Friday, August 12, 2011

ကျွန်တော်နှင့် အရက်

ဘယ်က စရေးရမှန်း မသိလို့ စဉ်းစားနေတုန်း ရှိသေး။ အမူသမား ရုရှားများက ကျွန်တော်တို့ နေတဲ့ ဘက်အခြမ်းက အခန်းတံခါး မပိတ်လို့ဆိုပြီး လာရစ်နေတယ်လေ…။ အော် အရက်… အရက်… သူ့ဟာသူ နေရင် အကောင်းသား… ခုတော့…။
တခါတခါ မှုန်ရွှေရည် ဇာတ်ကားထဲမှ (ဦး)၀င်းဦး ပြောတာလေး သတိရမိသည်။ ၀င်းဦးက
“အရက်ဆိုတာ ရေနဲ့ပဲ ရောရတာကွ၊ အလုပ်နဲ့ မရောရဘူး”

ကျွန်တော် ငယ်စဉ်ကပင် အရက်နှင့် ရင်းနှီးခဲ့ပါသည်၊ အရက်နှင့် ကျွမ်းဝင်ခဲ့သည်။ အဘယ်ကြောင့်နည်း???

ကျွန်တော် အရက် သောက်တတ်၍ မဟုတ်ပါ။ ပြောရရင်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း သလို ဖြစ်ပေမည်။ သို့သော်လည်း မတတ်နိုင်... မပြောမပြီး မတီးမမြည် ဆိုသလို ပြောရပေတော့မည်။ အဖေ... ဟုတ်သည်။ အဖေ အရက်သောက်သည်။ ကျွန်တော် ငယ်စဉ်ကတည်းက သောက်သည်။ ထို့ကြောင့်လည်း ငယ်ငယ်ကတည်းက အရက်နှင့် ရင်းနှီးရခြင်း ဖြစ်သည်။
ကိုယ့်အဖေမို့လို့ ကျွန်တော် မြှောက်ပြောခြင်း မဟုတ်ပါ။ အဖေ တော်ပါသည်။ မြန်မာဆေး ပညာပိုင်းတွင် အဖေ့ကို ဆရာဝန်ကြီးများပင် လေးစားကြသည်။ သို့သော်... ထိုသို့ ပညာပိုင်းတွင် တော်သော အဖေသည် အပေါင်းကြောင့် ဂုဏ်မတက်ဘဲ အပေါင်းကြောင့် ဂုဏ်ပျက်ခဲ့ရသည်။ အရက် သောက်တတ်ခဲ့သည်။ အစပိုင်းတော့ ဆေးဖြစ်ဝါးဖြစ် သောက်သည်။ ထိုသို့ ဆေးဖြစ် ၀ါးဖြစ်မှ စခဲ့သော အရက်သည် အဖေ့အား တဖြည်းဖြည်း စိုးမိုးလာခဲ့သည်။
အဖေ့အား စိုးမိုးရုံသာ မက... ကျွန်တော်တို့ မိသားစုကိုပါ အရက် စိုးမိုးလာခဲ့သည်။ အရက်၏ ခြယ်လှယ်ခြင်း ခံလာရသည်။ အရက်၏ ဆိုးကျိုးများ စတင် ခံစားလာရသည်။ အဖေ အရက်သောက်ပြီး မူးလာလျှင် အမေ့အား ရန်ရှာလာသည် အထိ ဖြစ်လာခဲ့သည်။ စကားတွေ များလာသည်။ အားမနာတမ်း ပြောရလျှင်တော့ ရစ်သည်ပေါ့...။ အမေကလည်း သည်းခံပါသည်။ သို့သော်... အဖေ ပင်စင်ယူပြီးနောက်ပိုင်း အိမ်၏ စားဝတ်နေရေးအား အမေ တာဝန် စယူလာရသောအခါ အမေ့ရဲ့ သည်းခံနိုင်စွမ်းတွေ တဖြေးဖြေး နည်းပါးလာသည်။ ဖြစ်သင့်ပါသည်။ နေ့လယ်ပိုင်းတွင် ပင်ပင်ပန်းပန်း အလုပ်သွားလုပ်သော အမေ... ညဘက်ရောက်တော့ နားချင်သည်။ သို့သော် အဖေက အရက်သောက်ပြီး ရစ်သော အခါ...
