Saturday, June 30, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၄)

၆၆။ အနောက်တိုင်းစားသောက်ဆိုင်များကိုသွားပါ။ အင်္ဂလိပ်လို Menu ယူပြီးကြည့်ရမှာဖြစ်တဲ့အပြင် အင်္ဂလိပ်စကားပြောနိုင်ငံတွေရဲ့ ယဉ်ကျေးမှုအကြောင်း သိရှိနားလည်ဖို့ နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။ အဲဒီအပြင် အင်္ဂလိပ်ဘာသာနဲ့ စာရင်းတွေ ဖော်ပြထားတဲ့ အခမဲ့မဂ္ဂဇင်းတွေလည်းရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တီဗွီမှာ အင်္ဂလိပ်လို အားကစားကဏ္ဍ ကြည့်နိုင်ပါတယ်။ စကားပြောလို့ရမယ့် နိုင်ငံခြားသားတွေလည်း တွေ့မှာဖြစ်ပါတယ်။
၆၇။ အသံထွက် အီလက်ထရောနစ်အဘိဓာန်ဝယ်ပါ။ အီလက်ထရောနစ်အဘိဓာန်တွေမှာ ပါတဲ့ စကားလုံးတစ်လုံးစီအတွက် ဖွင့်ဆိုရှင်းလင်းချက်တွေက ပုံနှိပ်အဘိဓာန်တွေမှာလောက် မကောင်းပါဘူး။ ဒါပေမယ့် အချို့ အီလက်ထရောနစ်အဘိဓာန်တွေက အသံထွက်ပါတဲ့အတွက် အသုံးဝင်ပါတယ်။
၆၈။ အီလက်ထရောနစ်အဘိဓာန်ပါတဲ့ Vocabulary စာရင်းကို ကျက်မှတ်ပါ။ အီလက်ထရောနစ် အဘိဓာန် အများစုမှာ နောက်ဆုံးကြည့်ခဲ့တဲ့စကားလုံး ၃၀၊ ဒါမှမဟုတ် အဲဒီထက် ပိုပြီး ပြန်ကြည့်လို့ ရအောင် ခလုတ်တစ်ခု ပါတတ်ပါတယ်။ အသုံးမ၀င်ဘူးလို့ယူဆတဲ့ စကားလုံးတွေ၊ ကျက်မှတ်ပြီး စကားလုံးတွေကို အဲဒီစာရင်းကနေ ဖျက်ထားနိုင်ပါတယ်။ ဒါဆိုရင် အဲဒီစာရင်းကို ကျက်ရမယ့်စာလုံး စာရင်း အနေနဲ့ သုံးနိုင်ပါတယ်။ ရထားစီးချိန် ကားစီးချိန်အတွင်း တစ်နေ့ကို ၃-၄ ကြိမ် အဲဒီစာရင်းကို ကြည့်ပေးနိုင်ပါတယ်။
၆၉။ နေ့စဉ်သုံးစက်ကိရိယာတွေရဲ့ Operating System ကို အင်္ဂလိပ်လို ပြောင်းထားပါ။ လက်ကိုင်ဖုန်း၊ ဗီဒီယို ကင်မရာတွေရဲ့ ဘာသာစကားကို အင်္ဂလိပ်လို ပြောင်းထားခြင်းအားဖြင့် နေ့စဉ်အင်္ဂလိပ်ဘာသာစကားနဲ့ အလွယ်တကူထိတွေ့နိုင်မှာဖြစ်ပါတယ်။
၇၀။ ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ထားပါ။ တစ်နေ့ကို ဘယ်နှစ်နာရီ လေ့လာမယ်။ စာလုံးဘယ်နှစ်လုံး လေ့လာမှတ်သားမယ်။ စာမေးပွဲမှာ အမှတ်ဘယ်လောက် ရချင်တယ် စသည်ဖြင့် ဆုံးဖြတ်ထားမယ်ဆိုရင် ကျက်မှတ်လေ့လာရာမှာ ပိုပြီး အားထည့်လာနိုင်ပါတယ်။ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment