Monday, July 09, 2012

ကျွန်တော် ပညာသင် (၄)

နံနက် (၇) နာရီ Alarm ပေးထားတာ (၆း၅၆) နာရီမှာနိုးလာပါတယ်။ Alarm မြည်တဲ့ထိစောင့်ပြီးမှ အိပ်ယာက ထလိုက်တယ်။ မနက်စာ ခေါက်ဆွဲပြုတ်၊ ပေါင်မုန့် တို့စားပြီး (၈း၀၀) နာရီ ကျောင်းပြေးခဲ့တယ်။ အချိန်မီရုံလေးပါပဲ။ ဆရာမ Suzawa Chieko သင်ပါတယ်။ ၁၅-မိနစ်နားပြီး (၁၀း၃၀) နာရီ အတန်းပြန်စတော့ အရင် အခြေခံအတန်းနဲ့ ခြားထားတဲ့ နံရံကို ဖယ်လိုက်ပြီး Compound Room လုပ်လိုက်ပါတယ်။ အားလုံး အံ့အားသင့်နေစဉ်မှာပဲ ဆရာ Kashima Tanomu ကနေ Sound Pronunciation တွေသင်ကြားပါတယ်။ ဂျပန်စာ (Nihongo) မှာတော့ အသံထွက်တာ အင်မတန် အရေးကြီးပါတယ်။ ပြောနေတဲ့ အချိန်မှာ မှားနိုင်တာတွေ အများကြီးပါ။ ဥပမာ- စာရွက် နဲ့ နတ်ဘုရား (တရုတ်စာလုံး ခန်းကြီး ရေးပုံမတူပေမယ့် အသံထွက် Kami ကို စာရွက်ကျတော့ “ခ” သံကို လေးထွက်ပြီး နတ်ဘုရားကိုကျတော့ “ခ” သံကို ပေါ့ထွက်ပါတယ်- ရုတ်တရက် နားထောင်လိုက်ရင် တူသလိုလိုနဲ့ မှားနိုင်တာမျိုးပါ။) လိုပေါ့။ တရုတ်စာလုံး ခန်းဂျီးရေးပုံတွေ ကွဲပြားပေမယ့် ပြောနေစဉ် အသံထွက်အလိုက် အဓိပ္ပါယ်ကွဲသွားနိုင်တာတွေ အများကြီးပါ။ ကျွန်တော်တို့ အားလုံး နိုင်ငံပေါင်းစုံ (၂၄) ယောက်ရှိပါတယ်။ နယ်မြေဒေသ အလိုက် အသံထွက်တွေ အမျိုးမျိုးပါ။ သင်နေတဲ့အချိန် တစ်ယောက်ချင်းစီ အသံထွက်ဖတ်ခိုင်းပါတယ်။ သင်နေရင်းနဲ့ ဟာသတွေလဲ မြောက်ပါတယ်။ နေ့လည် (၁း၀၀) နာရီမှာ ဆရာမ Yasui Sumie သင်ပါတယ်။ (၂း၃၀) နာရီ အတန်းပြီးသွားတော့ ကိုစိုင်းတို့နဲ့လူစုပြီးစက်ဘီးဝယ်ဖို့ ထွက်ခဲ့ကြပါတယ်။ 
Seiyu (ကျွန်တော်တို့ အဆောင်နဲ့ မဝေးပါ- မြေအောက်ရထား ၂- ဘူတာလောက်မှာပါပဲ။) မှာ ကျွန်တော်တို့ စက်ဘီး ၁- စီးစီ ဝယ်ပါတယ်။ စက်ဘီး တွေကတော့ အမျိုးအစားအလိုက် ဈေးတွေလဲ အမျိုးမျိုးပါပဲ။ ကျွန်တော်တို့လဲ ကျွန်တော်တို့နဲ့ သင့်တော်တဲ့ ယန်း (၈၀၀၀) လောက်ပဲ ဝယ်လိုက်ကြပါတယ်။ ဒီမှာက စက်ဘီးဝယ်ရင် စက်ဘီးနဲ့ သက်ဆိုင်တဲ့ လက်စွဲ (Manual)၊ စက်ဘီးဝယ်ယူကြောင်း