အမေနှင့် အဖေ ညတိုင်းနီးပါး စကားများရသည်။ ကျွန်တော်က အမေ့ဘက်က မကျေနပ်... အဖေ့အား ၀င်ဝင် ပြောမိသည်။ အမေ့အတွက် စိတ်မကောင်း၍ မျက်ရည်လည်း ကျမိသည်။ ထိုသို့ ၀င်ပြောဖန် များလာသောအခါ ကျွန်တော့်ကိုပါ အဖေ သိပ်မကြည်တော့...။
ပင်ကိုယ်စိတ်က အဖေ ကျွန်တော့်အပေါ် တော်တော် ကောင်းပါသည်။ သို့သော် ကျွန်တော်တို့အကြား အရက် ၀င်လာသော အခါ... စည်းလုံးမှုတွေ ပျက်ခဲ့သည်။ မိသားစု ချစ်ခြင်းတွေ ပျက်ခဲ့သည်။
တခါတလေ အဖေ အမူးပြေသော အခါ.. အမေက (ရှင့်လို လူမျိုးကို ပစ်ထားဖို့ကောင်းတယ်) စသဖြင့် အမေက အဖေ့ကို ပြောတတ်သည်။ စိတ်ထဲက ပါ၍တော့ မဟုတ်။
ထိုအခါများတွင်တော့ အဖေက (မင်းတို့ကကွာ ငါရှာကျွေးစဉ်တုန်းက ဒီလို မဟုတ်ပါဘူး... ခုမှ ငါ့ကို ဒီလို ပြောရလားကွာ) ဆိုပြီး ပြောတတ်သည်။ ဤသို့ ဆိုပြန်သော်လည်း အမေကော၊ ကျွန်တော်ပါ စိတ်မကောင်းကြပြန်။ အဖေ့အား သနားမိ ပြန်သည်။
သို့သော် အဖေ မူးလာလျှင် သွေးဆိုးသည်။ တစ်ခါ ဖေမူးလာပြီး အမေ့ကို တွန်းပစ်သည်။ အမေ ပစ်လဲ ကျသွားသည်။ အဲဒီတုန်းက တော်သေးသည် ရောင်ဝင်အိုးနှင့် ခြေနင်း အုတ်ခုံအကြား အမေ့ခေါင်း ကျသွားလို့.. အုတ်ခုံပေါ်သာ ကျသွားလျှင်.. မတွေးဝံ့စရာ...။
အဲဒီတော့ ကျွန်တော် အဖေ့အပေါ် အကြည်ညို ပျက်လာသည်။ အမှန်အတိုင်း ပြောရလျှင် အဖေ့ကို အမေ့လောက် ကျွန်တော် မချစ်...။ သို့သော် ကျွန်တော့် အမေသည် အမေပီသပါသည်။ ကျွန်တော်က အဖေ့မကောင်းကြောင်း ပြောလျှင်... (သား အမေက ပြစ်မှားတာ အကြောင်း မဟုတ်ဘူး... သားက သားအဖေလေ အဲလို မပြစ်မှားရဘူးလေ) ဟု ဆုံးမရှာသည်။
အမေ ကျွန်တော့် အပေါ် ကောင်းတာ တစ်ခု ရှိသေးသည်။ အဖေသည် နောက်ပိုင်း ကျန်းမာရေး မကောင်းလာသောအခါ အရင်လို အရက်ကို ကိုယ်တိုင် သွားမ၀ယ် နိုင်တော့။ အမေကသာ မိန်းမသား တန်မဲ့ ၀ယ်ပေးရရှာသည်။ သို့သော် အမေ ကျွန်တော့်ကို မ၀ယ်ခိုင်း။ အဖေ့ကိုလည်း (ရှင်နော် ကလေးကို မ၀ယ်ခိုင်းနဲ့၊ ကုန်ရင် ကျွန်မကိုပြော ကျွန်မ ၀ယ်ပေးမယ်) ဆိုပြီး ပြောသည်။ ကျွန်တော့်အား အမေသည် အရက်နှင့် ရင်းနှီးသွားမှာ စိုးရိမ်သောကြောင့် ဖြစ်ဟန် တူပါသည်။
ကျွန်တော် ခုချိန်ထိ စိတ်မကောင်း ဖြစ်မိသော အကြောင်းအရာ တစ်ခုရှိပါသည်။ သို့သော် ထိုအကြောင်းကို သတိရမိလျှင် ထိုသတိရသည့် စိတ်ကို ပြန်ရှုတတ်နေပါပြီ။ ဒါသည်လည်း ကိုဝင်းမြင့်၏ ကျေးဇူးကြောင့်ပင်။ ဘာ အကြောင်း အရာလဲဟု ဆိုလျှင်...
မှတ်မှတ်ရရ... မနက်ဖြန်မနက် ကျွန်တော် ၉ တန်း သချာင်္ ဖြေရမည်ဆိုလျှင် ဒီလိုညကြီး... အဖေ အမူးလွန်ကာ အမေ့ကို ရစ်သည်။ အမေက ပြန်ပြောသော အခါ အဖေ့ကို ရိုက်မည်ပုတ်မည် ဆိုပြီး အမေ့ဆီ တိုးလာသည်။ ဤတွင် ကျွန်တော့်စိတ်ထဲတွင် ဘာဖြစ်သွားသည် မသိ။ အဖေ့အား တွန်းထုတ်လိုက်မိသည်။ ဤအချိန်တွင် ကျွန်တော့် စိတ်ထဲ အမေ အရိုက် မခံရရေးသာ သိသည်။ ကျန်တာ ဘာဆိုဘာမျှ မသိလိုက်...။
သို့သော် အခုအချိန် အဖေ မရှိတော့မှ ဤအကြောင်းအား ပြန်စဉ်းစား မိတိုင်း အရက်၏ ကျေးကျွန် ဖြစ်ခဲ့ရရှာသော အဖေ့အား သနားမိသည်။ သတိ ရမိသည်။ ထိုသို့ ပြုမူခဲ့သည်အား ပြန်တောင်းပန် ချင်မိသည်။ သို့သော် ကျွန်တော် ဖြေသာပါသည်။ အဖေ ဆုံးခါနီး ကျွန်တော် အဖေ့အား ပြုစုခွင့် ရခဲ့ပါသည်။ အနှစ်နှစ် အလလ အရက်၏ ကျေးကျွန် ဖြစ်ခဲ့သော အဖေသည် ထမင်းကိုပင် ကိုယ်တိုင် ဇွန်းနှင့် ခပ်မစား နိုင်တော့။ ဇွန်းကိုင်လျှင် အဖေ့လက်တွေ တအားတုန်လာသည်။ ကိုင်၍ မရ။ ထို့ကြောင့် ကျွန်တော်က အဖေ့အား ထမင်း ခွံကျွေးခွင့် ရခဲ့သည်။ လက်သည်း ခြေသည်း ညှပ်ပေးခွင့် ရခဲ့သည်။ အဖေ့ အင်္ကျီ အ၀တ်အစား များလည်း လျှော်ပေးခွင့် ရခဲ့ပါသည်။
အရက်၏ ဆိုးကျိုးများအား ကျွန်တော် တော်တော်လေး ခံခဲ့ရပါသည်။ အဖေ ရှိစဉ်က ညတိုင်းနီးပါး ကျွန်တော် ငိုခဲ့ရသည်။ စိတ်လည်း ညစ်သည်။ အမေ့ကိုလည်း သနားသည်။ သို့သော် အမေ ကျွန်တော့်အား တစ်ခါတစ်လေ ပြောသလို ထိုဝဋ်ဒုက္ခများ ကင်းလွတ်ချိန် ရောက်လာခဲ့သည်။ ၂၀၀၁-ခုနှစ် ၁၀-လပိုင်း ၁၇-ရက် နေ့တွင် အဖေ ကွယ်လွန် အနိစ္စ ရောက်သည်။ ကျွန်တော်တို့ ၁၀ တန်း အောင်စာရင်း ထွက်ပြီး ချိန်တွင် ဖြစ်သည်။
မှတ်မှတ်ရရ အဖေ ဆုံးတော့ ကျွန်တော် ၂-ခါသာ မျက်ရည် ကျခဲ့ပါသည်။ အဖေ ဆုံးသည့်နေ့နှင့် အဖေ့အလောင်း မြေချစဉ် မြေကျင်းထဲသို့ မြေခဲများ ပစ်ချတဲ့ အချိန်တွေမှာ ဖြစ်သည်။ အဖေတစ်ယောက် တကယ် ဆုံးပါးသွားပြီဟူသော အသိ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ယနေ့အချိန်တွင် အဖေ့အား ရံဖန်ရံခါ ကျွန်တော် သတိရမိသော်လည်း ထိုသို့ သတိရမိသည့် အချိန်တိုင်း အဖေ့အား ရည်စူး၍ ကျွန်တော်ပြုခဲ့သော ကုသိုလ်အစုစုအား အမျှဝေခြင်းဖြင့် ထိုစိတ်အား ဖြေဖျောက် နိုင်ခဲ့ပါသည်။ ထိုသို့ အဖေ့အား လှူမျှဝေ၍ ပြုနိုင်ခဲ့ခြင်း မှာလည်း ဘုန်းဘုန်း ဦးကောဝိဒ (မဇ္ဈိမ ဂုဏ်ရည် ဆရာတော်)၏ ကျေးဇူးကြောင့်ပင်။ (ဆရာတော့်အား ဤနေရာမှ ဘုရားတပည့်တော် ဦးခိုက်လိုက်ပါတယ် ဘုရား)
**********************************************
အရက်နှင့် ပတ်သတ်၍ ကျွန်တော့် အကြောင်းလည်း အနည်းငယ် ပြောချင်ပါ သေးသည်။ ယနေ့ အချိန်အထိ အရက်ဆိုသော အရာအား ကျွန်တော့် လျှာပေါ်သို့ ၂-ကြိမ်သာ တင်ဖူးပါသည်။ ပထမ တစ်ကြိမ်မှာ အဖေ့ အရက်ခွက်အား ရေခွက်ထင်၍ သောက်မိခဲ့ခြင်း ဖြစ်သည်။ သို့သော် ၀မ်းထဲသို့ မရောက်လိုက်။ နောက် တစ်ကြိမ်ကား ဘီယာ...။ သူငယ်ချင်း တစ်ယောက်အား အားနာမိ၍ သောက်မိခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း တစ်ငုံသာ။ ထိုတစ်ငုံ ၀င်အပြီး ထို ဘီယာ အရသာအား ကျွန်တော် ဘယ်လိုမှ မခံစားနိုင်၍ ငြင်းပယ်ခဲ့ပါသည်။
ကျွန်တော် ၁၀ တန်း အောင်အပြီး တက္ကသိုလ်တက်သည့် အချိန်မှ စ၍ ယနေ့ အချိန်အထိ အရက်အား နည်းအမျိုးမျိုးနှင့် တွန်းလှန် ခဲ့ရပါသည်။ အများအားဖြင့် သူငယ်ချင်းတွေနှင့် ဆုံသော အခါမှာ ဖြစ်သည်။ သူငယ်ချင်းတွေက ကျွန်တော့်အား သောက်စေချင်သည်။ တစ်ခါ တစ်လေ ချောင်ပိတ်သည့် စကားများ (မင်းင့ါကို ခင်ရင်တော့ တစ်ခွက်လောက်တော့ သောက်ပါကွာ) ဖြင့် ကျွန်တော့်အား တိုက်ပါသည်။ သို့သော် ကျွန်တော် ငြင်းပါသည်။ တစ်ခါ မရ၊ နှစ်ခါ၊ နှစ်ခါမရ သုံးခါ.. ငြင်းခဲ့ရပါသည်။ ထိုသို့ ငြင်းဖန် များလာသော အခါ နောက်ပိုင်း ထို အရက်ပါသည့် ပွဲမျိုးတွင် ကျွန်တော့်အား ဖိတ်သော်လည်း ကျွန်တော့်အတွက် အရက်မဟုတ်သည့် အအေးလို အရာမျိုးအား သပ်သပ် စီစဉ်ထားလာပါသည်။
ကျွန်တော် ဘာကြောင့် ငြင်းရပါသနည်း။ အစပိုင်းတွင်တော့ ငါ ငါ့အဖေလို အရက်သမား မဖြစ်စေရဘူး ဟူသည်က တစ်ချက်၊ အဖေအရက် သမားဆိုတော့ သားလည်း အရက်သမားပေါ့ကွာ ဟူသော ပတ်ဝန်းကျင်၏ အပြော အဆိုအား မခံချင်သည်က တစ်ချက်၊ ကျွန်တော် အရက်သမား ဖြစ်ပါက နောင် အကယ်၍ ကျွန်တော့်မှာ မိသားစု ရှိလာပါက ကျွန်တော့် မိသားစုအား အရက်၏ ဆိုးကျိုးများအား ကျွန်တော် ခံစားခဲ့သလို မခံစား စေချင်သည်က တစ်ချက်၊ နောက် ကျွန်တော် ကိုယ်တိုင်က ထို အရသာအား နည်းနည်းလေးမှ မကြိုက်ခြင်းက တစ်ချက်၊ ထိုအကြောင်း တွေကြောင့် ဖြစ်သည်။
နောက်ပိုင်းတွင်တော့ ငါးပါးသီလကို လုံအောင် ထိန်းချင်သော ဘာသာရေး အသိက ထိုအရက်အား မသောက်မိစေသာ အသိတရား အဖြစ် ကျွန်တော့် သန္တာန်တွင် ကိန်းသွားစေခဲ့ ပါတော့သည်။
