Sunday, September 23, 2012

အလုပ်အကိုင်ရရှိစေမည့်အခွင့်အလမ်းများကို ဆုံးရှုံးစေမည့် အင်္ဂလိပ်စာအမှားများ

အလုပ်အတွက်လူတွေ့မေးမြန်းခြင်းခံရဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ်၊ လူစုလူဝေးရှေ့မှာ မိန့်ခွန်းပြောဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ်၊ အထက်လူကြီးကို တင်ပြရန် လုပ်ငန်းဆိုင်ရာ တင်ပြချက်ကို ရေးသားနေတာပဲ ဖြစ်ဖြစ် အမှားလုံးဝမပါစေရန် သေသေချာချာလုပ်ရမှာက သင့်အတွက် အလွန်အရေးကြီးလှပါတယ်။ အလုပ်လူတွေ့မေးမြန်းခြင်းမှာ မမှန်ကန်တဲ့ အင်္ဂလိပ်စာကို အသုံးပြုခြင်းသည် သင် အလုပ်မရနိုင်တဲ့ အကြောင်းရင်းဖြစ်သွားပါလိမ့်မယ်။ လူစုလူဝေးရှေ့မှာ မိန့်ခွန်းပြောတဲ့အခါမှာလည်း မမှန်ကန်တဲ့ အင်္ဂလိပ်စာကို အသုံးပြုပါက ပရိသတ်က သင့်ကို ဉာဏ်ရည်နည်းပါးသူလို့ ထင်မှတ်သွားပါလိမ့်မယ်။ အထက်လူကြီးတွေထံ လုပ်ငန်းဆိုင်ရာ အဆိုပြုချက်ကို ရေးသားပြီး တင်ပြတဲ့အခါမှာလည်း မမှန်ကန်တဲ့ အင်္ဂလိပ်စာနဲ့ ရေးသားပါက ထိုအဆိုပြုချက်ဟာ အပယ်ခံရဖို့ များပါလိမ့်မယ်။ မြင်တွေ့ကြတဲ့အတိုင်းပါပဲ။ ရှုံးနိမ့်ခြင်းဟာ ရွေးချယ်မှုတစ်ခု မဟုတ်ပါ။
ဒီဆောင်းပါးမှာတော့ သင့်ရဲ့အလုပ်အကိုင် တိုးတက်စေမဲ့ အခွင့်အလမ်းများကို ပျက်စီးစေနိုင်တဲ့ အများမှားလေ့မှားထရှိသော အင်္ဂလိပ်စာ အမှားများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 
စကားလုံးတွေရဲ့ အသံထွက်ကိုမှန်ကန်အောင်မထွက်နိုင်ခြင်း
ဒီအမှားတွေထဲက ပထမဦးဆုံးအမှားကတော့ စကားလုံးတွေရဲ့ အသံထွက်ကို မှန်ကန်အောင် မထွက်နိုင်ခြင်းဘဲဖြစ်ပါတယ်။ ဒီအမှားဟာ ရှောင်ရတာ လွယ်တယ်လို့ ထင်ရပေမဲ့ လူတွေအများဆုံး ပြုလုပ်တတ်တဲ့ အမှားတစ်ခုဖြစ်နေပါတယ်။ အင်္ဂလိပ်စာကို ကျွမ်းကျင်တဲ့သူဖြစ်ဖို့ဆိုရင် သင့်အနေနဲ့ စကားလုံးတစ်လုံးကို သိထားရုံ (သို့မဟုတ်) ၄င်း၏ အဓိပ္ပါယ်ဖော်ပြချက်ကို နားလည်ထားရုံနှင့် မလုံလောက်ပါ။ ထိုစကားလုံးကို မှန်ကန်သော အသံထွက်နှင့် ပြောနိုင်ရပါမည်။ စကားလုံးတစ်လုံးကို မှန်ကန်တဲ့ အသံထွက်ဖြင့် မပြောနိုင်တဲ့အခါ- ထိုစကားလုံးကို မှန်ကန်တဲ့ စကားစပ်ဖြင့် အသုံးပြုထားတဲ့အတွက် သင့်ကို အတော်အတန်ဉာဏ်ရည်ရှိတဲ့ လူလို့ လူတွေက သတ်မှတ်မှာဖြစ်ပေမဲ့ ၄င်းကို အသံထွက်မှန်ကန်အောင် မပြောနိုင်တဲ့အတွက်တော့ သူတို့ရဲ့ဝေဖန်ခြင်းကိုခံရမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို ပြေလည်စေမဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ ထိုစကားလုံးကို သရသံတစ်ခုစီပါတဲ့ အသံများ (syllables)အဖြစ် ခွဲခြမ်းပြီး ထိုအသံများအတိုင်း အသံ ထွက်ခြင်းပင်ဖြစ်ပါတယ်။
