Monday, July 04, 2011

ခြင်္သေ့မြိုတော်

ခြင်္သေ့မြိုတော်က အဖြစ်အပျက်လေးတွေကို သူငယ်ချင်းတို့ကို ဝေမျှချင်ပါတယ်...ဗဟုသုတအဖြစ်အနေနဲ့ပေါ့.. ခြင်္သေ့မြိုတော်ကို သွားဖို့ဆုံးဖြတ်ထားတဲ့သူတွေကိုလည်း အကျိုးရှိစေမှာပါ...
နိဒါန်းကတော့ သိပ်မလှပါဘူး။ဇွန်လ ၂၀၁၀ မှာ ခြင်္သေ့မြို့တော်ကိုရောက်တယ်။ ကိုယ့်ရည်မှန်းချက်တွေကို ပြည့်စေမလားဆိုတဲ့။ အတွေးနဲ့ကြိုးစားထွက်လာတယ် ဆိုပါစို့။ စရောက်ကာစ ဘယ်လိုတွေးမိလည်းဆိုတော့ စင်ကာပူဆိုတာ မြန်မာနဲ့သိပ်မခြားနားပါဘူး။ မီးတွေကလည်းထိန်လင်းပြီး MRT(ရထား)၊ Bus Car က အစ အဆင့်တန်းမြင့်တယ်ဆိုတာစမြင်တွေ့ရပါတယ်။ ကျန်တာကတော့ အဲ့လောက်မဟုတ်ပါဘူး။ (ကွာခြားတာတွေကတော့ တော်တော်ကိုများပါတယ် လမ်းတွေက အစပေါ့လေ။) တကယ်တမ်းတွေးကြည့်မယ်ဆိုရင် မြန်မာပြည်မှာရှိတဲ့လူတွေရဲ့အပြုံးနဲ့ စင်ကာပူက လူတွေရဲ့မျက်နှာက သိပ်ကိုကွာခြားပါတယ် နွေးထွေးမူ လုံးဝမရှိတာအမှန်ပါ။ မြန်မာတွေက ဗုဒ္ဓဘာသာအယူအဆရယ် ငယ်စဉ်ကတည်းက လူကြီးမိဘကိုရိုသေရမယ်ဆိုတာရယ် သိထားကြတော့ ဒီကလူတွေနဲ့ယှဉ်ရင် အပုံကြီးသာပါတယ်။ မပျော်ပါဘူး။ အလုပ်လုပ်ဖို့လာတာဆိုတော့ မနက်စောစောအိပ်ယာထ၊ ဘုရားရှိခိုး၊ သတင်းစာသွားဝယ်။ ပြီးတော့ မျက်လုံးပျက်မတတ် ဖတ်၊ မှတ်၊ အွန်လိုင်းကနေ အရင်လျှောက်။ ၉နာရီခွဲရင် ဖုန်းတွေဆက်ပြီး မေး။ ဒီနေရာမှာ ပြောပြချင်ပါတယ်။ ဘယ်လိုကြုံတွေ့ရတယ် ဆိုတာတွေလေ။ ကိုယ်ကမေးတယ်၊ အလုပ်လျောက်ချင်လို့ပါ၊ မြန်မာလက်ခံလားပေါ့။
သူတို့က မေးတယ် ဘာpass ကိုင်ထားလဲ။ social visit ပါဆိုရင် တွေ့အကြုံရှိလား။ စင်ကာပူမှာ ဘယ်နှစ်နှစ်လဲ။ ဘာနဲ့ဘွဲ့ရတာလဲ။ သူတို့ကြိုက်ရင် အင်တာဗျူးခေါ်တယ်။ တချို့ကလည်း ဘာမှမမေးဘူး အင်တာဗျူးလာခဲ့ပါ။ မြန်မာလက်ခံပါတယ် ဆိုသွားတယ်။ ဟိုလည်းရောက်ရော သူတို့မကြိုက်ရင် spass အတွက် Quota မရှိဘူး၊ ဘာဘူး လုပ်ရော။ တချို့ကတော့ မြန်မာဆိုတာနဲ့ဆောရီးပါတဲ့။ သူတို့က မလေးနဲ့ စင်ကာပူလူမျိုးပဲလိုချင်တာပါတဲ့။ မြန်မာတွေ မျက်နှာငယ်ရတဲ့အပိုင်းတွေလည်းရှိတယ်ဆိုတာ သိလိုက်ရပါတယ်။ နောက်ပြီး တခုက ဘာသာစကားပါ။ Mandrin လို့ခေါ်တဲ့တရုတ်စကားပြော တတ်လားမေးတယ်။ ပြောတတ်ရင်သိပ်ကို အိုကေပါတယ်။ Eng & Mandrin ကောင်းကောင်းပြောတတ်ရင် စင်ကာပူမှာအလုပ်ပေါပါတယ်။ အလုပ်လာလျောက်မဲ့သူတွေသိထားစေချင်လို့ပါ။ သတင်းစာမှာ အနဲဆုံးတော့ Bilingual ဆိုတာပါပါတယ်။ အလုပ်လျောက်တဲ့အတွေ့အကြုံကတော့ စိတ်မောရတာပါပဲ။ အင်တာဗျူးရရင် Google ထဲမှာ မြေပုံရှာ။ ဘယ် MRT မှာဆင်းပြီးဘယ်လိုသွားရတယ်ဆိုတာကိုမှတ်ပြီးမှသွားရတယ်။ ကောင်းတာတခုက အင်တာနက်ထဲမှာအစုံအလင်ရှိတာရယ်။ ဘယ်နေရာပဲရောက်ရောက် ကားပဲစီးစီး ရထားပဲစီးစီး မြေပုံတွေကိုကားမှတ်တိုင်တိုင်းနဲ့ ဘူတာတိုင်းမှာထားပေးထားတဲ့အတွက် သိပ်ကိုအဆင်ပြေချောမွေ့ပါတယ်။ ရထားပေါ်မှာလည်း တဘူတာရောက်တိုင်း ဘယ်ရောက်ပြီ ဆိုတောကြငြာပေးတဲ့အတွက် သိပ်အဆင်ပြေတယ်။ ရှေ့ရပ်မဲ့ဘူတာကဘာလဲဆိုတာ ပါကြေငြာတယ်။ ကားမှာဆိုရင် မြန်မာနိုင်ငံမှာလို စပယ်ယာမရှိဘူး။ အလုပ်ပိုသက်သာတယ်။ အားလုံးက အဲကွန်းထဲမှာအေးအေးငြိမ့်ငြိမ့်လေးပေါ့။ တွေးမိတယ်။ မြန်မာနိုင်ငံမှာဆို စပယ်ယာတွေလည်း လည်းချောင်းကွဲမတတ်အော်ရတယ်။ ကားမှတ်တိုင်တွေမှာ ရှုပ်ထွေးပွေလီပြီး ဆူညံနေတယ်။ မြေပုံဆိုတာမရှိတော့ အခက်တွေ့ကြရတယ်။ ကိုယ့်မြန်မာနိုင်ငံကိုလည်း စင်ကာပူလိုဖြစ်စေချင်မိတယ်။ တခုတော့ရှိတယ် စပယ်ယာတွေ လည်ချောင်းကွဲအောင်အော်ရလို့ သနားပေမယ့် မရှိစေချင်ပေမယ့် သူတို့ဒီအလုပ်မရှိရင် ဘာနဲ့ထမင်းသွားစားမလဲနော်။ ပထမဆုံးအင်တာဗျူးလေးကို ရေးပြချင်ပါတယ်။ တော်တော်လေးကို အခက်တွေ့ခဲ့ရတာပါပဲ။ မေးတယ်။ စင်ကာပူကို ဘာလို့လာတာလဲတဲ့။ ဒါကတော့ ကိုယ်အလွတ်ကျက်ပြီးသား မေးခွန်းလေးဖြစ်လို့ ရှောရှောရှုရှုပေါ့။ ပြီးတော့ တခြားကိုယ့်ရဲ့ သင်တန်းလက်မှတ်တွေအကြောင်းမေးတယ်။ ကိုယ်ကထင်ထားတာက ကိုယ့်ကို ကိုယ့်ရဲ့CVထဲက လုပ်ငန်းအတွေ့အကြုံတွေကို မေးမယ်လို့ထင်ထားတာ။ သူကဘာမေးလဲဆို မင်းရဲ့ future plan ကဘာလဲတဲ့။ ဘုရားတမိတာပဲ ကိုယ့်မှာ plan ရှိပေမယ့်အဲ့ဒါကိုချပြရမှာလား။ ဒါမှမဟုတ် ကြားကောင်းအောင်ပြောပြရမှာလား မသိတော့ဘူး။ ဆိုးတာတခုက ကိုယ်က အင်္ဂလိပ်စာအားနည်းတာရယ် ပထမအတွေ့အကြုံကိုတုန်လူပ်မိတာရယ်။ နောက်ဆုံးငါ စဉ်းစားပြီး စိတ်ထဲရှိတာပြောချလိုက်တယ။် ငါ ပိုက်ဆံတွေရှာချင်တယ်။ ပြီးရင် ငါ လှူချင်တန်းချင်တယ်လို့ ပြောလိုက်တယ်။ ပိုးဆိုးရွားတာတခုက သူကငါပြောတဲ့ အဲ့ဒီရည်မှန်းချက်ကို နားမလည်တာပဲ။ သူလက်မခံဘူး၊ ထပ်မေးတယ်။ ဘာလဲတဲ့။ ကိုယ်လည်းနားမလည်နိုင်တော့ဘူး၊ ထပ်လည်းရှင်းမပြတတ်ခဲ့ဘူး၊ ပြောပြီးပြီလေ။ နောက်တော့မှ ကိုမိုးကျော် လို့ခေါ်တဲ့အစ်ကိုတစ်ယောက်ပြောတော့မှ နားလည်ခဲ့တယ်။ သူတို့က ဗုဒ္ဓဘာသာမဟုတ်တဲ့အတွက် လှူတန်းတယ် ဆိုတာကို နားမလည်လက်မခံနိုင်တာတဲ့လေ။ ဟုတ်သားပဲ တို့မြန်မာတွေ လူဖြစ်ရကျိုးနပ်တယ်နော်။ ဒီကိုလာမဲ့သူငယ်ချင်းတို့ကိုလည်း အဲ့လိုမေးလာရင် ဘာဖြေရမယ်ဆိုတာ ကြိုတွေးထားစေချင်လို့ပါ။ သူငယ်ချင်းတို့ရေ နောက်တခုက ဒီလာရင်တော်ရုံ စိတ်နဲ့ စိတ်ဓာတ်မခိုင်မာပဲနဲ့မရဘူး။ ဘာလို့လဲဆို visit pass ကတစ်လပြည့်တော့မယ်။ အလုပ်ကမရသေးဘူး။ ဘယ်လိုဆက်လုပ်ရမလဲ။ extention ထပ်တိုးရင်ရောရပါ့မလား။ အဲ့ဒီအတွေးတွေနဲ့ အလုပ်လျောက်ရတာပင်ပန်းရတာက တမျိုးနဲ့ ကြိုတင်ပြင်ဆင်ပြီးမှလာစေ့ချင်ပါတယ်။ အားလုံးက မိဘညီအကို မောင်နှမတွေနဲ့ ခွဲပြီးတော့ စိတ်ပင်ပန်းစွာ အလုပ်လာလုပ်နေကြရတယ်။ မသိသေးတဲ့သူတွေကတော့ နိုင်ငံရပ်ခြားကို အထင်ကြီးပြီး သူများတွေ ပြောတဲ့ ကောင်းပါတယ်၊ အဆင်ပြေပါတယ်၊ အေးဆေးပဲ ဘာအခက်အခဲမှမရှိပါဘူး ဆိုတဲ့စကားတွေကို မယုံစေ့ချင်ဘူး။ အားလုံးအဆင်သင့်ဖြစ်မှလာတာတောင် တော်ကာမကျဘူးဆိုတာကိုယ်တိုင်ရောက်ရင်သိပါလိမ့်မယ်။ ဒီမှာစိတ်ပင်ပန်းပေမယ့် ကြည်နူးစရာလေးတခုက မြန်မာ ဘုန်းကြီးကျောင်းတွေရှိတာပါပဲ။ Topayo ဘုန်းကြီးကျောင်း နဲ့ Clementi ဘုန်းကြီးကျောင်းတွေကို ကိုယ်ရောက်ဖူးပါတယ်။ Clementi ဘုန်းဘုန်းဘွဲ့နာမည်က Dr. Ashin Vicitta ( Resident Monk) Dhamacariya, B.A, M.A, Ph.D Foreign Missionary Abbort Cert. ပါ။ ဘုန်းဘုန်းက လူတိုင်းအပေါ်ကို မေတ္တာတရားကြီးမားစွာ နားလည်စွာနဲ့ဆက်ဆံပါတယ်။ ဘုန်းဘုန်းကျောင်းရောက်သွားရင် စိတ်ချမ်းသာရပါတယ်။ နွေးထွေးမှု့မရှိတဲ့ အေးစက်စက် စင်ကာပူမှာ မြန်မာ့ ယဉ်ကျေးမှု့ဘုန်းကြီးကျောင်းတွေရှိတာသိပ်ကို ကြည်နူးစရာပါ။ ဘုန်းဘုန်းက လာတဲ့သူတိုင်းကို အပြုံးနဲ့ကြိုဆိုတယ်။ အဆင်ပြေမပြေမေးတယ်။ နှစ်သိမ့်အားပေးတယ်။ ပြီးတော့ ပုရိတ်ကြိုးချည်ပေးတယ်။ အလုပ်ရဖို့ spass ကျဖို့အတွက် ပုရိတ်ရေ(မေတ္တာရေ) တိုက်တယ်။ ဘုန်းဘုန်းပုရိတ်ရည်သောက်ပြီးရင် များသောအားဖြင့်အလုပ်ရကြတယ် ဆိုတာပြောပြချင်လို့ပါ။ မေတ္တာတရားဆိုတာ ဘာနဲ့မှတုနှိုင်းလို့မရပါဘူး။ မလေး မှာလည်း ဘုန်းဘုန်းကျောင်းရှိပါတယ်။ Topayo ဘုန်းကြီးကျောင်းက ကြီးပါတယ်။ Clementi ကျောင်းကတော့ အနည်းငယ်ကျဉ်းပါတယ်။ တိုက်ခန်းနှစ်ခန်းဆက် ပထမထပ်လေးကို ကျောင်းလုပ်ထားတာပါ။ ဒီရောက်နေတဲ့မြန်မာတွေရော မရောက်သေးပေမယ့် စေတနာ သဒ္ဒါတရားကြီးမားတဲ့မြန်မာတွေသာ ဖေးမကူညီ လှူဒါန်းမယ်ဆိုရင် တို့ဗုဒ္ဓဘာသာတွေကို ကမ္ဘာကပိုသိသွားမယ်ထင်ပါတယ်။ သတိထားမိကြလားမသိဘူး။ နိုင်ငံတိုင်းမှာ ဗလီကျောင်းတွေနဲ့ တရုတ်ဘုံကျောင်းတွေ ကြီးကျယ်ခမ်းးနားပေမယ့် မြန်မာဘုန်းကြီးကျောင်းတွေ နည်းပါးသေးငယ်နေကြရတယ်ဆိုတာ။ ဘုန်းဘုန်းကတော့တရားဟောတယ်။ စေတနာကောင်းရင် သဒ္ဒါတရားကောင်းရင် ကံကောင်းတယ်တဲ့ အတိတ်ဘ၀ကံ နဲ့လည်းဆိုင်ပေမယ့် လက်ရှိမှာကောင်းတာကိုလုပ်ရင် ကောင်းတာကြုံတွေ့ရမယ်တဲ့။ လူဆိုတာ ကွန်ပျူတာတလုံးနဲ့အတူတူပဲ။ ကွန်ပျူတာမှာ memory နဲ့ hard disk ဆိုတာရှိတယ်။ ၀ နဲ့ 1 နဲ့ကိုပဲသိပြီး အလုပ်လုပ်သမျှကို hard disk ထဲမှာသိမ်းထားမယ်ဆိုရင် memory ထဲကနေ တချိန်ပြန်ခေါ်ယူသုံးလို့ရတယ်တဲ့။ မသိမ်းထားဘူးဆိုရင်တော့ ဘယ်လိုနည်းနဲ့ မှထုတ်သုံးလို့မရနိုင်တော့ဘူးတဲ့လေ။ အဲ့လိုပဲ လှူထားတန်းထားတဲ့ကုသိုလ်တရားမရှိဘဲနဲ့ ကံကောင်းခြင်းကို ဘယ်လိုမှ ခေါ်ယူလို့မရဘူးတဲ့။ စဉ်းစားကြပါနော်။ စကားမစပ်ပါ အလုပ်အကြောင်းပြောရင်းနဲ့ လှူဒါန်းခြင်းကြောင်းရောက်သွားတယ်။ ဒါပေမယ့် ဆက်စပ်နေတယ်ဆို လက်ခံတယ်မဟုတ်လား။ ဒီမှာမှမဟုတ်ဘူး။ ဘယ်မှာပဲနေနေ ကိုယ်လုပ်သမျှ အောင်မြင်အဆင်ပြေစေဖို့ ဒီစာလေးလည်းလိုအပ်မယ်ထင်ပါတယ်နော်။
ကဲသူငယ်ချင်းတို့ရေစာလေးလည်းရှည်ပြီမို့ ခဏနားပါရစေ နောက်များအဆင်သင့်ရင် ခြင်္သေ့မြို့တော်အကြောင်းဆက်ရေးပါဦးမယ်... နော်။
 (Forward Mail မှတဆင့် သူငယ်ချင်းတို့အတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။)
Posted by အိမ်လွမ်းသူ

No comments:

Post a Comment