Wednesday, July 04, 2012

ပြုတ်သောက်၍မရသော ပုပ္ပားနှင့် ကင်စား၍မရသော ငပလီ


ကျွန်တော် ကချင်ပြည်နယ် မိုးညှင်းမြို့သို့ရောက်ရှိစဉ်က ကချင်တိုင်းရင်းသူကလေးတစ်ဦးနှင့် စကားစမြည်ပြောဆိုခွင့်ရခဲ့ရာ ထိုတိုင်းရင်းသူကလေးမှာ ဂျပန်အတွေ့အကြုံ အနည်းငယ်ရှိသော တိုင်းရင်းသူကလေးဖြစ်ကြောင်း သိခွင့်ရလိုက်ပါသည်။ ထိုစဉ်က ဂျပန်-မြန်မာ ရင်းနှီးချစ်ကြည်ရေးအတွက် မြန်မာကျောင်းသူ ကျောင်းသားကလေးများကို ဂျပန်သို့ခေါ်ဆောင်ကာ ဟိုအိမ်သည်အိမ်များသို့ တစ်အိမ်တစ်ယောက်ကျ ပို့ဆောင်ပေးသည့် အစီအစဉ်ဖြင့် ထိုတိုင်းရင်းသူကလေး ပါဝင်သွားခဲ့ရာ ဂျပန်မိသားစုများနှင့်အတူ ရောနှောနေထိုင်ရသဖြင့် ချစ်ကြည်မူရင်းနှီးမူများအပြင် ဂျပန်လိုအနည်းငယ်တီးမိခေါက်မိရှိအောင် လုပ်ဆောင်သော အစီအစဉ်ဟု နားလည်ရပါသည်။ ထိုအစီအစဉ်သည် ကာလနှင့်ချီကာ အချိန်ကြာသောအစီအစဉ်လည်း ဖြစ်ပါသည်။
သို့ဖြင့်၍ မြန်မာကျောင်းသူကျောင်းသားကလေးတို့ သက်ဆိုင်ရာဂျပန်အိမ်ကလေးများ၌ တော်တော်လေးနေသားကျသွားသည့်တစ်နေ့တွင် ကျွန်တော့်တိုင်းရင်းသားကလေးက သူနေထိုင်ရာ အိမ်ကလေး၏ ရှေ့မြေကွက်တွင် စိုက်ထားသည့် နှင်းဆီပင်မှ နှင်းဆီပွင့်ကလေးကို သဘောကျသွားကာ ဆိုးခနဲ့ဆက်ခနဲ့ဆို ခူးယူလိုက်ပါသည်။
ဤတွင် ဂျပန်ဇနီးမောင်နှံက လှမ်းတွေ့ကာ မျက်နှာအနည်းငယ်ပျက်သွားပြီး ဘာကြောင့် ခူးသလဲမေးပါသည်။ တိုင်းရင်းသူကလေးကလည်း မြတ်နိုးလို့ဟု ဖြေပါသည်။ ထိုအခါ ဂျပန်ဇနီးမောင်နှံက မြတ်နိုးရင် မခူးရဘူးလေတဲ့။
ထို့နေ့က တိုင်းရင်းသူကလေး ကျွန်တော်ကိုပြောပြနေပုံက ဂျပန်တို့၏ စိတ်ကို အတုယူခြင်းဖြင့် ပြန်လည်သုံးသပ်ကာ မိမိကိုယ်မိမိ ဝေဖန်ရေးလုပ်နေပုံမျိုးဖြစ်ပါသည်။ သူတို့ပြောသလို ကျွန်မတို့မှာ မြတ်နိုးတတ်တဲ့စိတ်ကလေးတွေများ အားနည်းနေသလား ဆရာ...တဲ့။
အော်...မြတ်နိုးတတ်တဲ့စိတ်
ယခုနှစ် ၂၀၁၀ ဂျပန်တွင် ချယ်ရီပွင့်တော့ ချယ်ရီပွင့်ချိန်ကို အစိုးရကပင် ကြေညာပေးပါသည်။ ဂျပန်မိုးလေဝသနှင့် ဇလဗေဒအေဂျင်စီက ချယ်ရီပန်းပွင့်ချိန်ရောက်ပြီဖြစ်ကြောင်း ကြေညာပေးသတဲ့။ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်ကို ချယ်ရီပန်းစပွင့်ချိန်အဖြစ် ကြေညာပေးလိုက်ရာ ဂျပန်ပြည်သူသန်းပေါင်းများစွာတို့ ဝင်ရောက်ဆင်နွှဲကြလေသတဲ့။ ပန်းနုရောင်ပင်လယ်ကြီးပမာ လွှတ်ပြီးပွင့်နေသည့် ချယ်ရီပင်များ၏ကြား၌ မျက်လုံးတွေရောမျက်နှာတွေရော သွင်ပြင်အမူအရာတွေရော ပြုံးပျော်ရွှင်လန်းလွတ်လပ်ပေါ့ပါးမြူးတူးနေသည့် ဂျပန်ကလေး၊ ဂျပန်လူကြီးတို့ကို ရုပ်မြင်သံကြား ဖန်သားပြင်များပေါ်၌ မြင်ရရုံနှင့်ပင် သူတို့၏ ချယ်ရီပန်းကိုမြတ်နိုးတတ်သောစိတ်က ကိုယ့်ဆီကိုကူးစက်၍ လာပါသည်။
ဂျပန်တို့က ပန်းကို ဟန(HANA)ဟုခေါ်ပြီး ပန်းကြည့်ပွဲများကို ဟနမိ(HANAMI)ဟုခေါ်ကြရာ နွေဦးရာသီ ချယ်ရီပန်းပွင့်ချိန်၌ ပန်းကြည့်ပွဲကို နိုင်ငံနှင့်ချီ၍ လုပ်ကြမြဲဖြစ်ပါသည်။
ကျွန်တော်တို့က ဆာကူရာဟု အသံထွက်နေကြသော စကုရ(SAKURA)ခေါ် ချယ်ရီပန်းများ ပွင့်ကြပြီဆိုသည့်နှင့် ဂျပန်တို့တခြားဘာကိုမှ သတိမရတော့ဘဲ ချယ်ရီပင်အောက်၌ မိသားစုများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များစုဆုံကာ ဆိုကြ ကကြ အော်ကြ ဟစ်ကြ ငြင်းကြ ခုံကြ စားကြ သောက်ကြနဲ့တဲ့။ ချယ်ရီပန်းကလေးပွင့်တာနဲ့များဟု သွားပြီး အမြင်မတိမ်လိုက်လေနဲ့။ သူတို့မြေ သူတို့ရေ သူတို့တော သူတို့တောင် သူတို့ချောင်း သူတို့မြစ်ကို အချစ်ကြီးချစ်သူတို့၏ စိတ်ကို လှစ်ပြလိုက်ခြင်းဟု မြင်အောင်ကြည့်နိုင်ကြဖို့ ဖြစ်ပါသည်။
ဆရာကြီးဒေါက်တာသန်းထွန်းက ဂျပန်မူတစ်ရာ (A Hundred Things Japanese)ကို ဘာသာပြန်သောအခါ ဂျပန်တို့၏ ကိစ္စဝိစ္စတစ်ရာ၌ ထိုချယ်ရီကို မြတ်နိုးကြပုံများကိုလည်း တစ်ရာထဲကတစ်ခုအဖြစ်ဖော်ပြထားခဲ့ပြီး ဒီနေ့ဂျပန်ဖြစ်အောင် လုပ်ပေးတဲ့ဂျပန်တို့ရဲ့ ဇာတိရုပ်၊ စိတ်ဓာတ်၊ အသည်းနှလုံးအဖြစ် ကောက်ချက်ပေးထားခဲ့လေရာ သဘာဝပတ်ဝန်းကျင်ကို အချစ်ကြီးချစ် အမြတ်နိုးကြီး မြတ်နိုးတတ်သည့် စိတ်သည် နိုင်ငံသူ နိုင်ငံသားတို့၌ အရေးပါလှကြောင်း ကျွန်တော်ကောက်ချက်ချမိပါသည်။
အော်...ဂျပန်ရောက် မိုးညှင်းသူကလေးကို နင်တို့က မမြတ်နိုးတတ်ဘူးတဲ့။ မြတ်နိုးရင် မခူးရဘူးတဲ့။
မြန်မာတို့က တန်းဖိုးဟု လုံးထွေးခြုံငုံကာသုံးသော စကားလုံးကို အင်္ဂလိပ်တို့က ကွဲပြားခြားနားစွာသုံးပါသည်။
Intrinsic Value, Traditional Value, Cultural Value, Social Value, Moral Value, Exchanged Value, Sentimental Value စသည့်ဖြင့်။ မိမိရပ်တည်သုံးသပ်ရာနယ်ပယ်၏ရှုထောင့်အရ Value ၏ရှေ့၌ အလျဉ်းသင့်ရာ စကားလုံးကို ထည့်ပြီး Value နှင့်ပေါင်းကာ ဘာတန်ဖိုး ညာတန်ဖိုးလုပ်၍ ရပါသည်။
သို့သော် ကျွန်တော်ယခုပြောလိုသည်က မြတ်နိုးခံစားတတ်သည့် တန်ဖိုးအကြောင်း ဖြစ်ပါသည်။ Sentimental Value ဟု ဆိုပါတော့။ ငွေစက္ကူများက တစ်ခုခုနှင့် လှဲလှယ်၍ ရပါသည်။ ထိုက်တန်သောငွေကိုသာပေးလိုက် ကျွန်တော်တို့ အလိုရှိရာကို ရပါ၏။ ဆန်၊ ဆီ၊ ဆား၊ ဖုန်း၊ ကား၊ အဝတ်အစား၊ တိုက်တာ အိမ်ခြေ စသည် စသည်။ ထို့ကြောင့် ငွေစက္ကူ၌ ဖလှယ်သောတန်ဖိုး (Exchanged Value) ရှိပါသည်။
ရေကသောက်၍ ရပါသည်။ ကြက်ကြော်က စား၍ရသည်။ ကားက စီး၍့ရသည်။ ဖုန်းက စကားပြော၍ ရသည်။ နာရီက အချိန်ကြည့်၍ရသည်။ ထို့ကြောင့် ဝတ္ထုပစ္စည်းများ၌ အသုံးချတန်ဖိုး (Used Value) ရှိပါသည်။
သို့သော် မြတ်နိုးခံစားမူတန်ဖိုးက ဘာမှလုပ်၍မရပါ။ ကြော်၍မရ၊ ပြုတ်၍မရ၊ ဖုတ်၍မရ၊ ကင်၍မရ။ ဆိုကြပါစို့ ငပလီကမ်းခြေ၊ ပြည်တွင်းဧည့်သည်များသာမက ပြည်ပဧည့်သည်များပါ ငွေကြေးများစွာ အကုန်အကျခံပြီး လာရောက်ခိုနားကြသော ကမ်းခြေ။ ထိုကမ်းခြေကြီးကို လက်တွေ့မည်သို့အသုံးချ၍ ရသနည်း။ တယ်လီဖုန်းတစ်လုံးလောက်၊ မော်တော်ကားတစ်စီးလောက်၊ ထမင်းတစ်ပွဲလောက်၊ ထီးတစ်လက်၊ ဖိနပ်တစ်ရံလောက်တောင်မှ အသုံးမဝင်ကြောင်း လူတိုင်းအသိ။ သို့သော်ပြာနေတဲ့ပင်လယ်၊ ဖွေးနေတဲ့လှိုင်း၊ ယိမ်းနွဲ့နေတဲ့အုန်းပင်၊ လက်လက်ထနေတဲ့သဲပြင်၊ ရှင်းသန်နေ့တဲ့ ရှုမျှော်ခင်းအကျယ်၊ နေရောင် လရောင် ကြယ်ရောင်တွေကိုကြည့်ကာ ဒါတို့ရဲ့သဘာဝ တို့ရဲ့အလှဟုဆိုကာ ဘာမှန်းမသိ မြတ်နိုးခံစား တန်ဖိုးထားသောစိတ်က ထိုနေရာသို့ ကျွန်တော်တို့ကို တွန်းပို့လိုက်ခြင်းဖြစ်ပါသည်။
ထို့အတူ တောင်တော်ရွှေပုပ္ပား။ ကြော်စားလို့မလို့လား။ အင်းလေးကန်တော်မဟာ။ ချက်စားလို့ရလို့လား။ မေခ မလိခတို့ဆုံရာဒေသ။ ပြုတ်သောက်လို့ရလို့လား။ ဂန္တဝင်ပုဂံဒေသ။ ဖုတ်စားလို့ရလို့လား။ တောင်ခိုးဝေဝေ မြူခြေဆိုင်းဆိုင်း ရှမ်းရိုးမ။ ကင်စားလို့ရလို့လား။
သို့သော် သည်တောသည်တောင်၊ သည်မြောင်သည်ချပ်၊ သည်ကမ်းစပ် သည်ပင်လယ်၊ သည်လယ်သည်ကွင်း၊ သည်အင်းသည်အိုင်၊ သည်နိုင်ငံကိုချစ်မြတ်နိုး တန်ဖိုးထားသောစိတ်က ငွေစက္ကူတစ်ထပ်၊ ဖုန်းတစ်လုံး၊ ကားတစ်စီး၊ တိုက်တစ်လုံး၊ ခေါက်ဆွဲတစ်ထုပ်၊ ဒံပေါက်တစ်ပွဲ၊ အအေးတစ်ပုလင်းတို့ကို တန်ဖိုးထားပုံထက် ပိုအရေးကြီးပါသည်။ Exchanged Value (ပိုက်ဆံ)၊ Used Value (မြတ်နိုးခံစားမူတန်ဖိုး)ကပို၍ အရေးကြီးပါသည်။
ပုပ္ပားတောင်က ပြုတ်သောက်၍ မရပါ။ ငပလီကမ်းခြေက ကင်စား၍ မရပါ။ ထို့အတူ ချယ်ရီပန်းများသည်လည်း ဘာမှလုပ်၍ မရပါ။ သို့သော်ချယ်ရီပွင့်သည်နှင့် သူ့မြေကပန်းကို မြတ်နိုးတန်ဖိုးထားမူကြီးသူ ဂျပန်တို့ ချယ်ရီပင်အောက်သို့ အရောက်ထွက်လာကုန်ကြပါလေပြီ။ ကျွန်တော်ကတော့ ကျွန်တော်တို့၏ ဖုတ်မရ ကင်မရ ချက်မရ ပြုတ်မရ လက်တွေ့အသုံးချ၍ မရသည့်အရာများကို တန်ဖိုးထားလျက်ရှိပါသည်။
မိုးရေတက်ရေတဖွေးဖွေးနဲ့ လယ်စောင့်တဲလေးလည်း ပါမပေါ့။ ချောင်းပြင်မှာ စီတန်းနေတဲ့ ဗေဒါပန်းလေးလည်း ပါမပေါ့။ ထနောင်းပင်ကလေးတွေ တမာပင်ကလေးတွေလည်း ပါမပေါ့။ ပုဂံက အာနန္ဒာ၊ ညောင်ဦးက ရွှေစည်းခုံ၊ ရန်ကုန်က မြတ်ဘုရားရွှေတိဂုံကြီးလည်း ပါမပေါ့။ ပိတောက်ပန်းဝါဝါတွေ၊ ရခိုင်ရိုးမ၊ ရှမ်းရိုးမတောင်တန်းကြီးတွေ၊ ဧရာဝတီ ချင်းတွင်း သံလွင် စစ်တောင်းမြစ်အကြောင်းကြောင်းတွေလည်း ပါမပေါ့။ သင်္ကန်းတော်ဝါဝါနဲ့ ‘ဆွမ်းတော်ဗျို့’ လို့ ဟစ်အော်သံများ လည်းပါမပေါ့။
အော်... ရင်ထဲမှာ တည်ဆောက်ထားရတဲ့ တန်ဖိုးများ။        ။
ရေးသားသူ - မောင်သာချို
Posted by စိုးမင်းခိုင်

No comments:

Post a Comment