Monday, July 02, 2012

The Key to Excellent English Speaking

အရေးအကြီးဆုံးသော English ကျွမ်းကျင်မှုက ဘာပါလဲ။ ပြေပြေပြစ်ပြစ် English လို (ပြောဆို) ဆက်ဆံဖို့ ဘယ်လိုကျွမ်းကျင်မှုရှိရမှာပါလဲ။
အထင်အရှားဆုံ နံပတ် (၁) တော့ fluencyပါ။ fluencyဆိုတာကရော ဘာပါလဲ။ fluencyဆိုတာ  ဘာသာပြန်မှုမပြုပဲ လွယ်ကူ မြန်ဆန်စွာ အင်္ဂလိပ်လို နားလည် ပြောဆိုနိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။ fluencyဆိုတာ ဒေသခံ အင်္ဂလိပ်လူမျိုးတွေနဲ့ သက်တောင့်သက်သာ စကားပြောနိုင်တဲ့ စွမ်းရည်လို့ ဆိုလိုပါတယ်။ သူတို့ သင်ပြေတာကို လွယ်လင့်တကူ နားလည် သင်က သူတို့ပြောတာကို လွယ်လင့်တကူနဲ့ နားလည်နိုင်ရမယ်ပေါ့။ တကယ်ပြောရရင် သင်ဟာ ချက်ချင်း နားလည်နိုင် ပြန်ပြောနိုင်ရပါမယ်။ fluencyဆိုတာ English စာသင်ကြားခြင်းရဲ့ အရေးအကြီးဆုံးသော ပန်းတိုင်ပါ။
သုတေသီတွေရဲ့ အလိုကတော့ ရှင်းပါတယ်။ fluencyကိုရဖို့ တနည်းပဲ ရှိပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေကို ဖတ်လို့ fluencyကို မရနိုင်ပါဘူး။ English ကျောင်းတွေမှာ တက်လို့လဲ fluencyကို မရနိုင်ပါဘူး။ Grammar စည်းကမ်းတွေကို သင်ယူလို့လဲ fluencyကို မရနိုင်ပါဘူး။
နားထောင်ခြင်းသည် သော့ချက်
fluencyကို ရဖို့ ကျွန်တော်တို့တွေ နားလည်ပြီး ပြန်လည် ရွတ်ဆိုနိုင်တဲ့ ( English စကားသံတွေကို) နားထောင်မှု အများကြီး လိုပါတယ်။ ဒါဟာ တခုတည်းသော နည်းလမ်းပါ။ English စကားပြော ကောင်းသူ တယောက်ဖြစ်ဖို့ နားနဲ့ ကျွန်တော်တို့ သင်ယူရမှာပါ။ မျက်စိနဲ့ သင်ယူရမှာ မဟုတ်ပါဘူး။ တနည်းအားဖြင့် ကျွန်တော်တို့ ( English စကားသံတွေကို) နားထောင်ရပါမယ်။ ကျွန်တော်တို့ရဲ့ နားတွေဟာ English စကားပြော ကောင်းသူ ဖြစ်ဖို့ သော့ချက်တွေ ဖြစ်ပါတယ်။
ဘယ်လို ( English စကားတွေကို) နားထောင်ခြင်းက အကောင်းဆုံးပါလဲ။ ကောင်းပါပြီ၊ ကျွန်တော်တို့ နားထောင်တဲ့ English ဟာ ကျွန်တော်တို့ နားလည်ရပါမယ်။ လိုက် ပြောနိုင်ရပါမယ်။ ဒီနှစ်ခုက အင်မတန် အရေးကြီးပါတယ်− နားလည်ရပါမယ် ပြီးတော့ လိုက်ပြောနိုင်ရပါမယ်။
ကျွန်တော်တို့ဟာ ကိုယ်နားမလည်တဲ့ English စကားတွေကို နားထောင်တယ် ဆိုရင် ကျွန်တော်တို့ ဘာတခုမှ သင်ယူတယ် မဆိုနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ English ဟာ ဘာမှ တိုးတက်လာမှ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို TV ကြည့်တာတွေဟာ (ကျွန်တော်တို့ English စာတိုးတက်ဖို့) အကူအညီ မဖြစ်ပါဘူး။ အများစုကို ကျွန်တော်တို့ နားမလည်နိုင်ပဲကိုး။ TV မှာ ပြေတာတွေက သိပ်ခက်တယ် သိပ်မြန်တယ်လေ။
ဒါဟာ အတိအကျကို မှန်ပါတယ်။ ကျွန်တော်တို့ နားမလည်ရင် ကျွန်တော်တို့ရဲ့ English က တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အကောင်းဆုံးသော နားထောင်စရာ English စကားတွေကတော့ လွယ်ကူတဲ့ English ပါ။ မှန်ပါတယ်။ ကျွန်တော်တို့တွေ များသောအားဖြင့် လွယ်ကူတဲ့ English တွေကို နားထောင် သင့်ပါ တယ်။ ကျောင်းသား အများစုကတော့ ခက်ခဲတဲ့ English တွေကို နားထောင်ကြပါတယ်။ သူတို့ အလုံအလောက် နားမလည်ကြပါဘူး။ ပြီးတော့ ဖြေးဖြေးပဲ လေ့လာနိုင်ကြပါတယ်။ လွယ်ကူတဲ့ English ကို နားထောင်ပါ။ ကျွန်တော်တို့ English စကားပြောဟာ လျင်မြန်စွာ တိုးတက်လာပါလိမ့်မယ်။
UNDERSTAND IS ONLY HALF THE FORMULA
နားလည်တယ်ဆိုတာ မလုံလောက်သေးပါဘူး။ ကျွန်တော်တို့ ကြိမ်ဖန်များစွာ လိုက်ဆိုမှုတွေ အများကြီး ရှိရပါမယ်။ ကျွန်တော်တို့တွေ စကားလုံးသစ် တခုကို တကြိမ်ပဲကြားတဲ့အခါမှာ မကြာမီ မေ့သွားပါတယ်။ ၅ ကြိမ်လောက် ကြားရရင်လည်း သေချာပေါက် မေ့သွားဦးမှာပါပဲ။ ကျွန်တော်တို့ ချက်ချင်း နားလည်မှု မဖြစ်မီ စကားလုံးအသစ် Grammar Rule အသစ်တွေ အဖြစ် ကြားနေရဦးမှာပါ။ (ဒါဖြင့်ရင်) အကြိမ် ဘယ်လောက်များများ နားထောင်ဖို့ လိုအပ်ပါသလဲ။
လူအများစုကတော့ စကားလုံးအသစ်တခုကို အမြဲတမ်း မှတ်မိဖို့ အကြိမ် ၃၀လောက် နားထောင်ရပါတယ်။ စကားလုံးတခုကို သိပြီး ချက်ချင်းနားလည်နိုင်ဖို့အတွက် အကြိမ် ၅၀ ကနေ ၁၀ဝ အထိ နားထောင်ဖို့ သေချာပေါက် လိုအပ်ပါတယ်။
ဒါကြောင့်မို့လို့  ကျွန်တော်ရဲ့ သင်္ခန်းစာတွေကို အကြိမ်ပေါင်းများစွာ နားထောင်ဖို့ ကျောင်းသားတွေကို ပြောပါတယ်။ Mini Story တွေ Vocabulary Lessonတွေ The Point of View Storyတွေ ပြီးတော့ Audio Article တွေကိုနေ့စဉ် နားထောင်ဖို့ ကျွန်တော် ပြောပါတယ်။ Lesson တခုကို စုစုပေါင်း အကြိမ် ၃၀ နားထောင်ဖို့ တိုက်တွန်းပါတယ်။ (ဥပမာ ၁ ရက်ကို ၂ ကြိမ်နှုန်းနဲ့ ၂−ပတ်ကို သင်္ခန်းစာ တခုပေါ့)