ယနေ့ ကျွန်တော် ရောက်ရှိနေသော ရုရှားနိုင်ငံရှိ နိုင်ငံသား များသည် အရက်ကို ရေလို သောက်ကြပါသည်။ အရက် မသောက်သည့် လူဟူ၍ မရှိ။ ရာသီဥတုဒဏ် အေးသည်ကလည်း ပါပါသည်။
ဒီနိုင်ငံသို့ ကျွန်တော် မသွားမီ စဉ်းစားမိတာ တစ်ခု ရှိပါသည်။ (ငါက အရက် မသောက်တတ်တော့ ဒီ အအေးဒဏ်ကို ခံနိုင်ပါ့ မလား) ဟူသော အတွေး။ သို့သော် ထိုအတွေးအား ဘာသာရေး အသိဖြင့် ကာကွယ်ကာ ဒီအရက် မသောက်လို့ အအေးဒဏ်ကြောင့် သေရမည် ဆိုရင်တောင်မှ ငါ မသောက်ရေးချ မသောက်ဟူသော စိတ်ဖြင့် ဒီနိုင်ငံသို့ ကျွန်တော် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
စကားပုံလေးတွေတော့ ရှိပါသည်။ သူများ မိုးခါးရေသောက်ရင် ကိုယ်လည်း မိုးခါးရေသောက်၊ ရောမရောက်ရင် ရောမလိုကျင့်... စသဖြင့်။ သို့သော် ငယ်ငယ် ကတည်းက သူများလုပ်သည့် အတိုင်း လိုက်မလုပ်တတ်ခဲ့သော ကျွန်တော်၏မာနသည် ဤနေရာ (အရက် မသောက်ခြင်း) တွင်တော့ ကောင်းသွားဟန် တူပါသည်။
သို့သော်ငြားလည်း တရားအလုပ်တွင်တော့ သူများလုပ်သည့်နည်း ကောင်းလျှင် လိုက်လုပ်ရမည် ဟူ၍ ကျွန်တော့် မာနအား လျှော့ချရပါသည်။
ကျွန်တော်ရေးတာလည်း များသွားပြီ ထင်ပါသည်။ ယနေ့ အချိန်ထိတော့ ကျွန်တော် အရက်အား ရှောင်ကြဉ် နိုင်ခဲ့ပါသည်။ နောင်လည်း ရှောင်ကြဉ်နိုင်အောင် ကြိုးစားရပေဦးမည်။ အရက်မသောက်ရေး ဟူသော ရည်မှန်းချက် အပါအ၀င် ကျွန်တော်၏ ရည်မှန်း ချက်အစုစုတို့အား မပျောက်ပျက်အောင် ကာကွယ်သော၊ ကျွန်တော် မှတ်သားမိသော ဆရာတော် အရှင်ဆန္ဒာဓိက၏ ဆုံးမ စကားတစ်ခွန်း ရှိပါသည်။
“လောကမှာ ကိုယ့်ရည်မှန်းချက်ကို ပျက်ပြားစေတဲ့ အကြောင်းရင်း နှစ်ချက်ရှိတယ်။ (၁) အားနာတဲ့စိတ်နဲ့ (၂) ခြွင်းချက်ထားခြင်း” ဟူ၍...။
ယနေ့အထိတော့ ကျွန်တော် တချို့နေရာများတွင် အားနာစိတ်နှင့် ခြွင်းချက်တို့အား ထားရှိနေမိ ပါသေးသည်။ တဖြေးဖြေးတော့ ကျွန်တော် ကြိုးစားရပေဦးမည်။
********************************
စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများအားလုံး မိမိတို့ရဲ့ ရည်မှန်းချက် ပြီးမြောက်အောင်၊ လမ်းခရီးမှာလည်း မယိမ်းယိုင်အောင် ဆောင်ရွက် နိုင်ကြပါစေ။
(အဖြူရောင်မေတ္တာမှ ကူးယူဖော်ပြပါသည်။)

Posted by KAE

No comments:

Post a Comment