Monday, March 26, 2012

အဖေနဲ့သမီး

(ဒီနေ့ကတော့ ကျွန်တော်သမီးလေး (၅)နှစ်ပြည့်တဲ့မွေးနေ့လေးပါ။ ကျွန်တော်အရင်က ဖတ်ခဲ့ဖူးတဲ့ ဒီဆောင်ပါးလေးကို ကျွန်တော်လိုပဲ သမီးချစ်သောအဖေများအတွက် ခံစားဖော်ပြပေးလိုက်ပါတယ်။)
လူမှုအဖွဲ့အစည်းကြီးဟာ အမှန်တော့ သမီးနဲ့အဖေထက် သမီးနဲ့အမေ ဆက်ဆံရေးကို ပိုပြီးအလေးထား အားပြုပါတယ်။ ဒါပေမဲ့ အမေက စောင့်ရှောက်ပြုစုလို့ ကြီးပြင်းလာရတဲ့ သမီးနဲ့ အဖေက စောင့်ရှောက်ပြုစုလို့ ကြီးပြင်းလာရတဲ့ သမီးမှာ  ပျော်ရွှင်မှုခြင်း၊ ရလဒ်ချင်း အတူတူပဲ ဖြစ်ပါတယ်။ အမေလုပ်သူဟာ အပြင်ထွက်ပြီး စီးပွားရှာတယ်ဆိုရင် အဖေလုပ်သူဟာ အိမ်တွင်းမှာနေပြီး သမီးဖြစ်သူနဲ့ ပိုပြီး အချိန်ပေးနိုင်ပါတယ်။ အမှန်တော့ အဖေတိုင်း သားသမီးတွေနဲ့ အချိန်ပေးချင် ကြပါတယ်။ ဒါပေမဲ့ စီးပွားရေးအတွက် ရုန်းကန်နေရတာမို့ အချိန်မပေးနိုင်တာ ဖြစ်ပါတယ်။ ဖခင် ၈၀ ရာခိုင်နှုန်းဟာ မိသားစုတာဝန် ကျေပွန်ဖို့အတွက် ပိုက်ဆံရှာ နေကြရတယ်။ အလုပ်ထွက်လုပ်တဲ့ မိခင်တစ်ယောက်နဲ့ အလုပ်ထွက်လုပ်တဲ့ ဖခင်တစ်ယောက်တို့ဟာ အချိန်အားလပ်ပုံချင်း မတူညီပါဘူး။ ဖခင်မှာပိုပြီးတော့ အချိန်ရှားပါတယ်။ သာမန်အားဖြင့် အိမ်ထောင်ဦးစီး ဖခင်ဟာ အလုပ်ထွက်လုပ်တဲ့ အိမ်ထောင်ရှင်မထက် ၁၀ ရာခိုင်နှုန်း ပိုပြီးလုပ်ရလေ့ ရှိပါတယ်။ နောက်ပြီး အဖေနဲ့အမေ ရန်ဖြစ်တဲ့အခါမှာ သားသမီး အများစုဟာ မိခင်ဘက်ကိုသာ လိုက်လေ့ ရှိကြပါတယ်။
အဖေ့သြဇာ
သမီးအပေါ်အဖေ လွှမ်းမိုးကူညီပေးနိုင်တဲ့ ကဏ္ဍတွေက အတော်လေး များပါတယ်။ ကျောင်းပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ မိမိကိုယ်ကို ယုံကြည်မှုစတဲ့ ကဏ္ဍတွေမှာ လွှမ်းမိုးနိုင်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အဖေတစ်ယောက်ဟာ သမီးတစ်ယောက်ကို ယောက်ျားတွေအပေါ် အလွန်အမင်း ယုံကြည်တာ၊ လိုအပ်တာ၊ မှီခိုတာစတဲ့ အစွန်းနှစ်ဖက်တွေကို ထိန်းညှိ ပေးနိုင်ပါတယ်။ ယောက်ျားတွေအပေါ် ကြောက်ရွံ့တာ၊ မှီခိုလွန်းတာတွေကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အနိုင်ကျင့်ခြင်းကိုလည်း မခံရအောင် အဖေလုပ်သူက ထိန်းကျောင်း ပေးနိုင်ပါတယ်။ အိမ်ထောင်ရေးမှာလည်း အဖေမရှိတဲ့ အိမ်ထောင်စုက သမီးအတော်များများဟာ အသက်မပြည့်ခင်မှာ စောစီးစွာနဲ့ အိမ်ထောင်ကျ တတ်ကြပါတယ်။
ပျိုဖော်ဝင်စ
ပျိုဖော်ဝင်စ ကလေးမတစ်ယောက်ရဲ့ မိသားစုတွင်း ဆက်ဆံရေးဟာ ဖခင်အပေါ် အများကြီး မူတည်နေပါတယ်။ အေးစက်စက် ဆက်ဆံရေး၊ သမီးနဲ့ ဖခင်ဝေးကွာတဲ့ ဆက်ဆံရေးတွေဟာ သမီးရဲ့ အနာဂတ် အနေအထားကို စိုးရိမ်ဖွယ်ရာ ဖြစ်သွားစေနိုင်တယ်လို့ သုတေသန ပညာရှင်တွေက လေ့လာတွေ့ရှိရပါတယ်။ ဒီလေ့လာချက်က မိန်းကလေး ၁၇၃ ယောက်ကို လေ့လာဆန်းစစ်ပြီး သုတေသန ပြုခဲ့တာ ဖြစ်ပါတယ်။ အပျိုဖော်ဝင်စ အချိန်ဟာ ဖခင်ရဲ့ ထိန်းသိမ်း စောင့်ရှောက်လမ်းညွှန်မှု အလိုအပ်ဆုံး၊ အလွှမ်းမိုးဆုံး၊ အရေးအပါဆုံး အချိန်လည်း ဖြစ်ပါတယ်။ ပျိုဖော်ဝင်စ ကလေးမ တစ်ယောက်အနေနဲ့ ရင့်ကျက် တည်ငြိမ်မှုရှိဖို့ဆိုတာ မိသားစုတွင်း ဆက်ဆံရေးကနေ သွားရမှာ ဖြစ်ပါတယ်။ အဖေနဲ့သမီး ဆက်ဆံရေး ချောမွေ့ဖြောင့်ဖြူး နေဖို့အတွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ၊ ဆက်သွယ်မှုတွေ၊ နည်းပေးလမ်းပြမှုတွေ၊ မေတ္တာတွေနဲ့ ပေါင်းယှက် တည်ဆောက်ထားရမှာ ဖြစ်ပါတယ်။