အဲဒါကြောင့်မို့လို့  အရေးအကြီးဆုံး ၂ ခုကတော့ လွယ်ကူတဲ့ အင်္ဂလိပ်စာတွေကို နားထောင်ဖို့နဲ့ အဲဒါတွေကို ကြိမ်ဖန်များစွာ နားထောင်ဖို့ ဖြစ်ပါတယ်။
အကျိုးများတဲ့ အင်္ဂလိပ်စာ နားထောင်ခြင်းနဲ့ အကောင်းဆုံးသော အင်္ဂလိပ်စကား ပြောဆိုခြင်းအတွက် အကြံပြုချက်များ။
1. Narrow Listening- ကို လေ့ကျင့် နားထောင်ပါ။
2.  အချိန်ပိုင်း၍ နားထောင်ပါ။
3. Mp3 ကို အသုံးပြုပါ။
4. ရုပ်ရှင် ကြည့်ပါ။
5. စာဖတ်ခြင်းနဲ့ နားထောင်ခြင်းကို တပြိုင်နက် လုပ်ပါ။
1.1 Narrow Listening- ကို လေ့ကျင့် နားထောင်ပါ။
Narrow Listening− ဆိုတာကတော့ အကြောင်းအရာတခုတည်းကို ပုံစံ အမျိုးမျိုးနဲ့ ပြောဆိုထားတဲ့ များစွာသော အင်္ဂလိပ်စာတွေကို နားထောင်မှုလို့ ဆိုလိုပါတယ်။ ဒီနည်းက အကြောင်းအရာအများကြီးကို နားထောင်တာထက် ပိုပြီး ထိရောက်ပါတယ်။ ဆင်တူတဲ့ အကြောင်းအရာတွေကို နားထောင်ထားတဲ့ ကျောင်းသားဟာ အကြောင်းအရာများစွာကို နားထောင်ထားတဲ့ ကျောင်းသားထက် ပိုပြီး လျင်မြန်စွာ ကောင်းမွန်စွာ ပြောနိုင်ပါတယ်။
ဥပမာ ကျွန်တော်တို့ အင်္ဂလိပ်စကားပြောသူတယောက်ကို ရွေးချယ်ပြီး သူ့ရဲ့ ပြောဟောချက်တွေကို ရှာဖွေသင့်ပါတယ်။ သူရဲ့ အသံလွှင့်ချက်တွေ Audio Bookတွေ ပြောဟောချက်တွေအားလုံးကို နားထောင်သင့်ပါတယ်။ သူနှစ်သက်လွန်းတဲ့ ဝေါဟာရတွေ Grammar တွေကို ရှိတတ်တာမို့ ဒီနည်းဟာလဲ အင်မတန် အကျိုးများတဲ့ နားထောင်နည်းစနစ်ပါပဲ။ သူတို့ဟာ အလိုအလျောက် ဒါတွေကို ထပ်ခါတလဲလဲ ပြောတတ်ပါတယ်။
လူတဦးတည်းရဲ့ အကြောင်းအရာ အမျိုးမျိုး ဟောပြောချက်တွေကို နားထောင်ခြင်းအားဖြင့် သူ ထပ်ခါ တလဲလဲ ပြောတတ်တဲ့ ဝေါဟာရတွေအများကြီးကို ကျွန်တော်တို့ အလိုအလျောက် ရရှိနိုင်ပါတယ်။
နောက် ဥပမာတခုပြောရရင် အကြောင်းအရာတခုကို ရွေးချယ်ပြီး အဲဒီအကြောင်းအရာတခုတည်းကိုပဲ ပဓာနထားပါ။ ပြောရရင် ကျွန်တော်တို့ လွယ်ကူတဲ့ စာအုပ်ကို ဖတ်ကြပါမယ်။ အဲဒီစာအုပ်ရဲ့ Audio Book ကို နားထောင်ပါ။ အဲဒီစာအုပ်အကြောင်း အသံလွှင့်ချက်တွေကို နားထောင်ပါ။ အဲဒီစာကို အခြေခံလို့ ရိုက်ထားတဲ့ ရုပ်ရှင်ကို ကြည့်ပါ။
ကျွန်တော်ရဲ့ ဆန်ဖရန်စစ္စကိုက သင်တန်းမှာ ဒီလိုပဲ လုပ်ပါတယ်။ ကျွန်တော်တို့ Charlie and the Chocolate Factory ဆိုတဲ့ စာအုပ်ကို ဖတ်ပါတယ်။ အဲ့ဒီစာအုပ်ကို အသံသွင်းထားတဲ့ Audio Book ကို နားထောင်ပါတယ်။ ပြီးတော့ အဲဒီ ရုပ်ရှင်ကို ကြည့်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဟာ အချိန်တိုတွင်းမှာ ဝေါဟာရအတော်မျာများကို သင်ယူပြီးသား ဖြစ်သွားပါတယ်။ သူတို့ရဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်ကလဲ လျင်မြန်စွာ တိုးတက်သွားပါတယ်။
2.1 အချိန်ပိုင်း၍ နားထောင်ပါ။
တရက်မှာ ဆက်တိုက် ၂ နာရီ နားထောင်တာနဲ့ ၂ နာရီပြည့်အောင် အချိန်ပိုင်းလို့ နားထောင်တာ ဘယ်ဟာက ပိုလို့ ကောင်းပါသလဲ။ အချိန်ပိုင်းလို့ နားထောင်တာက ပိုလို့ ကောင်းပါတယ်။ ပိုပြီး မှတ်မိတယ်။ တိုးတက်မှုနှုန်း ပိုပြီး မြန်ပါတယ်။
အဲဒါကြောင့် မနက်ပိုင်း အလုပ်မသွားမီမှာ မိနစ် ၃၀, အလုပ်သွားရင်း မိနစ် ၃၀, အလုပ်က ပြန်ရင်း မိနစ် ၃၀ ည အိပ်ယာမဝင်ခင် မိနစ် ၃၀ အချိန်တွေကို ခုလို ပိုင်းခြားလို့ နားထောင်တာ အကောင်းဆုံးပါ။ တကယ်တော့ ဒါဟာ ကျွန်တော်ကျောင်းသားတွေကို အကြံပေးတဲ့ အချိန်စာရင်း အတိအကျပါပဲ။
3.1 Mp3 ကို အသုံးပြုပါ။
iPod တို့ Mp3 တို့ဟာ အံ့ဩဖွယ်ရာပါ။ အဲဒီထဲကို ကျွန်တော်တို့တွေ နားထောင်စရာတွေ အများကြီး ထည့်လို့ရပါတယ်။ ပြီးရင် ကျွန်တော်တို့တွေ အင်္ဂလိပ်သင်ခန်းစာတွေကို နေရာတကာမှာ သယ်သွားနိုင်ပါတယ်။  Mp3 နဲ့ လမ်းလျောက်ရင်း ဈေးဝယ်ရင်း ကားပေါ်မှာ ရထားပေါ်မှာ ထမင်းချက်ရင်း သင်ယူနိုင်ပါတယ်။ CD အတွက် စိတ်ပူစရာ မရှိတော့ပါဘူး။
အင်တာနက်မှာ English Listening နဲ့ပတ်သက်လို့ အများကြီး ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သင်ခန်းစာ ပုံပြင် အသံလွှင့်ချက် TV Show အင်တာဗျူး Audio Bookတွေကိုလဲ တွေ့နိုင်ပါတယ်။ လွယ်လွယ်လေး ဒေါင်းလုဒ်လုပ်ချ၊ Mp3 ထဲ ထည့်၊ ပြီးတော့ ဘယ်နေရာမဆို နာထောင် သင်ယူနိုင်ပါပြီ။
4.1 ရုပ်ရှင် ကြည့်ပါ။
ရုပ်ရှင်ဟာ အင်္ဂလိပ်စာ သင်ယူဖို့အတွက် အထူးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေ မှန်မှန်ကန်ကန် အသုံးပြုဖို့တော့ လိုပါတယ်။ ရုပ်ရှင် တကားလုံး မကြည့်သင့်ပါ။ ကျွန်တော်တို့တွေ နားမလည် နိုင်ပါဘူး။ ဒါဆိုရင် ဘာကိုမှ သင်ယူရာ မရောက်ပါဘူး။ အဲဒါကြောင့် တပတ်မှ တခန်းပဲ ကြည့်သင့်ပါတယ်။ ကြည့်တဲ့ အခါ အောက်ပါ အစီစဉ်အတိုင်း ကြည့်ရင် သင့်လျော်ပါတယ်။
(a)      ပထမဆုံး မြန်မာစာတမ်းထိုးနဲ့ တခန်းကို ကြည့်ပါ။ ခုလို ကြည့်ခြင်းက အကြမ်းဖျင်း နားလည်အောင် ကူညီနိုင်ပါတယ်။
(b)     ဒုတိယအကြိမ်မှာ အဲဒီအခန်းကိုပဲ အင်္ဂလိပ်စာတမ်းထိုးနဲ့ Pauseခလုပ်ကို အသုံးပြုပြီး ကြည့်ပါ။ စကားလုံးအသစ်တွေကို နားလည်ဖို့ အဘိဓာန်ကို အသုံးပြုပါ။ အဲဒီစကားလုံးကို အသုံးပြုပြီး     မှတ်စုစာအုပ်ထဲမှာ ဝါကျတခု တည်ဆောက်ပါ။
(c)      တတိယအကြိမ် အင်္ဂလိပ်စာတန်းထိုးနဲ့ အကြိမ်ကြိမ် ကြည့်ပါ။ Pause ခလုပ်ကို အသုံးမပြုပါနှင့်။
(d)     အင်္ဂလိပ်စာတန်းထိုးမပါတော့ပဲ နားစိုက်ပြီး အကြိမ်ကြိမ် ကြည့်ပါ။
(e)      တပတ်အတွင်းမှာ နေ့စဉ် (a) မှ (d) ထိ ပုံစံအတိုင်း ထပ်တလဲလဲ ကြည့်ပါ။
ဒုတိယ တပတ်မှာလဲ နောက်အခန်းတွေကို ပုံစံတူအတိုင်း ထပ်ခါတလဲလဲ ကြည့်ရမှာပါ။ ဒီပုံစံ အတိုင်းဆိုရင် ဇာတ်ကား တကားပြီးဖို့ အချိန်အတော်ကြာကြာ ယူရပါလိမ့်မယ်။ ဒါဟာ ဖြစ်သင့်ပါတယ်။ ဒါမှလဲ ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စကား နားထောင်နိုင်စွမ်းနဲ့ ပြောနိုင်စွမ်းက အလွန်လျင်မြန်စွာ တိုးတက် လာမှာပေါ့။ ဒီနည်းစနစ်က တကယ်ကို Powerful ဖြစ်ပါတယ်။
5.1 စာဖတ်ခြင်းနဲ့ နားထောင်ခြင်းကို တပြိုင်နက် လုပ်ပါ။
နားထောင်ရင်း စာဖတ်ခြင်းဟာ အင်မတန်မှ အင်အား ကြီးပါတယ်။ ခုလို လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အသံထွက်ကိုလဲ မှန်ကန်တိုးတက်စေပါတယ်။ ပိုလို့ ခက်ခဲတဲ့ အရာတွေကိုလဲ နားလည်ဖို့ အကူအညီ ပေးပါတယ်။ မြန်ဆန်စွာ သင်ယူနိုင်ဖို့ စာဖတ်ရင်း နားထောင်ပါ။ အကြိမ်အနည်းငယ် စာကို ဖတ်ရင်း နားထောင်ပြီးတဲ့ နောက် စာအုပ်ကို အဝေးမှာ ထားပြီး သက်သက် နားထောင်ကြည့်ပါ။ ကျွန်တော်တို့ဟာ အများကြီးနားလည်နိုင်ပြီး လျင်မြန်စွာ တိုးတက်လာပါလိမ့်မယ်။ အမြဲတမ်းပဲ အသံနဲ့ စာ အတူရှိတဲ့ ဥစ္စာကို ရှာထားသင့်ပါတယ်။ စတင်လေ့လာဖို့ ဆိုရင် ကျွန်တော့် ဘလော့ဂ်မှာ အသံ+စာ တွဲလျက် ရှိနေပါပြီ။
