Monday, October 03, 2011

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာ့လက်ရွေးစင်အသင်းအား အိုမန်နှင့်ပွဲဖြစ်ရပ်များနှင့် ပတ်သတ်၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လ(၂၈)ရက်နေ့က ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် ဒုတိယပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင်အသင်းသည် အိုမန်လက်ရွေးစင်အသင်းနှင့် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ ရသည်။ အဆိုပါပွဲစဉ်တွင် မြန်မာအသင်းသည် အိုမန်အသင်းအား (၂-၀) ဂိုးဖြင့် ရှုံးနိမ့်နေစဉ်၌ ပွဲကြည့် ပရိသတ်များသည် ကွင်းတွင်းသို့ အရာဝတ္တုများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ပွဲကိုဆက်လက်ပြီး မကစားနိုင်တော့ဘဲ ပထမပိုင်းအပြီးတွင်ပင် ရပ်ဆိုင်းခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သတ်၍ ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပရိသတ်ထိန်းသိမ်းနိုင်မှု အားနည်းသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စည်းကမ်းထိန်းသိန်းရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် မြန်မာအသင်းသည် ဖီဖာစည်းမျဉ်းအမှတ် ၆၅ (ခ) နှင့် (ဂ) တို့ကို ချိုးဖောက်ခဲ့၍ လည်းကောင်း၊ ၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပရေးကော်မတီ၏ ပရိသတ်ထိန်းသိမ်းမှု ဥပဒေ ပုဒ်မ ၄၊ အပိုဒ်ခွဲ ၅ နှင့် ပုဒ်မ ၆၊ အပုဒ်ခွဲ ၅ တို့ကို မလိုက်နာခဲ့၍သော် လည်းကောင်း၊ ဖီဖာစည်းမျဉ်းအမှတ် ၆၇၊ အပိုဒ်ခွဲ ၁ တို့ကို မလိုက်နာခဲ့၍သော် လည်းကောင်း ပြစ်ဒဏ်များချမှတ်ခြင်း ဖြစ်သည်ဟုဖော်ပြခဲ့သည်။ အဆိုပါ ပြစ်ဒဏ်များမှာ မြန်မာ့ လက်ရွေးစင်အသင်းကို ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွင် ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုရန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေ ဆွစ်ဖရန့် ၂၅၀၀၀ နှင့် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ တို့ကို ပေးဆောင်စေရန်တို့ ဖြစ်ကြောင်း သိရသည်။
Posted by ဝတီ

No comments:

Post a Comment