ထောက်ခံစာ၊  စက်ဘီးစီးစဉ် လိုက်နာရမယ့် စည်းကမ်း စတာတွေ ပါတဲ့ ထောက်ခံစာ သဘောမျိုး စာအုပ်လေးတွေ ပေးလိုက်ပါတယ်။ စက်ဘီးရောင်းလိုက်တဲ့ ဆိုင်ကြီးတွေကလဲ စက်ဘီးရောင်းလိုက်ကြောင်း စက်ဘီး အမှတ်စဉ်  (စက်ဘီးကိုယ်ထည်တွင် အသားတံဆိပ်ရေးထွင်းထားပါသည်။)  နဲ့တကွ ရဲစခန်းကို မှတ်တမ်းအနေနဲ့ ပေးပို့ရပါတယ်။ အဲဒီလိုပဲ စက်ဘီးရောင်းလိုက်တိုင်း ရောင်းလိုက်တဲ့ စက်ဘီးတွေက ရဲဌာနမှာ ဘယ်သူက စက်ဘီးအမှတ်စဉ် ဘယ်လောက်ကို ဝယ်ယူသွားကြောင်း မှတ်တမ်းအနေနဲ့ ရှိနေပါတယ်။ ဘယ့်အတွက်ကြောင့် ဒီလောက်ထိတင်းကြပ်ရပါသလဲ ဆိုရင် ဂျပန်မှာက စက်ဘီးတွေ ပေါများသလို မကြာခဏလဲ ပျောက်တတ်ကြပါတယ်။ စက်ဘီးတစ်စီးပျောက်ပါက ပျောက်ဆုံးသူမှ စက်ဘီးအမှတ်စဉ်နဲ့ တကွ ဘယ်ဆိုင်က ဝယ်ယူထားကြောင်း အထောက်အထားနဲ့ တိုင်ကြလေ့ရှိတာကြောင့် ကိုရွှေရဲများကလဲ စက်ဘီးပျောက်တိုင်စာရလျင်ရချင်း နေ့နေ့ညည လမ်းဆုံလမ်းခွ ပလက်ဖောင်းများကနေ စောင့်ပြီး စက်ဘီးမှန်သမျှ စစ်မေးပါတော့သည်။ 
စက်ဘီးကို ကိုယ်တိုင်ဝယ်ထားသလား၊ သူငယ်ချင်းဆီက ရထားသလား (သူငယ်ချင်းက ကျောင်းပြီးလို့ ပြန်သွားလို့ ပေးခဲ့လျှင်တောင်မှ စက်ဘီးလက်ခံ ရရှိကြောင်းထောက်ခံစာ ယူထားရပါသည်။ ထောက်ခံစာ မရှိလျှင်တောင်မှ ယူထားသော သူငယ်ချင်းနာမည် ပြောနိုင်ရပါသည်။ သူတို့ဆီမှာ မှတ်တမ်းအထောက်အထားတွေက ရှိနေနှင့်ပြီကိုး။) စသည်ဖြင့် စက်ဘီးအမှတ်စဉ်ကို သူတို့ဌာန နှင့်လှမ်းဆက်သွယ်၍ အတိအကျ စစ်ဆေးတာခံရပါသည်။ စက်ဘီးအရေးက ထိုမျှနှင့်ပြီးပြီလားဆိုတော့ မဟုတ်သေးပြန်။ ကျောင်းမှာ ဆိုလျှင်လည်း Register လုပ်ထားရပါသည်။ Register လုပ်ထားသော စက်ဘီးမဟုတ်လျှင် ကျောင်းဝင်းထဲတွင် စက်ဘီးထားခြင်းအား လက်မခံပါ။ ဂျပန်တွင် ယာဉ်ရပ်နားရန် နေရာ လွန်စွာမှ ရှားပါးသောကြောင့် (ရှိပြန်လျှင်လည်း ယာဉ်ရပ်နားရန် ယာဉ်ထားရှိရန် နေရာ အခကြေးငွေမှာ လွန်စွာမှ ဈေးကြီးပါသည်။)  ကျောင်းလုံခြုံရေးများမှလည်း တင်းကြပ်စွာဖြင့် စောင့်ကြည့် အရေးယူလျှက် ရှိနေရသည်။  