အခြားသော အကြံပေးရမယ် ဆိုရင် စာအုပ်ရော သူ့ရဲ့ Audio Book ပါ ရယူထားဖို့ပါ။ (ဆိုလိုတာကတော့ အထက်က ဥပမာ တိုင်း Charlie and the Chocolate Factory လို ဟာမျိုးပေါ့။)
၆လ အနှိုင်းမဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်
အထက်ပါအကြံပေးချက်(နှင့်အတူ လေ့လာနည်း ၇ နည်း) တို့ကို လိုက်နာပါ။ ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စကားပြောဟာ အံ့ဩဖွယ်ရာ တိုးတက်လာပါလိမ့်မယ်။ ကျွန်တော် ၁၀နှစ်ကျော်အောင် သင်ကြား ပေးဖူးပါတယ်။ ဒီနည်းအတိုင်း လိုက်နာကြာတဲ့ ကျောင်းသားတိုင်းဟာ အောင်မြင်ကြပါတယ်။ အမြဲတမ်းပါပဲ ကျွန်တော်တို့ရဲ့ နည်းစနစ်က အကောင်းဆုံးသော အင်္ဂလိပ်စကားပြောအတွက် သော့ချက်တွေပါ။ ကျွန်တော်တို့ ၆ လပဲ အချိန်ပေးဖို့ လိုပါတယ်။
ကျွန်တော်တို့တွေဟာ
•        ၆ လ ပြည့်တဲ့ အခါ ဒေသခံတွေနဲ့ အင်္ဂလိပ်စကားကို လွယ်ကူစွာ ပြောနိုင်ပါလိမ့်မယ်။
•        ၆ လ ပြည့်တဲ့ အခါ ဒေသခံတွေနဲ့ အင်္ဂလိပ်စကားကို လျင်လျင် မြန်မြန် သဘာဝကျစွာ ပြောနိုင်ပါလိမ့်မယ်။
•        ၆ လ ပြည့်လို့ အင်္ဂလိပ်စကားပြောတဲ့ အခါ သက်တောင့် သက်သာ ဖြစ်နေပါလိမ့်မယ်။
ကျွန်တော်တို့တွေ နည်းဟောင်းတွေနဲ့ ကြိုးစားခဲ့ ကြပြီးပါပြီ။ စာအုပ်တွေနဲ့ ကြိုးစားခဲ့ ပြီးပါပြီ။ ကျောင်းတွေမှာ ကြိုးစားခဲ့ပြီးပါပြီ။ သဒ္ဒါတွေကိုလည်း ကြိုးစားခဲ့ပြီးပါပြီ။ ကျွန်တော်တို့ နည်းသစ်တခုကို စတင် ကြိုးစားကြည့်ဖို့ အချိန်တန်ပါပြီ။
ကံကောင်းပါစေ။ အင်္ဂလိပ်စာ သင်ကြားမှုနဲ့ ပတ်သက်လို့ အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။
[Effortless English School တည်ထောင်သူ ဒါရိုက်တာ A.J. Hoge ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။ မူရင်းကို ဖတ်လိုသူများ သူ၏ ၀ဘ်ဆိုဒ်သို့ သွားရောက် ဖတ်ရှုနှိုင်ပါသည်။]
ဘာသာပြန်သူ
ကိုမြင့်ကို (White Dream)
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment