အများဆုံးရှိခဲ့ရာWork Visa (ကျွမ်းကျင်လုပ်သားဗီဇာ)သည် Training Visa ထက်ပိုအခြေအနေကောင်းလာသဖြင့် Work Visa ဖြင့် အလုပ်သမားခေါ်ယူမှု များရှိလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။ 
မြန်မာနိုင်ငံမှ အလုပ်သမားများကို ဂျပန်နိုင်ငံသို့ အလုပ်သင်ဗီဇာ (Training Visa) ဖြင့် သွားရောက်လုပ်ကိုင်ရန် မြန်မာနိုင်ငံနှင့် ဂျပန်အဖွဲ့အစည်းတစ်ခုဖြစ်သော JITCO (Japan International Training Cooperation Organization) နှင့် နှစ်နိုင်ငံသဘောတူညီမှုစာချုပ်ကို ရေးထိုးပြီး အလုပ်သမားစေလွှတ်ခဲ့ကြကြောင်း၊ သို့သော်လည်း အဆင်မပြေ၍ စာချုပ်ရေးထိုးမှုကို ရပ်ဆိုင်းထားကြောင်း အလုပ်သမားဝန်ကြီးဌာနများထံမှ စုံစမ်းသိရှိရသည်။
JITCO အဖွဲ့နဲ့ MoU ထိုးတာရပ်ထားပေမယ့် အလုပ်သင်ဗီဇာကို ပိတ်ထားတာတော့မဟုတ်ဘူး ဟု အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အလုပ်သင်ဗီဇာဖြင့် စေလွှတ်လျှင် အလုပ်သမားများ အကျိုးခံစားခွင့်နည်းပါးခြင်း၊ အကန့်အသတ်အချို့ကြောင့် အလုပ်သမားမပို့လိုတော့ကြောင်း ကျောက်တံတားမြို့နယ်ရှိ ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးက ရှင်းပြသည်။
ဂျပန်နိုင်ငံရှိ စက်ရုံလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာအလုပ်သမားများကို အလုပ်သင်ဗီဇာနှင့် အလုပ်သမားဗီဇာတို့ဖြင့် ခေါ်ယူလျက်ရှိကြောင်း အေဂျင်စီများက ဆိုသည်။ ယင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသူများသည် ဂျပန်ဘာသာစကားကို အဆင့် ၄ အထိ ကျွမ်းကျင်ထားသူများဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးဘွဲ့တစ်ခုရရှိထားရန် လိုအပ်ကြောင်း၊ အလုပ်သမားဗီဇာဖြင့် သွားရောက်လုပ်ကိုင်လိုသူများသည် အမှန်တကယ်ကျွမ်းကျင်အလုပ်သမား များသာ သွားရောက်လုပ်ကိုင်ခွင့်ရကြောင်း၊ အလုပ်သင်အနေဖြင့် သွားရောက်လုပ်ကိုင်မည်ဆိုပါက အထွေထွေလုပ်သားအနေဖြင့် လုပ်ကိုင်နိုင်ကြောင်း အေဂျင်စီများထံမှ သိရသည်။
Work Visa နဲ့ သွားမယ်ဆိုရင် စက်ရုံတစ်ရုံက တခြားနိုင်ငံတစ်နိုင်ငံက အလုပ်သမားသုံးယောက်ထက် ပိုခေါ်လို့မရဘူး။ အဲဒါကြောင့်သာ ဂျပန်ကို အလုပ်သမားတွေသိပ်မပို့နိုင်ဘူး ဟု ကျောက်တံတားမြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောဆိုသည်။
အလုပ်သင်ဗီဇာဖြင့် သွားလုပ်ကိုင်လိုသူများသည် တစ်နှစ်မှသုံးနှစ်အထိ လုပ်ကိုင်ခွင့်ရရှိပြီး သုံးနှစ်ပြည့်ပါက သက်တမ်းတိုးလုပ်ကိုင်ခွင့်မရှိတော့ကြောင်း၊ အလုပ်သင်အလုပ်သမားများသည် တစ်နှစ်တစ်ကြိမ် စာမေးပွဲဖြေဆိုရပြီး စာမေးပွဲမအောင်လျှင် ပြန်လာရမည်ဖြစ်ကြောင်း၊ အလုပ်သမား ဗီဇာဖြင့်သွားရောက်လုပ်ကိုင်မည်ဆိုလျှင် အလုပ်သမားနှင့် အလုပ်ရှင်သဘောတူလျှင် ဆက်လက်သက်တမ်းတိုး လုပ်ကိုင်ခွင့်ရှိကြောင်း အေဂျင်စီများထံမှ သိရသည်။
ဂျပန်နိုင်ငံသို့ အလုပ်သမားဗီဇာဖြင့် သွားရောက်လုပ်ကိုင်လိုသူများသည် အခြေခံလစာ တစ်လလျှင် ဂျပန်ယန်း ၂၀ဝ,ဝ၀ဝ ဝန်းကျင်၊ အလုပ်သင်ဗီဇာဖြင့်ဆိုလျှင် ဂျပန်ယန်း ၈၀,ဝ၀ဝ ဝန်းကျင်မှ ၁၂၀,ဝ၀ဝ ဝန်းကျင်အထိ ရရှိနိုင်ကြောင်း၊ အလုပ်သမားဗီဇာဖြင့် သွားရောက်လုပ်ကိုင်သူများသည် အေဂျင်စီဝန်ဆောင်ခအပြီးအစီး မြန်မာကျပ်ငွေ သိန်း ၁၀ဝ ဝန်းကျင်မှ သိန်း ၁၅၀ ဝန်းကျင်အထိရှိပြီး အလုပ်သင်ဖြင့်ဆိုလျှင် ကျပ်သိန်း ၇၀ ဝန်းကျင်ပေးရမည်ဖြစ်ကြောင်း အေဂျင်စီများ၏ပြောပြချက်အရ သိရသည်။
Source : The Voice Journal
Posted by အိမ်လွမ်းသူ

No comments:

Post a Comment