ဂျပန်ပညာရေးဝန်ကြီးဌာန (Monbukagakushou- မွန်ဘူးခဂကူရှိုး) အထောက်အပံ့နဲ့ ပညာတော်သင်လာရောက်ကြသူများရဲ့ Japanese Course 58th 2008 Opening Ceremony က (၁၀.၄.၂၀၀၈) ရက်နေ့၊ နေ့လည် (၂း၀၀)နာရီ မှာစပါတယ်။ ဒါကလည်း သက်ဆိုင်ရာ ဘာသာရပ်များ မသင်ကြားမီ ဂျပန်မှာနေထိုင်စဉ် ဘာသာစကားအခက်အခဲ မဖြစ်စေရန် ၆-လတာ ဂျပန်စာသင်ကြားရန်အတွက် စီစဉ်ပေးခြင်းဖြစ်ပါတယ်။ အစီအစဉ်ကြေငြာပြီးတော့ Nagoya University Vice President က စကားနည်းနည်းပြောပြီး တစ်ယောက်ချင်းစီ မိတ်ဆက်ကြရပါတယ်။ ပြီးတော့ အောက်ထပ်မှာ ကျွေးမွေးပွဲလေး စီစဉ်ပေးပါတယ်။
အဲဒီတော့မှ ကိုယ့်ရဲ့ A.P Kato လာတက်တယ်ဆိုတာ သိရတယ်။ A.P နဲ့ စကားပြောဖြစ်တော့ ဒီနှစ် Spring နွေဦးမှာ သူတို့ Lab အဖွဲ့တွေ တောင်တက်သွားကြမယ် လိုက်မလားလို့မေးပါတယ်။ ကျွန်တော်က Fuji San (ဂျပန်မှာက လူနာမည်တွေရဲ့ နောက်မှာ -စံ ထည့်ခေါ်လေ့ရှိပါတယ်။ အဓိပ္ပါယ်ကတော့ ဦး၊ ဒေါ်၊ ကို၊ မ စသည်ဖြင့်ယဉ်ကျေးသမှု နဲ့ခေါ်ဆိုလိုခြင်းပဲဖြစ်ပါတယ်။ သက်မဲ့ ဖူဂျီတောင်ကို ဖူဂျီစံ လို့ စံ ထည့်ခေါ်ရခြင်းကတော့ ဖူဂျီတောင်ကို သက်ရှိအရာတစ်ခုလို အထွတ်အမြတ်ထား ခေါ်ဆိုခြင်းဖြစ်ပါတယ်။) လားမေးတော့- ရယ်တယ်- မဟုတ်ပါဘူးတဲ့။ တောင်တက်မှာ ၃-နာရီလောက်ပဲ ကြာမယ့်အကြောင်းပြောပါတယ်။ ကျွန်တော်ကလည်း တောင်တက်တာက ကျွန်တော့်ဝါသနာဖြစ်တဲ့အကြောင်းနဲ့ လိုက်ပါချင်ကြောင်းပြောလိုက်ပါတယ်။ နောက် မြန်မာပြည်မှာ ဘယ်တောင်အမြင့်ဆုံးလဲလို့ မေးပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ Mt. Khakaborazi လို့ခေါ်ကြောင်း၊ အမြင့်ပေ ၁၉,၂၉၆ ရှိကြောင်း ပြောပြလိုက်ပါတယ်။ နောက်တော့ သူ့ရဲ့မိသားစုအကြောင်းပြောပြီး ကျွန်တော့်မိသားစုအကြောင်းလဲ မေးပါတယ်။ စားသောက်ပြောဆိုနေစဉ် အတွင်း ECIS (Education Center for International Student) မှ ဝန်ထမ်း Stuff လေးက အမှတ်တရ ဓါတ်ပုံတွေလာရိုက်ပေးလို့ နှစ်ယောက်တွဲ ရိုက်ဖြစ်လိုက်ပါတယ်။
A.P Kato နှင့် အမှတ်တရ
Nagoya University Vice President, Section Heads, A.P Kato နှင့် သင်တန်းသားများ။ (ကျွန်တော်၏ညာဘက်မှ A.P Kato ၎င်း၏ညာဘက်မှ Vice President ဖြစ်ပါသည်။)
အကျွေးအမွေး အစီအစဉ်ပြီးတော့ ECIS ရဲ့ရှေ့မှာအားလုံး အမှတ်တရဓါတ်ပုံရိုက်ကြပါတယ်။ ပြီးသွားတော့ A.P လဲ နှုတ်ဆက်ပြီးပြန်သွားပါတယ်။
ECIS ရှေ့မှာ Japanese Course 58th 2008 Opening Ceremony အမှတ်တရဓါတ်ပုံ။
အစီအစဉ်အားလုံးပြီးသွားတော့ ကိုစိုင်းတို့နဲ့ ခဏတွေ့ ကိုစိုင်းအိမ်မှာပဲ ညစာစားသောက်ပြီး နောက်တစ်နေ့ ကျောင်းတက်ရမှာဖြစ်လို့ အဆောင်ကိုပဲ ပြန်လာခဲ့ကြပါတယ်။
(၁၁.၄.၂၀၀၈) ရက်နေ့၊ သောကြာနေ့။
ညကစာထိုင်ရေးနေတာနဲ့ မနက်(၁း၀၀)နာရီထိုးမှ အိပ်ဖြစ်တယ်။ ကိုစိုင်းလေး တံခါးလာခေါက်နှိုးတော့ (၆း၃၀)နာရီ ရှိနေပြီ။ ကမန်းကတန်းထ ရေနွေးတည်၊ ကော်ဖီဖျော်၊ ပေါင်မုန့်စားပြီး (ရး၃၀)နာရီလောက်ကျောင်းကို ထွက်ခဲ့ကြပါတယ်။ ကျောင်းရောက်လို့ (၈း၄၅)နာရီမှာ အတန်းစပြီး ရှေ့သင်ရမှာတွေ Schedule တွေအကြောင်းပြောဆိုပြီး အတန်းခွဲပါတယ်။ ဒါလဲ ECIS Orientation နေ့က Form ဖြည့်တဲ့ အပေါ်မူတည်ပြီး အတန်းခွဲတာပါ။ ဂျပန်စာ Hiragana (ဟိရဂန) နဲ့ Katakana (ခတခန) ရေးတတ်ဖတ်တတ်တဲ့အပေါ် မူတည်ပြီး အခြေခံတန်း နဲ့ အလယ်အလတ်တန်း ဆိုပြီးခွဲလိုက်ပါတယ်။ အလယ်အလတ်တန်းကတော့ (၁၄.၄.၂၀၀၈) ရက်နေ့မှ စတင်မှာဖြစ်ပြီး ကျွန်တော်တို့ အခြေခံတန်းကတော့ ဒီနေ့ပဲစမှာဖြစ်ပါတယ်။ အတန်းစပါပြီ။ ဆရာ Mr. Hattori Atsushi က ဟာသဆန်စွာ သင်ကြားပါတယ်။ စာလုံးပုံစံ မပြောပဲ အသံထွက် Pronounciation မှန်ကန်စွာ ထွက်နိုင်ဖို့ စတင်သင်ကြားပါတယ်။ ဂျပန်စာမှာက ခန်းဂျီးလို့ခေါ်တဲ့ တရုတ်စာလုံးတူ၊ ဟိရဂန စာလုံးတူပေမယ့် ဖတ်တာချင်း အသံထွက်တွေကွဲပြားပြီး အဓိပ္ပါယ်လဲ ကွဲပြားနိုင်တာကြောင့် အသံထွက်မှန်အောင် ထွက်နိုင်ဖို့ အရေးကြီးကြောင်း စတင်သင်ကြားတာပဲဖြစ်ပါတယ်။ အဲဒီနောက် အတန်းချိန် (၁)နာရီခွဲကြာပြီး ၁၀-မိနစ်နားလို့ နောက်တစ်တန်းပြန်စပါတယ်။ ဆရာမ Mrs. Tsubota Masako ကလဲ အသံထွက်ပုံ နည်းစနစ်မှန်ကန်အောင်ပဲ ဆက်သင်ကြားပါတယ်။ နေ့လည် (၁၂း၀၀)နာရီမှာ ထမင်းစားနားလို့ နေ့လည်(၁း၀၀) နာရီမှာ အတန်းပြန်စပါတယ်။ ဒီတစ်ခါတော့ Writing Hiragana စတင် သင်ကြားပါတယ်။ ကျွန်တော်လက်ရေးလှကြောင်း ဆရာမ Mrs. Matsuki Reiko က ချီးကျူးပါတယ်။ ဂျပန်စာ သင်ခဲ့ဘူးလား၊ ဘယ်လောက်ထိလေ့လာဘူးလဲမေးတော့- ဂျပန်မလာခင် အခြေခံလောက်ပဲ လေ့လာခဲ့တာပါလို့ ပြန်ပြောလိုက်ပါတယ်။ နေ့လည် (၂း၃၀) နာရီမှာ အတန်းပြီးသွားတော့ အိမ်စာ တစ်မျက်နှာပေးလိုက်ပါတယ်။ နောက်တော့ ဘယ်လိုနေမယ်မသိ၊ အခုတော့ တစ်ရွက်တည်း။ အတန်းပြီးသွားတော့ ၃-ယောက်သား ကိုစိုင်းတို့ဆီ ထွက်လာကြပါတယ်။ ကိုစိုင်းလဲ အိမ်ပြောင်းဖို့လုပ်နေတာနဲ့ ကိုကျော်နိုင်ကြီးပဲ ရောက်လာပြီး သောကြာနေ့ ကောင်းကောင်းနားကြမယ်ဆိုပြီး သူ့အိမ်ခေါ်လာပါတယ်။ ကိုစိုင်း အိမ်နဲ့ဆိုသိပ်မဝေးဘူး၊ တောင်ကုန်းထိပ်မှာလို့တော့ပြောပါတယ်။ တကယ်လဲ တော်တော်တက်ယူလိုက်ရပါတယ်။ ညနေစာ ချက်ပြုတ်စားကြပြီး ကိုစိုင်းအိမ်မှာ အိပ်ဖို့ ကိုစိုင်း၊ ကိုစိုင်းလေးနဲ့ ကျွန်တော် ၃-ယောက်သား ပြန်လာခဲ့ကြတယ်။ မနက်ဖြန် နာဂိုယာအနှံ့ ဈေးဝယ်ထွက်ကြဖို့ရှိတော့ အဆောင်မပြန်တော့ပဲ ကိုစိုင်းအိမ်က မိသားစုနေနိုင်အောင်ကျယ်ဝန်းတာကြောင့် သူ့အိမ်မှာပဲ စုရပ်လုပ်ပြီး အိပ်လိုက်ကြတော့တာပါ။
(၁၂.၄.၂၀၀၈) ရက်နေ့၊ စနေနေ့။
ညက ကိုကျော်နိုင်အိမ်မှာ စုပြီး စားသောက်ကြ၊ ညဥ့်နက်မှ လမ်းခွဲကြတော့ မနက် (၉း၀၀)နာရီလောက်မှာမှ အိပ်ယာကနိုးလာကြပြီး မနက်စာစားသောက်ပြီးတော့ မနေခြည် ကိုခေါ်ဖို့ International Residence, Nagoya University ဘက်မြေအောက်ရထားစီးပြီးလာခဲ့ကြပါတယ်။ ဒီနေ့ တစ်နေကုန်ဈေးဝယ်ထွက်ကြမှာဆိုတော့ တစ်နေ့စီးလက်မှတ် Donichi Eco Kippu ပဲဝယ်လိုက်ကြပါတယ်။ ဒီလက်မှတ်က စနေ၊တနင်္ဂနွေနေ့နဲ့ ရုံးပိတ်ရက်၊ နာဂိုယာမြို့ရဲ့ သင်္ကေတက (၈)ဖြစ်တာကြောင့် လစဉ် လဆန်း(၈)ရက်နေ့၊ အိုဘုန်းအားလပ်ရက် (Aug 8-16) နဲ့ New Year ပိတ်ရက် (Dec 29 to Jan 3)တွေမှာ မြေအောက်ရထားနဲ့ စီးတီးဘတ်စ်ကားတွေကို အကန့်အသတ်မရှိ ဈေးနှုန်းချိုချိုသာသာနဲ့ စီးနိုင်အောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။ ဘတ်စ်ကားတစ်ကြိမ်စီးရင် ယန်း ၂၀၀၊ မြေအောက်ရထားက အနိမ့်ဆုံးနှုံးထား ယန်း ၂၀၀ ဖြစ်တာကြောင့် ညပိုင်းနောက်ဆုံးရထား၊ကား ပိတ်သိမ်းချိန်ထိ တစ်နေကုန်ကြိုက်သလောက် စီးလို့ရနိုင်တဲ့ ယန်း ၆၀၀ တန် ဒီလက်မှတ်ဟာ တော်တော်မှ တွက်ခြေကိုက်လှပါတယ်။ ကိုကျော်နိုင်ကိုတော့ မြို့လယ် Sakae (ရန်ကုန်လိုဆို ဆူးလေပေါ့။) ကိုပဲ လာခဲ့ဖို့ချိန်းလိုက်ပါတယ်။ အဲဒီမှာ Softbank Center ကြီးရှိလေတော့ ဖုန်းဝယ်/လျှောက်ဖို့ အဆင်ပြေပါတယ်။ Branch တွေတော့ ထားပေးပါရဲ့၊ Center ကြီးမှာမှ အင်္ဂလိပ်စကားပြောနိုင်လေတော့ အဲဒီကိုပဲ လာကြတာဖြစ်ပါတယ်။ ရှေးက ဂျပန်ရောက်မြန်မာများက Softbank ဖုန်းပဲသုံးကြလေတော့ ကျွန်တော်တို့လဲ ဒီနည်းအတိုင်းလိုက်လေရာ၏။ ဘာကြောင့်ဆို ဖုန်းကုမ္ပဏီမတူရင် ဖုန်းခေါ်ဆိုခတွေ ဈေးကြီးလွန်းတာကြောင့် ဟူ၏။ နောက်တနည်းကား Softbank ဖုန်းလိုင်းသည် နံနက် (၁း၀၀)နာရီကနေ ညပိုင်း (၉း၀၀)နာရီအထိ ကြိုက်သလောက်ပြော၊ အဲ ညပိုင်း (၉း၀၀)နာရီကျော်လျှင်တော့ ၁-မိနစ် ယန်း ၂၅ နှုန်းနှင့် ကျသလောက်ရှင်းဖြစ်လေသောကြောင့် ဂျပန်ရောက် ရှေးလူတို့ထုံး နှလုံးမူရခြင်းဖြစ်၏။ ကန့်သတ်ချိန်အတွင်းသာပြောလျင်တော့ တစ်လတစ်လ Basic Pay သာသာလောက်သာကျလေ၏။ ကိုရွှေမြန်မာများ ဒါမျိုးကျတော့ လျင်ပါ၏။ ဒီကဖုန်းကုမ္ပဏီများက ဖုန်းလျှောက်လျှင် ဟန်းဆက်နှင့် တစ်ပါတည်း တွဲရောင်းလေ့ရှိ၏။ ရောင်းနည်း ၂-မျိုးရှိလေ၏။ တမျိုးကား ဟန်းဆက်တန်ဘိုးငွေ အကြေချေသုံးခြင်းပင်။ နောက်တနည်းကား လစဉ် အရစ်ကျနှုန်းနှင့် (၂၇)လ ပေးချေရန် စာချုပ်ချုပ်ရမည်။ ဒီတော့ ကျွန်တော်တို့က လောလောဆယ် ဗီဇာ ၂-နှစ်သာလျှင်ရလေသောကြောင့် စာချုပ်နှင့်အဆင်မပြေ၊ ဒါကြောင့် အပြတ်ဝယ်သုံးရမည်။ သေချာတွက်ကြည့်လိုက်ပြန်တော့လည်း စာချုပ်နည်းက အရစ်ကျဖြစ်သောကြောင့် မူလဟန်းဆက်တန်ဖိုး၏ ၂-ဆ နီးနီးလောက်ကျသင့်ဖို့ရှိ၏။ အပြတ်ဝယ်လျင်ကား မဆိုးဟု တွက်ချက်မိလေ၏။ ဗီဇာ ၂-နှစ်ပဲပေးထားတာခပ်ကောင်းကောင်း ဟုဆိုရမလိုဖြစ်လေ၏။ နောက်ပြီး ကံများကောင်းချင်တော့ ကျွန်တော်တို့က ကျောင်းသားဗီဇာနှင့်ဆိုတော့ (Student Discount for 3-years) ၃-နှစ်ကြီးများတောင် လျော့ဈေးပေးမည်ဖြစ်ပြီး လစဉ် Basic Pay ယန်း ၉၈၀ ပေးရမည့်အစား ဇီးရိုးယန်း သာကျမည်ဆို၏။ ဒီလိုနဲ့ပဲ Softbank မှာပဲ ဖုန်းလုပ်ဖြစ်သွားတော့၏။ အဲဒီနောက် ကျွန်တော်တို့လည်း အိုဆု မားကတ် (ဗိုလ်ချုပ်ဈေး လိုမျိုး) ကိုဈေးဝယ်၊ နေ့လည်စာစားဖို့ ထွက်ခဲ့ကြပါတယ်။ နောက်တော့ Kanayama ဘက်က ပါကစ္စတန် ကုလားဆိုင်မှာ မြန်မာတွေနဲ့ ကိုက်ညီတဲ့ အစားအစာတွေရနိုင်တယ်၊ ပြီးတော့လည်း Nagoya Port ဘက်နှင့်လည်း လမ်းကြောင်းသင့်တယ်ဆိုတာနဲ့ ဆက်ချီတက်ခဲ့ကြပါတယ်။ Nagoya Port မှာက နာမည်ကျော် လင်းပိုင်းပြပွဲတွေရှိတဲ့ Port of Nagoya Public Aquarium ငါးပြတိုက်ကြီး ရှိပါတယ်။ ဒီနေ့တော့ ငါးပြတိုက်ထဲ ဝင်ကြည့်ဖို့အချိန်မရှိတော့တာနဲ့ Port မှာပဲလှည့်ကြည့်ကြပြီးပြန်လာကြပါတယ်။ ကိုကျော်နိုင်၊ ကိုစိုင်းနဲ့ မနေခြည်တို့က Kanayama Station မှာ ဆင်းနေခဲ့ကြပြီး ကျွန်တော်နဲ့ ကိုစိုင်းလေးကတော့ Nagoya Port လိုင်းနဲ့ တဆက်တည်း Hisayaodori Station ထိစီး၊ အဲဒီနောက် နောက်ရထားတဆင့်ပြောင်းစီးကာ အဆောင်ဘက်ပြန်လာခဲ့ကြပါတယ်။
Posted by စိုးမင်းခိုင်
No comments:
Post a Comment