Tuesday, April 24, 2012

ထာဝရမိတ်ဆွေ၊ တခဏမိတ်ဆွေ

မိတ်ဆွေကောင်းဆိုသည်မှာ ခက်ခဲဆုံးအချိန်တွင် မိမိတို့နှင့်အတူရှိနေခြင်းပင်ဖြစ်သည်။ လူမူဘဝသဘာဝမှာ သာရာစီး၊ ပျော်သလိုနေ၊ အခွင့်ထူးရစသည့်အချက်များရှိနေမှသာ မိမိတို့နှင့်အတူတကွ ရှိနေတတ်ပေသည်။ လက်တွေ့ဘဝနယ်ပယ်တွင် အခက်အခဲအကျပ်အတည်းများ တွေ့ကြုံလာပါက ထိုသူတို့ထံမှ ဖယ်ခွာသွားတတ်ကြသူများမှာ တခဏမိတ်ဆွေဟုခေါ်သည့် မိတ်ဆွေတုဖြစ်လေသည်။ အချို့ကလည်း တော်သလိုနေ၊ လွယ်သလိုပင်လုပ်၊ ဘာသိဘာသာနေသွားတတ်သူများမှာလည်း တခဏမိတ်ဆွေများဖြစ်ပေသည်။
လူအချို့တို့မှာ အဆင်ပြေချောမွေ့နေပြီး အလိုလိုက်အကြိုက်ဆောင်နေလျှင် အကြိုက်တွေ့ကြ၍ အလွန်ခင်မင်စရာကောင်းသူပါပဲဟုဆိုလေသည်။ ထိုသူသည် တခါတရံ စိတ်နှင့်အခန့်မသင့်၍ သဘောကွဲလွဲသွားလျှင်မူ ထိုသူထံမှ ဖယ်ခွာသွားတတ်ကြလေသည်။ ဤသို့သော မိတ်ဆွေသင်္ဂဟများမျာ လူမူဘဝတွင် များမှများပေသည်။ တခါ မြင့်မားနေစဉ်အခါတွင်လည်း အလွန်ပင်လေးစားချစ်ခင်ဖွယ်ကောင်းပါဘိဟု ဆိုကြပြန်သေးသည်။ ထိုသူနိမ့်ပါးသွားသောအခါတွင် ဖုတ်လေသည့်ငါးပိ ရှိသည်ဟုလေပင်မထင်တော့ပဲ လမ်းတွေ့လျှင်ပင် မသိချင်ယောင်ဆောင်သွားတတ်ကြပေသည်။
အမှန်တကယ်မိတ်ဆွေကောင်းတို့သည် မိမိခံစားရသည်တို့ကို နားလည်ပေးခြင်း၊ မိမိကြုံတွေ့ရသည့်အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးခြင်း၊ မည်သည့်အခြေအနေတွင် ရောက်နေသည်ဖြစ်စေ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတို့ကို ပြုလေသည်။ မိတ်ဆွေကောင်းဆိုသည်မှာ အခက်အခဲဆုံးအချိန်တွင် မိမိနှင့်အတူရှိနေခြင်းပင်ဖြစ်သည်။ မိမိကိုလည်း အခက်အခဲကြုံအောင် မည်သို့မျှပြုမူမည့်သူမဟုတ်ချေ။ ထို့အပြင် မိတ်ဆွေကောင်းတို့သည် မိမိမိတ်ဆွေ၏ နဂိုရှိပြီးသားပုံစံအတိုင်းကိုပင် လက်ခံကြသည်။ အရှိအတိုင်းဖြစ်တည်နေသည်ကို လက်ခံကြသည်။ စိတ်သဘောထားမှာ တသမတ်တည်းရှိပြီး မည်သည့်အခြေအနေရောက်ရောက် ပြောင်းလဲမသွားချေ။
အချို့မိတ်ဆွေကောင်းများမှာ ပိုမို၍ မြင့်မြတ်သာလွန်ကြပေသည်။ မည်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ အဆိုပါမိတ်ဆွေ ဖယ်ခွာသွားသော်လည်း ခွင့်လွှတ်သည်းခံတတ်ကြသည်။ အဆိုပါမိတ်ဆွေက မိမိကိုပြန်လည်ရန်တုံ့မူလျှင်ပင် ကျေကျေနပ်နပ်ကြီး ခံစားပေးတတ်လေသည်။ ထို့ကြောင့် အဆိုပါမိတ်ဆွေကောင်း၊ မိတ်ဆွေမကောင်းတို့ လောကလူ့ရွာတွင်ရှိတတ်ကြရာတွင် အချိုမိတ်ဆွေတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေမကောင်း မခွဲခြားတတ်လောက်အောင် ဖြစ်တတ်ကြသဖြင့် မိမိ၏ဆင်ခြင်ဥာဏ်ဖြင့် ခွဲခြားစိတ်ဖြာဝေဖန်ပိုင်းခြားတတ်ရမည်ဖြစ်ပေသည်။ သို့မဟုတ်ပါမူ မိတ်ဆွေတုကို မိတ်ဆွေစစ်ဟု ထင်မြင်ပေါင်းသင်းမိ၍ မိမိသည်ပင် ကိုယ်စိတ်ဆင်းရဲဖြစ်တတ်ကြသည်ကို လူမူရေးဘဝနယ်ပယ်တွင် တွေ့ရတတ်လေသည်။
လူမူရေးကျင့်ဝတ်များတွင် မိတ်ဆွေကျင့်ဝတ်ငါးပါးရှိရာ မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊ ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း၊ နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်တတ်ခြင်း၊ ပြောဆိုဆက်ဆံရာတွင် စကားအရာ ပြေပြစ်ချိုသာစွာပြောတတ်ခြင်း၊ စီးပွားရေးဥစ္စာရှာဖွေရာတွင် သစ္စာဖောက်ဖျက်မူမရှိခြင်းတို့ဖြစ်သည်။ ထို့အပြင် ကျေးဇူးခံမိတ်ဆွေ ကျင့်ဝတ်ငါးပါးလည်းရှိသေးသည်။ မေ့လျော့နေသောဥစ္စာကို စောင့်ရှောက်ပေးခြင်း၊ တစ်ဖက်မိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုရာဖြစ်ရခြင်း၊ ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာမသွားခြင်း၊ သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ခြင်းတို့ ဖြစ်လေသည်။
အဆိုပါမိတ်ဆွေများသည် မိမိတို့ဘဝအတွက် ထာဝရမိတ်ဆွေများ ဖြစ်ကြသည်။ လူမူဘဝနယ်ပယ်တွင် ကျင်လည်ကျကုန်သော အမျိုးကောင်းသားသမီးတို့သည် မိမိတို့နှင့်ပေါင်းသင်းဆက်ဆံကြမည့်သူများအား မိတ်ဆွေစစ်၊ မိတ်ဆွေတု၊ ထာဝရမိတ်ဆွေ၊ တခဏတာမိတ်ဆွေဟူ၍ ခွဲခြားသိမြင်နိုင်စွမ်းရှိကြခြင်းဖြင့် မိမိတို့ဘဝ ထာဝရသာယာလှပနေမည်သာဖြစ်ပါသည်။          ။
Posted by စိုးမင်းခိုင်

1 comment:

Anonymous said...

တိုက်ဆိုင်တယ်ဗျာ...ထာဝရမိတ်ဆွေပဲ လိုချင်သလို ..ထာဝရမိတ်ဆွေပဲ ဖြစ်ချင်တယ်ဗျာ...

Post a Comment