"တကယ့်အောင်မြင်သူတွေဟာ အလုပ်မဖြစ်တဲ့အတွေးတွေနဲ့ အချိန်မဖြုန်းဘူး။ခက်ခက်ခဲခဲ မဖြစ်နိုင်တာ တွေလည်းမတွေးဘူး။အန္တ္တရာယ်ဖြစ်လောက်အောင်လဲ မစွန့်စားဘူး။သူတို့ဟာအပြုသဘောဆောင်တာမျိုးတွေကိုပဲတွေးတယ်။သူတို့အတွေးအခေါ်တွေဟာ အောင်မြင်ဖို့အတွေးတွေပဲ ဖြစ်နေတတ်တာများတယ်။"
အထက်ကစကားစုကို ပြောသွားသူကတော့ ဒေါက်တာ Seymour Epstein ဖြစ်ပါတယ်။
ကိုယ်ဘာလိုချင်သလဲ။ ကိုယ်ဘာလုပ်ချင်တာလဲ။ ကိုယ်ဘာဖြစ်ချင်တာလဲ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲတွေးရမယ်။ အကျိုးမရှိတာတွေကို မတွေး၊ မလုပ်ဘူးပေါ့။ "အောင်မြင်ခြင်း" ဆိုတာ မတော်တဆရောက်လာတာ မဟုတ်ဘူး။ ကိုယ့်စိတ်ကူးကို အကောင်အထည်ဖော်ခြင်းကနေ ရလာတဲ့ရလဒ်၊ ကိုယ့်ရွေးချယ်မှုကနေ ဖြစ်လာတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ ပြောရရင် အောင်မြင်မှုဆိုတာ ရွေးချယ်မှုမှန်ကန်လို့ဖြစ်လာတာ၊ ကံကောင်းလို့ဖြစ်လာတာ မဟုတ်ပါဘူး။
ဘုန်းတော်ကြီးတစ်ပါးဟာ ကားမောင်းလာရင်း အင်မတန်လှပတဲ့ ခြံကြီးတစ်ခြံကိုတွေ့လိုက်ရပါတယ်။ သူက ခြံကြီးရဲ့အစပ်တစ်နေရာမှာ ကားကိုရပ်လိုက်ပြီး ကားထဲကထွက်လိုက်တယ်။ ခြံပြင်မှာ တိတ်တိတ်လေးရပ်ကြည့်နေရင်းက ဖွံ့ဖြိုးဝေဆာ သီးပွင့်နေကြတဲ့ သီးနှံတွေကို ခံစားကြည်နူးနေတယ်။ လယ်သမားကြီးတစ် ယောက်က ထွန်စက်ကိုမောင်းလာရင်း ဘုန်းတော်ကြီးရပ်နေတာကိုတွေ့လိုက်တယ်။ ဘုန်းတော်ကြီးက "ဘုရားသခင်က ဒကာတော်ကို လှပတဲ့ခြံကြီးတစ်ခြံ ပေးသနားတော်မူထားတာပဲ။ ဘုရားသခင်ကို ကျေးဇူးတင်သင့်တာပေါ့" လို့ လယ်သမားကြီးကို လှမ်းပြောလိုက်တယ်။ လယ်သမားကြီးက ဘုန်းတော်ကြီးကိုကြည့် ပြီး "တင်ပါ့ ဆရာတော် ဘုရား။ ဘုရားသခင်က တပည့်တော်ကိုခြံကြီးတစ်ခြံ ပေးသနားတော်မူခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘုရားသခင် ပေးသနားတော်မူစဉ်က ဒီခြံဟာဒီအတိုင်းမဟုတ်ပါဘုရား" လို့ ပြန်ပြောလိုက်တယ်။ ဟုတ်ပါတယ်။ဘုရားသခင်က ပေးတယ်ဆိုရင်လည်း အကြမ်းထည်သာပေးမှာပေါ့။ ကိုယ်တိုင်က ပြုပြင်ဖန်တီးခဲ့ရတာကို လစ်လျူရှုလို့မှ မရတာ။
"ထီပေါက်ရင် ကားဝယ်စီးပစ်လိုက်မယ်" ဆိုတဲ့ဒီအတွေးက ပေါကြောင်ကြောင်ကောင်တွေပဲပြောမယ်။ ထီပေါက်မှဆိုရင် ဖြစ်လာနိုင်ခြေအများကြီး နည်းမှန်းသိလျက်နဲ့ပြောတာ။ ဒါပေမဲ့ ထီထိုးတာဟာ ထီမထွက်မချင်းတော့ သူ့အတွက် တွန်းအားတစ်ခုဖြစ်ကောင်းဖြစ်မယ်။ ထီထွက်ရင်လည်း သူ့အတွက် စိတ်ပျက်စရာဖြစ်ကောင်းဖြစ်မယ်။ ထီပေါက်မှဖြစ်မယ်ဆိုရင် မဖြစ်နိုင်ဖို့များတယ်။ ဒါပေ့မဲ့ ထီကျိန်းသေ ပေါက်မယ်ဆိုပြီး ကားကို ပါးစပ်နဲ့ သွားပြီးဝယ်ထားလို့မရဘူး။ ဘဝကိုရိုးရိုးလေး နေသွားမယ်ဆိုတဲ့သူတွေက ကိုယ့်ဘဝကို လုံခြုံသေချာအောင် လုပ်ကြတယ်။ မရေရာ မသေချာမှုတွေကို သဘောတွေ့သူတွေကတော့ အခွင့်အလမ်းကိုပဲရှာကြတယ်။