ဖြေရှင်းနည်းများ
အဖေတစ်ယောက်ဟာ သမီးတစ်ယောက်နဲ့ ဆက်ဆံရေး ချောမွေ့ဖို့အတွက် တစ်ဖက်နဲ့တစ်ဖက် လေးစားမှုရှိဖို့ လိုအပ်ပါတယ်။ သမီး တစ်ယောက်အတွက် ဒါဟာ ပထမဆုံး ကျား-မ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ ပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်အနေနဲ့ သူ့ကိုယ်သူ ပထမဆုံး မိန်းမအဖြစ် အသိအမှတ်ပြုတဲ့ အရွယ်လည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဘယ်အရာကို လက်သင့်ခံရမယ်၊ ဘယ်အရာကို လက်သင့်မခံရဘူး ဆိုတာ စဉ်းစားဆင်ခြင်ဖို့ စတင်တဲ့ အရွယ်လည်း ဖြစ်ပါတယ်။ အဖေအနေနဲ့ သမီးရဲ့ ထင်မြင်ယူဆချက်တွေကို ဂရုတစိုက်နဲ့ နားထောင် ပေးသင့်ပါတယ်။ အလေးထား ပေးသင့်ပါတယ်။ သမီးရဲ့ အယူအဆတွေကို မနှစ်သက်၊ သဘောမတူနိုင်ရင်တောင် နားစိုက်ထောင် ပေးသင့်ပါတယ်။ ဒုတိယအချက်ကတော့ မေတ္တာဖြစ်ပါတယ်။ ဖခင်တစ်ယောက်ရဲ့ နွေးထွေးတဲ့ မေတ္တာဟာ သမီးတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ သမီးကို နှစ်သိမ့်ပေးဖို့၊ နွေးထွေးမှုပေးဖို့၊ လုံခြုံမှုပေးနိုင်ဖို့ အင်မတန်မှ လိုအပ်ပါတယ်။ တတိယ အချက်ကတော့ စည်းကမ်းဖြစ်ပါတယ်။
ဖခင်ဟာ သမီးအပေါ် စည်းကမ်း တင်းကျပ်လွန်းတာ ဖြစ်တတ်ပါတယ်။ စည်းကမ်းကို မတင်းလွန်း၊ မလျော့လွန်း အနေအထားနဲ့ စေ့စပ်ညှိနှိုင်းမှု သဘောမျိုးဖြစ်အောင် ပြုလုပ်သင့်ပါတယ်။ ဒီအချိန်မှာ တင်းလွန်းရင် သမီးဘက်ကပြန်ပြီး ထကြွတာ၊ ပုန်ကန်တာ ဖြစ်နိုင်ပါတယ်။ စတုတ္တအချက်ကတော့ သမီးအပျိုဖော် ဝင်လာချိန်မှာ သမီးဟာ မိခင်-ဖခင်တို့ရဲ့ အိမ်ထောင်ရေး အနေအထားအပေါ် မူတည်ပြီး သင်ယူလေ့လာတတ် ကြပါတယ်။ အမေအပေါ် နှိပ်စက်တာ၊ ရန်ဖြစ်တာတွေဟာ သမီးအတွက် အဆိုးမြင် အတွေးအခေါ်တွေ ဝင်သွားစေနိုင်ပါတယ်။ စိတ်ဒဏ်ရာ အမာရွတ်တွေ ဖြစ်သွားစေနိုင်ပါတယ်။ ဖခင်ဟာ မိခင်အပေါ် ရိုက်နှက်နေရင် သမီးဖြစ်သူဟာ ယောက်ျားတွေအပေါ် လူဆိုးအဖြစ် မြင်သွားပြီး ယောက်ျားမုန်းဝါဒီ မသိစိတ်က ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် သမီးတစ်ယောက်ရဲ့ ပျိုဖော်ဝင်စ အချိန်ဟာ ဖခင်ရဲ့အရိပ် အာဝါသပေးနိုင်မှု ကောင်းခြင်း၊ မကောင်းခြင်းဟာ လွန်စွာအရေးပါ နေရခြင်းပဲ ဖြစ်ပါတယ်။ ပုခက်လွှဲမယ့် လက်တွေရဲ့ အနာဂတ်ဟာ ဖခင်တွေအပေါ်မှာ တစ်စိတ်တစ်ဒေသမက လွှမ်းမိုးနေတာကို သတိချပ်ရင်း သူငယ်ချင်းတို့အတွက် ဖခင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားကြပါလို့ ရည်သန်ရင်း .....
Source : Movie Myanmar
Posted by ဝတီ

1 comment:

Anonymous said...

ဒါဆို သမီးလေးရှေ့မှာ မိန်းမကို များများကြင်နာပြမှ ဖြစ်တော့မယ်။

Post a Comment