  ဂျပန်တွင် စက်ဘီးတစ်စီး ဝယ်ယူရေး၊ လက်ခံရရှိရေး ဒုက္ခ ထိုမျှလောက်နှင့်ပင် သဘောပေါက်လောက်မည်ထင်ပါသည်။ ထိုဒုက္ခအား မခံနိုင်ဘူးလားဆိုတော့လည်း မဟုတ်သေးပြန်ပါ။ ကျောင်းသားတစ်ယောက်အတွက် အချိန်အင်မတန်မှ ရှားပါးသောကြောင့် စရိတ်စက အချိုသာဆုံးနှင့် ကိစ္စကြီးငယ်မဟူ ထိုထိုသော စက်ဘီးကလေးနှင့်ကျတော့လည်း လိုရာခရီးမြန်းနိုင်သည်လေ။ ဤတွင် စက်ဘီး၏ နောက်ဒုက္ခတစ်ခု တင်ပြပါဦးမည်။ “သူတို့ဆီက လမ်းတွေက အင်မတန်ကောင်းလိုက်တာ” လို့ ဒီကနေ ပြန်သွားသည့် သူတွေက ကိုယ့်နိုင်ငံပြန်ရောက်တော့ ပြောကြမည်။ ပြောလည်းပြောလောက်ပါပေသည်။ ထိုမျှလောက်ကောင်းသော လမ်းတွေကြောင့်လည်းပဲ စက်ဘီးကလေးတွေကို လေလေး လျော့သွားပါက ပြန်ဖြည့်ပေးနေရုံသာ။ ကံဆိုးစွာဖြင့် ဘီးများပေါက်လို့ကတော့ ကိုယ်တိုင် ဘီးဖာတာ တတ်လျှင်တတ် (ဘီးဖာစရာ ပစ္စည်းကိရိယာများ ယန်း ၁၀၀ ဆိုင်တွင် ရနိုင်ပါသည်။)၊ မဖာတတ်လို့ကတော့ စက်ဘီးဖာဆိုင်ပို့ပေရော့၊ ရိုးရိုးပေါက်တာဆိုလျှင်တော့ ယန်း ၁၀၀၀- ၁၂၀၀၊ ကျွတ် (သို့) တာယာများ လဲရမည်ဆိုပါက လက်ခနှင့် ဆိုလျှင် ယန်း ၄၀၀၀-၅၀၀၀ လောက်သွားပေရော့။ ကျွန်တော် အထက်က တင်ပြခဲ့သလို စက်ဘီး အသစ်တစ်စီး ယန်း ၈၀၀၀ လောက်ရနိုင်ပါလျှက် စက်ဘီးပြင်ခ ထိုမျှလောက် ကျနေလျှင် စာဖတ်သူတို့ စဉ်းစားသာ ကြည့်ပေတော့ဗျို့။ ဤနေရာတွင် အလျဉ်းသင့်၍ ဂျပန်ပြည်တွင် စက်ဘီးစီးလျှင် လိုက်နာရမည့် စည်းကမ်းများသတ်မှတ်ထားပေရာ အမြည်းသဘောဖြင့် အချို့ကို တင်ပြပါမည်။ 