ဗန်းစကားကို အသုံးပြုခြင်း
အကြီးမားဆုံးသော အင်္ဂလိပ်စာအမှားတစ်ခုကတော့ ဗန်းစကားကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဒီလို ဗန်းစကားတွေကို အသုံးပြုတဲ့သူကို ဉာဏ်ရည်နည်းပါးသူအဖြစ် မကြာခဏ အထင်ခံရတတ်စေပါတယ်။ ထိုသို့ ဗန်းစကားအသုံးပြုတာကို လက်ခံတဲ့ ပရိသတ်ရှေ့မှာ စကားပြောနေတာ မဟုတ်ဘူးဆိုရင်တော့ ဘယ်နည်းနဲ့ မဆို ဗန်းစကားအသုံးပြုခြင်းကို ရှောင်ရမှာဖြစ်ပါတယ်။ သူငယ်ချင်းများနဲ့ စကားပြောတဲ့အခါ မှာတော့ ဗန်းစကားနဲ့ ပြောုတာဟာ သင့်တော်ပေမဲ့ အလုပ်အတွက် လူတွေ့မေးမြန်းနေတဲ့အခါ၊ မိန့်ခွန်းပြောကြားနေတဲ့အခါ (သို့) လုပ်ငန်းဆိုင်ရာ တင်ပြချက်ပြုလုပ်နေတဲ့အခါမှာတော့ ဗန်းစကားကို အသုံးပြုချင်မှာ မဟုတ်ပါဘူး။ အဲဒီလို အသုံးပြုခဲ့ရင်လည်း အောင်မြင်ဖို့အခွင့်အလမ်းတွေ ပျက်စီးသွားဖို့ များပါတယ်။ ရိုးရှင်းတာဟာလည်း ဘာမှ ပြဿနာမရှိကြောင်းကိုလည်း သတိပေးလိုပါတယ်။ ရှုပ်ထွေးခက်ခဲတဲ့ဝါကျတွေကို အသုံးပြုခြင်း
ရှုပ်ထွေးခက်ခဲတဲ့ဝါကျတွေကို အသုံးပြုပြီး စကားပြောခြင်းဖြင့် ခေတ်မီနှံ့စပ်ပုံပေါက်ရန် လူအများကကြိုးစားကြပါတယ်။ ဒါဟာ အလွန်ပဲ စွန့်စားရာရောက်ပါတယ်။ ရှုပ်ထွေးတဲ့ဝါကျတွေကို အသုံးပြုပြီး စကားပြောတဲ့အခါ အသုံးပြုရမဲ့မှန်ကန်တဲ့ စကားလုံးတွေကို စမ်းတစ်ဝါးဝါးနဲ့ ရွေးချယ်ပြီးပြောရတာမျိုးဖြစ်လာနိုင်ပါတယ်။ Perfect Tenses တွေနဲ့ Conditionals တွေ အသုံးပြုခြင်းကို ကြိုးစားပြီး ရှောင်ပါ။ အင်္ဂလိပ်စာနဲ့ ပတ်သက် လာရင်တော့ သင့်အနေဖြင့် ရိုးရှင်းမှုရော ခေတ်မီ နှံ့စပ်မှုကိုပါ တစ်ချိန်တည်းမှာ ရရှိနိုင်ပါတယ်။ အင်္ဂလိပ်စကားအရာမှာ ခေတ်မီနှံ့စပ်တယ်လို့ပြောခြင်းမှာ အဆင့်မြင့်တဲ့ စကားကြီးစကားကျယ်တွေပါဝင်တဲ့ ရှုပ်ထွေးတဲ့ဝါကျတွေကို အသုံးပြုရမယ်လို့ မဆိုလိုပါ။ ရှုပ်ထွေးတဲ့ဝါကျတွေ မသုံးဘဲနှင့် ကိုယ်ပြောလိုတဲ့အချက် တွေကို နားလည်အောင် ပြောပြနိုင်မယ်ဆိုရင် လူတွေက ကိုယ်ပြောလိုက်တဲ့အကြောင်းအရာတွေကို ပိုလက်ခံလာ မှာဖြစ်ပါတယ်။ သင်ဟာ အင်္ဂလိပ်စာကို အရမ်းကျွမ်းကျင်တဲ့သူ မဟုတ်ရင်တော့ ရှုပ်ထွေးတဲ့ဝါကျများကို အသုံးပြုခြင်းမှ ရှောင်ကျဉ်ရပါမယ်။
စကားကို သတိထား၍ မပြောခြင်း
ဒါကတော့ လူတော်တော်များများကို ဒုက္ခရောက်စေတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ သူတို့ဟာမိမိနှုတ်က ပြောလာမဲ့ စကားလုံးတွေနဲ့ပတ်သက်ပြီး အချိန်ယူ စဉ်းစားခြင်းမရှိဘဲ စကားကို ပြောတတ်ကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ပရိသတ်ကို ခေါင်းရှုပ်စေတဲ့အပြင် သင့်အနေနဲ့ အမှားတွေကို ပြောမိပါက သူတို့ကို စော်ကားနေတယ်လို့ လည်း ထင်သွားနိုင်ပါတယ်။ ဒါကို ဥပမာပေးရမယ်ဆိုရင် အထင်ကရပုဂ္ဂိုလ်တစ်ဦးက အကြောင်းအရာ တစ်ခုခုကို လွဲမှားတဲ့ ပုံစံနဲ့ ပြောမိတဲ့အတွက် ဒုက္ခရောက်ရတဲ့ အကြောင်း သင်ဘယ်နှစ်ခါ ကြားဘူးပါသလဲ? သင့်အနေနဲ့ တစ်စုံတစ်ခုသော စိတ်ကူးကို အသိပေးလိုတာမဟုတ်ပေမဲ့ သင်ပြောလိုက်တဲ့ အကြောင်းအရာ တွေ အဲဒီအကြောင်းအရာတွေကို ပြောပုံပြောနည်းတွေကို သင့်ပရိသတ်က အဓိပ္ပါယ်အမျိုးမျိုး ကောက်နိုင်ကြပါတယ်။ တချို့က အကောင်းမြင်ကြမှာဖြစ်ပေမဲ့ တချို့က အဆိုးမြင်ကြပါလိမ့်မယ်။ ဒီလိုစကားကို သတိထား မပြောတာကို အင်္ဂလိပ်စာ အမှားအယွင်းမဟုတ်ဘူးလို့ တချို့က အငြင်းပွါးနေကြပေမဲ့ သူတို့ဟာ မှားနေကြပါတယ်။ စကားကို သတိထားပြောလို့ ပြောခြင်းဟာ သဒ္ဒါကိုရော မိမိကို နားထောင်နေတဲ့ သူတွေရဲ့ စိတ်ထဲမှာ ကိုယ်နဲ့ပတ်သက်လို့ ထင်ကျန်ခဲ့မဲ့ ကိုယ်ရဲ့ ပုံရိပ်ကိုပါသတိထားဖို့ ပြောခြင်းဖြစ်ပါတယ်။ သင့်အနေနဲ့ အောင်မြင်မှုရလိုပါက အထက်ပါအချက် နှစ်မျိုးစလုံးဟာ အခြေအနေနဲ့ကိုက်ညီဖို့ လိုပါတယ်။ စကားကို သတိထားပြောရာတွင် အရမ်းဖြည်းဖြည်းလေးပြောဖို့ မလိုအပ်သလို အရမ်းမြန်မြန်ကြီး ပြောတာကိုလည်း ရှောင်ကျဉ်ရပါမယ်။ သင့်ကို နားထောင်နေသူတိုင်းဟာ သင်ပြောတာကို နားလည်နိုင်ဖို့လိုပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင်တော့ သင့်အနေနဲ့ စကားလုံးများကို ရွေးချယ်တဲ့အခါမှာ သေသေချာချာနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။
ဒါတွေကတော့ လူတွေ စကားပြောတဲ့အခါမှာ ပြုလုပ်တတ်တဲ့အခြေခံအမှားများဖြစ်ပါတယ်။ စာရေးတဲ့အခါမှာလည်း သင့်အနေနဲ့ သိထားသင့်တဲ့ နောက်ထပ် အမှားတွေ အများကြီးရှိပါသေးတယ်။ ဒီအမှားတွေကို ဘယ်လို ရှောင်ကျဉ်ရမယ်ဆိုတာကို သိထားခြင်းအားဖြင့် သင့်အနေနဲ့ အင်္ဂလိပ်စာမှာ အဆင့်မြင့်လာနိုင်မှာဖြစ်တဲ့အပြင် သင့်ကို နားထောင်နေတဲ့ မည်သူနဲ့မဆို ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။
ရေးသားသူ - ဝင်းမြဆွေ
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment