လျှပ်တစ်ပြတ် ဆိုးလ်
(Seoul) တဲ့။ ဟုတ်ပါသည်- လျှပ်တစ်ပြတ်မှ တကယ့်ကို တခဏလေးပါပဲ။ ထိုတခဏလေး အတွင်းကျွန်တော်
ရောက်ရှိခဲ့သော၊ အမှတ်မထင် တွေ့ကြုံခဲ့ရသော ကိုရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဆိုးလ်မြို့နှင့်ပတ်သက်သည်လေးများအား
ဖောက်သည်ချ ရေးဖွဲ့ပါမည်။ ကျွန်တော်ရေးဖွဲ့မည်ဆိုသော အကြောင်းအရာလေးများသည် ကျွန်တော်၏
လျှပ်တစ်ပြတ် အတွင်းတွေ့ကြုံခဲ့ရသည်များသာ ဖြစ်သောကြောင့် မှန်ကောင်းမှန်ချင်မှ မှန်ပေမည်။
ကွဲလွဲသည်များလည်း ရှိနိုင်ပေမည်။ တိုက်ဆိုင်သည်များလည်း ပါပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါလျှင်
ကျွန်တော်သည် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မတိုင်ခင်အထိ နိုင်ငံခြားတိုင်းပြည်များသို့
မရောက်ဖူးသေးပါ။ ကိုယ့်မြေကိုယ့်ရေ အတွင်းမှာနေ ကိုယ့်လူမျိုးတွေနဲ့သာ ထိတွေ့ဆက်ဆံ
ဖူးလေတော့ ဖွံ့ဖြိုးပြီးစနိုင်ငံတွေ တိုးတက်ကြပါသည်ဟု ပြောနေကြားနေရသည်။ မထိတွေ့ရ၊
ကိုယ်တွေ့ မမြင်ရတော့ အကြားပဲရှိသည်။ မသိ။ ဒီအတောအတွင်း မြန်မာပြည်သို့ အကြောင်းတိုက်ဆိုင်စွာ
ပြန်ရခွင့်ကြုံတော့လဲ လေယာဉ်အတက်အဆင်း လုပ်စဉ်မှာပဲ တိုးတက်နေပါပြီဟုဆိုသော ဘန်ကောက်မြို့ကြီးကိုအကဲခတ်ကြည့်မိပါသည်။ မြင်ရသလောက်လဲ
တိုးတက်သည့် အရိပ်အယောင်တွေ တွေ့နေရသည်။ ဂျပန်ဆိုတာကတော့ နှစ်နဲ့ချီနေထိုင်နေခဲ့ပြီးတဲ့နောက်
သူတို့လူမျိုးတွေနဲ့ ထိတွေ့ ဆက်ဆံရသည်။ သွားလာရင်း မမြင်ချင်အဆုံး မြင်တွေ့နေရသည်။
သူတို့လူမျိုးသဘောကို အတော်အတန် စောကြောမိလာပြီ။ Laboratory ထဲမှာ သူတို့နဲ့ အတူလုပ်ကိုင်နေရတော့လဲ
သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေ အတော်အတန်တီးမိခေါက်မိလာပြီ။ သိသင့်သလောက် သိလာရတော့မှပဲ
သြော- ဒါ့ကြောင့် ဂျပန်နိုင်ငံ တိုးတက်နေရတာကိုး- ကမ္ဘာ့ဒုတိယ စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံရယ်လို့
ရပ်တည်နိုင်ခဲ့တာကိုးလို့ ကောက်ချက်ချမိပါတယ်။ မွန်ဘူးရှိုးပညာတော်သင်တစ်ယောက်လည်းဖြစ်တဲ့
ရင်မောင် (ဒေါက်တာတိုင်းအုပ်) ရေးသားထားတဲ့ "ဂျပန်ပြည်မှာ ရက်ပေါင်း တစ်ထောင့်သုံးရာ"
ဆိုတဲ့ စာအုပ်လေးရဲ့ အစပိုင်းမှာ ဂျပန်နိုင်ငံ တိုးတက်ရတဲ့ အကြောင်းရင်းတွေကို
စာရေးသူသုံးသပ်ထားတာက ဂျပန်နိုင်ငံသည် လူမျိုးတစ်မျိုးတည်းသာရှိခြင်း၊ နယ်နမိတ် ထိစပ်လျှက်မရှိသော
ကျွန်းနိုင်ငံဖြစ်နေရခြင်းတို့ဖြစ်ပါတယ်။ ကျွန်တော်လည်း ထိုအချက်တွေကို ထောက်ခံပါသည်။
နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ဖို့သည် သဘာဝကဖန်တီးပေးထားခြင်းများကလည်း လျစ်လျူရှု၍မရပါ။
လူမျိုးတစ်မျိုးတည်းသာရှိခြင်းကြောင့် ဥပဒေ ပြဌာန်းရာတွင်လည်းကောင်း အုပ်ချုပ်ရာတွင်လည်းကောင်း
လွယ်ကူခြင်း၊ နယ်နမိတ် ထိစပ်မနေခြင်းကြောင့် ၎င်းနှင့်သက်ဆိုင်သော ပြဿနာများ အထိုက်အလျောက်လျော့ပါးခြင်းများ
စသည်တို့ကို ထောက်ပြထားပါသည်။
ထို့အတူ အာရှကျားတစ်ကောင်
ဟုတင်စားခံရသော တောင်ကိုရီးယားနိုင်ငံ သည်လည်း ကျွန်တော်တို့ မြန်မာပြည်သူတွေနှင့်
မစိမ်းပါ။ ကိုရီးယား ယဉ်ကျေးမှုတွေ ဒလဟော စီးဝင်နေသည် ထင်ရလောက်အောင် ကိုရီးယားရုပ်ရှင်ကားများက
မြန်မာပြည်ပရိတ်သတ်ကို ဖမ်းစားထားနိုင်ခဲ့ခြင်းကြောင့်လည်းပဲ ကိုရီးယားနိုင်ငံနှင့်
စိမ်းမနေရခြင်းဖြစ်ပါသည်။ ကျွန်တော်သည်လည်းပဲ ယခုဂျပန်မလာခင် အချိန်ထိ ကိုရီးယားရုပ်ရှင်
ပရိတ်သတ်တစ်ဦး အခိုက်အတန့် ဖြစ်ခဲ့စဉ်က ကိုရီးယားယဉ်ကျေးမှု၊ လူမျိုးတို့၏ဓလေ့သဘာဝများနှင့်
ရုပ်ရှင်ထဲတွင် ပြထားသည့် တိုးတက်မှုပြယုဒ်များကို မြင်တွေ့ခဲ့ရသည်။ ထိုစဉ်ကတည်းကပင်
ကိုရီးယားနိုင်ငံအားလည်း ဖွံဖြိုးတိုးတက်သော နိုင်ငံရယ်လို့ မှတ်ယူထားခဲ့ပါသည်။ ဤသို့နှင့်
ကိုရီးယားနိုင်ငံနှင့် ပတ်သက်၍ ကျွန်တော်မှတ်ယူ ထားခဲ့သည်များအား ထိတွေ့ လေ့လာခွင့်ရစေရန်အကြောင်းဖန်လာပါသည်။
၂၀၁၁ ခုနှစ်၊ ဂျပန်နိုင်ငံ၏
ပူပြင်းလှသော နွေရာသီ သြဂုတ်လဆန်းပိုင်း တစ်နေ့။
ကျွန်တော်၏ တစ်နေ့တာ
Experiment Results များအား ကျွန်တော်၏ Professor၊ Assistant Professor တို့နှင့်ပြောဆို
ဆွေးနွေးနေချိန်မှာပဲ Professor ကြီးမှ JSME-KSME (Japan and Korea Societies of
Mechanical Engineers) Conference (ဂျပန်နှင့် ကိုရီးယား စက်မှုအင်ဂျင်နီယာ အဖွဲ့အစည်းမှ
၎-နှစ်တစ်ကြိမ် ဂျပန်နှင့် ကိုရီးယားနိုင်ငံရှိ မြို့ကြီးများတွင် အလှည့်ကျ ကျင်းပလေ့ရှိပါသည်။)
တွင် Paper တစ်စောင် ထည့်မည်ဖြစ်ကြောင်း၊ ယခုတစ်ကြိမ် (The Eighth JSME-KSME) သည် ကိုရီးယားနိုင်ငံ၊
အင်ချွန်းမြို့တွင် ကျင်းပမှာဖြစ်ကြောင်းနှင့် Paper ထည့်ဖြစ်ဖို့ရန် မြန်မြန်လုပ်ဖို့
လောဆော်ပါသည်။ ကျွန်တော်နှင့်အတူ Conference တွင် Session Chair Man အဖြစ်ပါဝင်မည်ဖြစ်သော
ကျွန်တော်တို့ Lab မှ Dr. Hattori လည်း Paper တစ်စောင်တင်သွင်းမည်ဟုလည်း သိရပါသည်။
ဤသို့ဖြင့် ကျွန်တော်လည်း ပူလောင်အိုက်စပ်လှသော နွေကာလများ၊ ဆောင်းဦးပေါက်ရာသီကာလများအတွင်း
မနေမနား ကြိုးပမ်းခဲ့ပြီးသည့်နောက် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် Final Paper ထုတ်နိုင်ခဲ့ပြီး
၂၀၁၂ နှစ်ဦးပိုင်းတွင် Paper လက်ခံရရှိကြောင်း ပြန်စာရရှိခဲ့ပါသည်။ ထို့နောက်တွင်ကား
စာတမ်းဖတ်ဖို့ပြင်ဆင်ရင်း ကိုရီးယားနိုင်ငံသို့ တရားဝင်သွားရောက်နိုင်ဖို့ပါ ပြင်ဆင်ရပြန်ပါသည်။
(ကျွန်တော်၏ အထူးနိုင်ငံကူးလက်မှတ်တွင် တရားဝင်သွားလာခွင့် ထိုင်းနှင့်ဂျပန်နိုင်ငံများသာလျှင်
ရရှိထားပါသည်။) သွားဖို့လာဖို့ အသေးစိတ်ပြင်ဆင်ကြသောအခါမှ ကျွန်တော်၏ Professor ကြီးပါလိုက်ပါမည်ဟုသိရပြီး
၂၀၁၂ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့တွင် နာဂိုယာ Chubu International Airport မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ကျွန်တော်တို့ ၃-ဦး ချီတက်ခဲ့ပါတော့သည်။ ပျံသန်းချိန် ၂-နာရီလောက်ရှိချိန်တွင် အင်ချွန်းလေဆိပ်သို့
ရောက်ပါသည်။ လေဆိပ်သို့ လေယာဉ် ချဉ်းကပ်နိမ့်ဆင်းနေစဉ်ကတည်းကပင် ကျွန်တော်လည်း ကိုရီးယား
ရေမြေသဘာဝကို မပြတ်အကဲခတ်လာခဲ့ပါသည်။ ထို့နောက် ကျွန်တော်တို့လည်း လေဆိပ်မှ ကျွန်တော်တို့
တည်းခိုမည့်နေရာသို့ ဘတ်စ်ကား စီးလာကြရာ လမ်းတွင် ကင်မရာထုတ်၍ မှတ်တမ်းတင်ရင်း ဘေးမှ
ကျွန်တော့် Professor ကြီးအား ဒါ နာမည်ကျော် Incheon Bridge ပေါ့လို့ ပြောပြရာ ဟုတ်လားဟု
အံ့အားသင့်စွာ တုံ့ပြန်ပါသည်။ ထိုတံတားကြီးမှာ အင်ချွန်းလေဆိပ်နှင့် ဆုံဒို
(Songdo) အရပ်တို့ကို ဆက်သွယ်ပေးထားသော အဓိက အရေးပါသော တံတားကြီးတစ်စင်းလည်းဖြစ်ပါသည်။
Songdo အရပ်ဆိုသည်မှာကား ၁၈၈၃ ခုနှစ်လောက်က လူဦးရေ ၄၇၀၀ ယောက်လောက်သာရှိပြီး ယခုအချိန်တွင်
၂.၇၆ သန်းနေထိုင်လျက်ရှိသော Incheon Metropolitan City (အင်ချွန်းမြို့ပြကြီး) တွင်ရှိသော
ထင်းရှုးမြို့တော်ဟုလည်း တင်စား ခေါ်ဝေါ်သောအရပ်ဖြစ်ပါသည်။ ယင်းအင်ချွန်းမြို့ပြကြီးသည်ကား
မြို့တော် ဆိုးလ် နှင့် ဘူဆန် မြို့ပြများပြီးလျှင် တတိယမြို့ပြကြီး အဆင့်ဖြစ်လာစေရန်
ရည်ရွယ်၍ တည်ဆောက်နေခြင်းလည်းဖြစ်ပါသည်။ ရောက်သည့်နေ့ကပင် ကျွန်တော့် Professor ကြီးမှ
မင်းတော့ ကံဆိုးတာပဲ၊ သွားစရာ လာစရာ မရှိတဲ့နေရာမှ ရောက်လာပြီ လို့ မှတ်ချက်ပြု ပြောဆိုပါသည်။
ဟုတ်လည်း ဟုတ်ပါပေသည်။ ခဏတာ တည်းခိုမည့် ဟိုတယ်ရှေ့ရောက်ပြီး ဘတ်စ်ကားပေါ်ကဆင်းဆင်းချင်း
အေးစိမ့်စိမ့် လေပြင်းပြင်းက နှုတ်ဆက်ပါသည်။ ကျွန်တော်လည်း ပတ်ဝန်းကျင် တစ်ချက်ဝေ့ကြည့်လိုက်တော့
ဆောက်လက်စ မိုးမျှော်တိုက်များ၊ Shopping Mall ဟုယူဆရသော ဆောက်လက်စအဆောက်အဦကြီးများကြားမှ
ပင်လယ်ကမ်းစပ်နှင့်လည်း မဝေးသောကြောင့် ဆောင်ကြွင်းလေအေးများက ရုန်းရင်းဆန်ခတ် တိုက်နေခြင်းလည်း
ဖြစ်ပါမည်။ ကျွန်တော်လည်း ဒီခရီး မစတင်မီ လနှင့်ချီ၍ အင်ချွန်းရာသီဥတုကို မပြတ်အကဲခတ်
လေ့လာထားခဲ့ပါသည်။ ကိုရီးယားသည် ဂျပန်ထက်အေးသည်ဆိုတာ သိထားတာကြောင့်လည်း မပြတ်ကြည့်နေခဲ့တာဖြစ်ပါသည်။
ဒါတောင် ကျွန်တော်တို့သွားမည့်  အချိန်သည် ကျွန်တော် နေထိုင်နေသော နာဂိုယာမြို့က ညအပူချိန်
သုညအောက် အနှုတ် ၁ ဒီဂရီ စင်တီဂရိတ်လောက်ပဲ ရှိနေချိန်တွင် အင်ချွန်းမှာ အနှုတ် ၅-၆ ထိလောက်ရောက်နေပါသေးသည်။
ဒါကြောင့် အစစပြင်ဆင်ပေးသော အိမ်ရှင်မကြီးအား နွေးထွေးသော အဝတ်များသာ ဦးစားပေးထည့်ပေးဖို့
သတိပေးရသည်။ အမှန်ကလည်း အစကတော့ အိမ်ရှင်မကြီးပါလိုက်ပါရန် စီစဉ်ထားခြင်းဖြစ်ပါသည်။
နောက်တော့မှ Professor ကြီးလိုက်ပါဖြစ်တော့မှ လည်ပတ်ချိန်နည်းမည်ဆိုပြီး မလိုက်ဖြစ်တော့ပါ။
ကျွန်တော်၏ ပတ်စ်ပို့ အကြောင်းသိသော Professor ကြီးမှ သူထောက်ခံစာရေးပေးမည်၊ နောက်တစ်ခေါက်
အေးအေးဆေးဆေး သွားလည်ကြပေါ့ဟု ပြောရှာပါသည်။ နေပါစေတော့ စဲန်းဆေး (ဆရာ) ရယ်ဟုသာပြောလိုက်ရပါသည်။
ဒီလိုနဲ့ Conference စပြီးနောက်