လူအချို့ဟာ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု လှေကားထစ်လိုလုပ်ပြီး တက်သွားချိန်မှာ၊ အချို့ကတော့ ခုမှ လှေကားတစ်ထစ်ကိုတက်ဖို့ ဘာကြောင့်ပြင်ဆင်နေကြတာလဲ။
လူတစ်ယောက်ဟာ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲမှန်သမျှကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ဖြေရှင်းရင်းက ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်နိုင်ခဲ့တယ်။ နောက်တစ်ယောက်ကတော့ လှေလှော်ရင်း တက်ကျိုး အဆိုးတွေချည်းပဲ ရင်ဆိုင်နေရတာ ဘာကြောင့်လဲ။
အထက်ကမေးခွန်းနှစ်ခုကို ဖြေနိုင်ရင် ဘဝကို ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာ သိသွားလိမ့်မယ်။ ကိုယ့်ဘဝကို ပြောင်းပြန်လှန်လိုက်သလိုလည်း ဖြစ်သွားလိမ့်မယ်။
"အောင်မြင်ချင်ရင် မအောင်မြင်တာတွေဆင်ခြင်" လို့ အမည်မသိသူတစ်ဦးက ပြောဖူးပါတယ်။
အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းတွေနဲ့ပတ်သက်ပြီး သုတေသနတွေအများကြီးလုပ်ဖူးတယ်။အောင်မြင်ခြင်းရဲ့လျှို့ ဝှက်ချက်တွေကို အောင်မြင်သူတွေရဲ့သမိုင်းစဉ်ကို ခြေရာခံပြီးတော့ လေ့လာနိုင်တယ်။ လူဘဝမှာ အောင်မြင်မှုအတွက် ငယ်တယ် ကြီးတယ်၊ အချိန်တိုတယ် ရှည်တယ်ဆိုတာမရှိပါဘူး။ ဘယ်နေရာဒေသမှာ အောင်မြင်မှဆိုပြီးတော့လည်း ကန့်သတ်ထားလို့မရဘူး။
အောင်မြင်မှုတွေမှာ သဲလွန်စလေးတွေရှိတယ်။ အောင်မြင်သူတွေကိုကြည့်၊ သူတို့ကိုခြေရာခံရင်း ကိုယ်လဲအောင်ြ်မင်လိမ့်မယ်။ အလားတူ မအောင်မြင်သူတွေကိုကြည့်ပြီးတော့လည်း ဆင်ခြင်တတ်၊ မြင်တတ်ရင် ကိုယ်တိုင်လည်း ပြင်တတ်လိမ့်မယ်ထင်ပါတယ်။
အောင်မြင်ခြင်းမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး။ စူးစိုက်မှုရှိမယ်၊ စိုက်လိုက်မတ်တပ်လုပ်တတ်မယ်၊ ဆောင်သင့်တာတွေဆောင်မယ်၊ ရှောင်သင့်တာတွေ ရှောင်မယ်။ ဒီလောက်ဆိုရင်ရနေပြီ။ ဆုံးရှုံးခြင်းဆိုတာ အမှားကို အကြိမ်ကြိမ်ကျူးလွန်နေမိလို့လည်း ဖြစ်နိုင်တာပဲ။ ဒီလိုပြောလိုက်လို့ လွယ်လိုက်တာလို့ မထင်ပါနဲ့။အပြောလွယ် အလုပ်ခက်တတ်ပါတယ်။အချို့ကလည်း ရိုးရိုးလေးနဲ့ မြင်သွားတာလဲရှိနိုင်တယ်။ အဓိကပြောချင်တာက လွယ်လွယ်၊ ခက်ခက် မြင်တတ်မှ ဆင်ခြင်တတ်မယ်။
ရယ်စရာကို ရယ်မောနိုင်ခြင်း
ပညာရှိများရဲ့ လေးစားမှုကိုခံရခြင်း
ကလေးတွေရဲ့ ချစ်ခင်မြတ်နိုးမှုကိုခံရခြင်း
ရိုးသားတဲ့ဝေဖန်မှုကို လက်ခံခြင်း
မှားယွင်းမှုကို လက်ခံတတ်ခြင်း
အလှအပကို ခံစားတတ်ခြင်း
သူတစ်ပါးကို အကောင်းမြင်ပေးတတ်ခြင်း
အပေးသာရှိ အယူကိုမသိခြင်း
ဆင်ခြေမများ ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်း
စိတ်ထက် အားသန် ပျော်ရွှင်စွာလုပ်ဆောင်တတ်ခြင်း
သူတစ်ပါးအတွက် ဘဝကိုပေးဆပ်တတ်ခြင်း
ထိုသူမျိုးသာ အောင်မြင်ရာ၏။
အထက်ကစကားစုလေးကို အမည်မသိသူတစ်ဦးက ရေးခဲ့တာပါ။ စဉ်းစားဆင်ခြင်ကြည့်ပါ။
(ကျွန်တော်ဖတ်ခဲ့ဖူးတဲ့အထဲက ပြန်လည်မျှဝေတာပါ။)
Posted by ဝတီ
No comments:
Post a Comment