အသက် ၆-နှစ်နှင့် အထက် နောက်ထိုင်ကယ်ရီယာပေါ်တွင် တင်ဆောင်စီးနင်းပါက ယန်း ၂၀၀၀၀ ဒဏ်ငွေရိုက်ခံရမည် ဖြစ်ပါသည်။


ညအခါတွင် Headlamp မပါပဲ စီးလျှင်သော်လည်းကောင်း၊ ထီးဆောင်းပြီး စီးနင်းလျှင်သော်လည်းကောင်း၊ လက်ကိုင်ဖုန်း သုံးစွဲရင်း စီးနင်းလျှင်သော်လည်းကောင်း ထောင်ဒဏ် အပြစ်မပေးပဲ ယန်း ၅၀၀၀၀ ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ပါသည်။
စက်ဘီးစီးရာတွင် နေ့ည ဖြစ်စေ နောက်ထိုင်ခုံ ကယ်ရီယာပေါ်တွင် လူတင်၍မနင်းရ။ ထီးတစ်ဘက် ဆောင်း၍ စက်ဘီးနင်းခြင်းအား ခွင့်မပြုပါ။ စက်ဘီးနင်းနေလျှင် လက်ကိုင်ဖုန်းပြောခြင်း၊ မီးပွိုင့်ဖြတ်နေလျှင် ဖုန်းအသုံးပြုခြင်းများအား တားမြစ်ထားပါသည်။ ညအခါ စက်ဘီး အသုံးပြုလျှင် ရှေ့မီးထွန်းထားရပါသည်။ ဒိုင်နမိုလေးများမှာ မကြာခဏ ပျက်တတ်ရာ (သို့) စက်ဘီးတာယာများ ပျက်စီးခြင်းမှရှောင်နိုင်ရန် လက်ကိုင်တွင် တတ်၍အသုံးပြုနိုင်သော headlamp လေးများ ဝယ်၍ရနိုင်ပါသည်။ ဤကား ကျွန်တော်တွေ့ကြုံရသော ဂျပန်ပြည်မှ စက်ဘီးနှင့် ပတ်သက်သော အတွေ့အကြုံလေးများ ဖြစ်ပါသည်။ အထက်ပါ ကျွန်တော်တင်ပြနေသည်များမှာ စက်ဘီးဋ္ဋီကာဖွဲ့သလိုများ ဖြစ်သွားလေမည်လား မပြောတတ်ပါ။ အမှန်တကယ်တော့လည်း ကျွန်တော်တို့လို နိုင်ငံခြားသားကျောင်းသားများသာမက ဂျပန်ကျောင်းသား လေးများလည်း စက်ဘီးပင်သုံးကြပါသည်။ ကျောင်းနှင့်အတန်လှမ်းသော နေရာများသာလျှင် မြေအောက် ရထား သုံးကြပါသည်။
စက်ဘီးဝယ်ယူခြင်းကိစ္စပြီးစီးသွားတော့ ကျွန်တော်တို့လည်း အဆောင်ဘက်ပြန်လာကြရာ ယန်း ၁၀၀ ဆိုင်တွေ့၍ လိုအပ်သော အသုံးအဆောင်များဝယ်ကြပါသည်။ (ကျွန်တော်တို့ ရောက်စက ၉၉ ယန်း ဆိုပြီး  ယန်း ၁၀၀ ဆိုင်လေးတွေရှိပါတယ်- နောက်တော့မှ Lawson ကနေ အားလုံး ဝယ်ယူပြီး ယန်း ၁၀၀ ဆိုင်များ အနေနဲ့ ဆက်လက်ဖွင့်ထားပါတယ်- ဒီဆိုင်လေးတွေ ကနေ အသုံးအဆောင် ပစ္စည်းလေးတွေကို ဈေးချိုချိုနဲ့ ဝယ်ယူရနိုင်တော့ များစွာမှ အဆင်ပြေလွယ်ကူလှပါတယ်။) ပြီးနောက် FEEL Fresh Food မှာ ဟင်းချက်စရာတွေတွေ့တော့ ဝမ်းသာအားရ ဖြစ်သွားကြတယ်။ ဒီမှာက အသီးအရွက်တွေက ရှား၊ ဈေးတွေက ကြီးပါဘိသနဲ့ဆိုတော့ ဈေးအတန်အသင့်လေးတွေ့တာနဲ့ ဖြစ်မယ်ဆိုလည်း ဖြစ်လောက်တာပါပဲ။ တကယ်ပါပဲ- ဒီမှာတော့ အစစ အရာရာ ဈေးနှုန်းတွေကမြင့်နေတာပါပဲ။ ကျွန်တော်တို့ကိုတော့ ကိုစိုင်းက သတိပေးလေရဲ့- သိပ်မတွက်နဲ့တဲ့- ဟုတ်မှာပါ- နောက်တော့လဲ နေသားကျသွားမှာပါ။ (ဆက်ပါဦးမည်။) 
Posted by စိုးမင်းခိုင်

1 comment:

ထွန်းမြင့်ဌေး said...

ဗလကြီးရေ စင်္ကာပူမှာလည်း စက်ဘီးသူခိုး ပေါတယ်ဗျ။ စက်ဘီးစီးတဲ့ စည်းကမ်းကြီးပုံကတော့ ကျနော် အလုပ်လုပ်နေတဲ့ ExxonMobil စက်ရုံလောက် ဘယ်မှာမှ ကြီးမယ် မထင်ဘူး။ Bicycle Training ပေးပြီး Figure 8 ပုံ လက်တွေ့ စီးပြရတယ်။ ကျနော် နှစ်ခါတက်တာ နှစ်ခါလုံးကျလို့ အခုထိ စက်ဘီး စီးခွင့်မရသေးဘူး။ ဆက်ပြီးရေးပါအုံးလို့ တိုက်တွန်းချင်ပါတယ်။

Post a Comment