ကျွန်တော့် Professor ကြီးပြောသလို ဘာမှ မည်မည်ရရ မရှိသေးသော ဤမည်သော အရပ်သို့ နေရာစိမ်းရောက်လျှင်
စူးစမ်းချင်စိတ်ကို ထိန်းသိမ်းမရသော ကျွန်တော့် ညာဉ်အတိုင်း ရောက်ရှိနေသော အရပ်ကို
လေ့လာ အကဲခတ်နိုင်ခွင့်ရဖို့ ချောင်းနေခဲ့ပါသည်။ Conference ကလည်း Schedule ဆွဲထားလိုက်တာတော်ပါပေ့။
နဲနဲလေးတောင် အချိန်အားမရှိ။ Professor အရိပ်အခြည်ကြည့်နေရသည်မှာလည်း Conference က
ခွါချင်ပုံမရ၊ ဒီပုံစံနဲ့ဆို Theory ချိုး (ဂျိုး)တွေနဲ့ မလွယ်ရေးချမလွယ်။ ဒါနဲ့ကံကောင်းချင်တော့
ဒုတိယမြောက်နေ့ နေ့လည် Coffee Break Time မှာ အခုပြန်စရင် ကျွန်တော်တော့ Heat
Exchanger အပိုင်းကို သွားနားထောင်မယ် ပြီးရင် ဒီအနီးအနားတစ်ဝိုက် လျှောက်ကြည့်မယ်လို့ပြောပြတော့၊
Professor ကြီးက သူကတော့ Turbulent Combustion အပိုင်းဘက် သွားမယ် ပြီးရင် ဟိုတယ်ပြန်နားမယ်
ပြောပါသည်။ မတတ်နိုင်ပါ၊ ကျွန်တော်ကတော့ ကိုယ့်အကြောင်းကိုယ်ပဲသိပါသည်။ အခွင့်အရေးက
နှစ်ခါ မရဘူး မဟုတ်လား၊ နောင်ခါလာ နောင်ဈေးပဲ ပြောချလိုက်ရတော့သည်။ ဒီက ဂျပန်
Professor များက သူလက်ခံထားသော ကျောင်းသားအား မျက်စေ့အောက်မှ အပျောက်မခံချင်ကြပါ။ တစ်ခါကလည်း
ကျွန်တော့်မှာ ကျွန်တော်တို့ ကျောင်းဆောင်ရှေ့ ဖုန်းဝင်လာ၍ ဖုန်းလေး လက်ခံပြောနေခိုက်
Professor ကြီးနှင့် တိုက်ရိုက်တိုးပါသည်။ ဘေးနားက ကပ်သွားပြီး မင်းမှာ အချိန် သိပ်မရှိဘူးနော်
ဟု ပြောဖြစ်အောင် ပြောသွားပါသည်။ သူတို့က အဲဒီလို။ အလုပ်မှ အလုပ်လို့ ခံယူထားသော သူတို့ညာဉ်အတိုင်း
သူ့ကိုယ်ပွားဟု ယူဆထားသော သူ့ကျောင်းသားသည်လည်း သူ့တို့လို လုပ်မှ၊ လုပ်ပြမှ ကြိုက်ကြသည်။
သူတို့နိုင်ငံမှ သူတို့နိုင်ငံ၊ သူ့လူမျိုးမှ သူ့လူမျိုး လို့ အထင်ရှိထားကြတော့လည်း
ကိုရီးယားလောက်ကို အာရှစံထဲမှာပဲထားသည်။ သူတို့ကိုကျတော့ အမေရိကားတို့ ဥရောပတို့ စံထဲ
အတင်းဆွဲထည့်ထားသည်။ မတတ်နိုင်ပါ။ ဂျပန်က ဂျပန်၊ မြန်မာက မြန်မာ။ အခြေအနေကို ကြည့်ရမည်။
အဲဒီနောက် Conference ပြန်စတော့ ကျွန်တော်လည်း နားထောင်ရမည့်အပိုင်းဘက်ထွက်လာခဲ့ပါသည်။
အကြောင်းအရာက စိတ်ဝင်စားစရာ မကောင်း။ ဒီကြားထဲ ထိုင်းက Presenter ၂-ယောက် ပျက်ကွက်တော့
Session Chair Man က ကျွန်တော့်ကို ကြည့်ကွက်ကြည့်ကွက် လုပ်နေသည်။ လာတော့မမေး။ အပြင်ထွက်ကြည့်ဖို့
စိတ်စောနေတာကြောင့် နောက် Session မစခင် ကျွန်တော်လည်း
Conference ကျင်းပရာ Songdo Convensia Center မှ ခပ်သွက်သွက်လေး ထွက်လာခဲ့လိုက်ပါသည်။
အပြင်ထွက်ရင် ခေါင်းစွပ်ယူသွားဖို့ တဖွဖွမှာကြားလိုက်သော အိမ်ရှင်မကြီး၏ သတိပေးစကားကို
အလေးမထားမိသောကြောင့် အပြင်ကိုရောက်ပြီး ၅-၁၀ မိနစ်လောက်ရှိတော့ နားရွက်တွေ အေးစိမ့်ပြီး
ထုံလာပါသည်။ လေတိုက်နှုန်းကလည်း ရောက်သည့်နေ့က စံချိန်ထက်လျော့မသွားသေး။ ကိုင်း- အေးကာမှ
အေးရော။ အကျီင်္လည်ထောင်ကို ခေါင်းတစ်ဝက်လောက်ထိ ဆွဲတင်ပြီး လတ်တလော ရှားတောင့်ရှားခဲ
အခွင့်အရေးလေးရတုန်း ခပ်သွက်သွက်လေး ချီတက်ခဲ့ပါတော့သည်။ ဘေးပတ်ဝန်းကျင် ဆောက်လက်စ
အဆောက်အဦကြီးတွေ ငေးရင်း တဖြည်းဖြည်းလျှောက်လာမိတော့မှ ကျွန်တော်တို့ဆီက နေပြည်တော်
တည်ထောင်စကာလများကို သွားသတိရသည်။ ကျွန်တော် နေပြည်တော်ရောက်တာက ၂၀၀၆ နှစ်ဆန်းပိုင်းဆိုတော့
တကယ့်အချိန်ကောင်း အရှိန်ပြင်းပြင်း ဆောက်လုပ်ရေးတွေ ဝင်နေတဲ့ အချိန်ပေါ့။၂၀၀၈ ခုနှစ်
ကျွန်တော်ထွက်လာတဲ့အချိန်ထိ ဆောက်ပြီးကျန်နေခဲ့တုန်း။ လျှောက်ရင်းလျှောက်ရင်းနဲ့ သတိထားကြည့်မိလာတော့မှ
ပလက်ဖောင်း တချို့နေရာလေးတွေက ချိုင့်ခွက်ဝင်နေသလို တချို့နေရာလေးတွေမှာ အလဲလဲ အကွဲကွဲ
ပုံမကျ ပန်းမကျဖြစ်နေတာတွေ တွေ့လာရသည်။ ကျွန်တော်လည်း သဘောကျစွာ ပြုံးရင်း အင်း- နေပြည်တော်စံနဲ့
သိပ်မကွာ ချင်သလိုပဲ လို့ မှတ်ချက်ချရမလိုဖြစ်သွားပါတယ်။ ဒီလိုတွေမြင်တော့ သူတို့ဆီမှာ
QC (Quality Control) ဘယ်လို စစ်မည်လဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးရင်း အတွေးတစ်ချက်ဝင်လာတယ်။
ကျွန်တော်တို့ ဆီမှာတော့ On Paper QC တွေပဲဖြစ်ပါသည်။ အဆောက်အဦ တည်ဆောက်ကြသည်ဆိုသည်မှာ
သဘာဝဘေးအန္တရာယ်ကို အံတုဖို့၊ နောက်မှသာ လှပဆန်းကြယ်တန်ဆာဆင်ကြသည်။ စောစောက အတွေးဝင်လာတယ်ဆိုတာက
အဆောက်အဦးတွေသည် သဘာဝတရားကြီးကို အံတုဖို့ဆိုလျှင် ငလျင်သည်လည်း စာရွက်ပေါ်မှာ မလှုပ်ဘူး
ဆိုတာပဲဖြစ်ပါတယ်။ Convensia Center မှ ထွက်လာခါစက ကျွန်တော်လျှောက်ကြည့်မည့် ခရီးကို
လက်ရှိတည်းနေသော နေရာကို ဗဟိုထားပြီး စိတ်မှန်းနှင့် အချင်းဝက်တစ်ကြောင်းဆွဲ၊ စက်ဝိုင်းပုံသဏ္ဍာန်
လှည့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကျွန်တော်လည်း ကိုယ့်လားရာအတိုင်း တွေးငေးရင်း
လျှောက်လာရင်းမှ ကိုယ့်ကိုယ်ကို ပုခက်ထဲမှ လမ်းလျှောက်တတ်ခါစ စူးကလဲ စူးစမ်းချင်သေး
ဘာဆိုဘာမှလည်း မသိသေးသော ကလေးလေး တစ်ယောက်လို ခံစားမိလာပါတော့သည်။ သိကားသိချင်၏၊ မတတ်နိုင်သေးဆိုသလို
အရပ်ရှစ်မျက်နှာ ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း ရေးထားသော ကိုရီးယားစာများ၊ ဆိုင်းဘုတ်များက
ဘာဆိုဘာမှ နားမလည်။ ကျွန်တော်လည်း ကိုယ့်တူရူကိုသာ လျှောက်လာရင်း Convensia Center
နောက်ကျောဘက်ကပတ်ပြီး တည်းခိုရာ ဟိုတယ်ရှေ့လမ်းမကြီးနှင့် အပြိုင်လမ်းမကြီးဘက်ရောက်လာတော့
ဘတ်စ်ကားများ ကျိုးတိုးကျဲတဲ ပြေးနေတာတွေတွေ့ရသည်။ မျက်နှာချင်းဆိုင်မှ ကျွန်တော့်လိုပဲ
Conference မှထွက်ပြီးလျှောက်ကြည့်နေသူ ၂-ယောက်မှာ သုတ်သုတ် သုတ်သုတ်နှင့် ထိုးဆိုက်လာသော
ဘတ်စ်ကားပေါ် တက်လိုက်သွားတာမြင်ရသည်။ ကျွန်တော် ဒီကို မလာခင်မှာပဲ အင်ချွန်းနှင့် ပတ်သက်သော
Tour Guide များ ရှာဖွေကြည့်ရာ မည်မည်ရရ မတွေ့ပါ။ ဒီနေရာမှာတော့ ဂျပန်များက လမ်းညွှန်ကောင်းပါပေသည်။
ဘာသာစကားအခက်အခဲကြောင့်ပူစရာမလို၊ အင်တာနက်လက်လှမ်းမီသော နေရာဖြစ်ပါစေ ပြည့်စုံအောင်လုပ်ထားပေးသည်။
အဲဒီတုန်း ကတည်းက ကိုရီးယား ဝန်ဆောင်မှုအတွက် အားမလိုအားမရ ဖြစ်ခဲ့ရသည်။ ထို့နောက်ကျွန်တော်လည်း
ဆူညံသံများရှိရာ အတန်ငယ်စည်ကားသော အရပ်သို့ ရောက်လာပါသည်။ တွေ့ပါပြီ။ ဈေးဆိုင်များ၊
စတိုးဆိုင်များ။ တွေ့လိုက်ရတော့လည်း တကယ့်ကို
အာရှစံပါပဲလားလို့ အောက်မေ့မိပါတယ်။ ကျွန်တော်လည်း ဆိုင်ခန်း စတိုးဆိုင်များရှိရာ လမ်းမကြီးမှ
အကဲခတ် ဖြတ်လျှောက်လာရင်း ကျွန်တော်ကြည့်ခဲ့ဖူးသော ကိုရီးယားဇာတ်ကားများထဲကလိုပဲ ဘာမှ
မကွာပါလားလို့ စိတ်ထဲမှ ကောက်ချက်ချမိပါတယ်။ ကိုရီးယားလူမျိုးများသည် တကယ့်အာရှလူမျိုးများ၏
ဓလေ့စရိုက်အပြည့်အဝရှိကြပါပေသည်။ (ဆက်ပါဦးမည်။)
Posted by စိုးမင်းခိုင်
No comments:
Post a Comment