Sunday, May 08, 2011

"စင်္ကာပူကိုလာမယ်ဆိုရင်" (အိုင်တီမောင်မောင်)

စင်္ကာပူကို အလုပ်လာရှာမယ့် သူတွေအတွက် အပိုင်း ၃ ပိုင်း ခွဲပြီး ပြောပါမယ်၊ ပထမပိုင်းက စင်္ကာပူကို လာမယ့် သူတွေပြင်ဆင်ရမယ့် ပြည်ဝင်ခွင့် ဗီဇာ အပါအ၀င် လေယာဉ်လက်မှတ်အကြောင်းက အစပေါ့။
ဒုတိယအပိုင်းမှာ ဒီမှာ ရှိနေတဲ့ အလုပ်သဘောသဘာဝနဲ့ အလုပ်ရှာပုံ ရှာနည်းတွေ၊ တတိယအချက်က နေရေး ထိုင်ရေး စားရေး သောက်ရေးအတွက် အိမ်ခန်းရှာတာကအစ၊ ရထားလမ်းကြောတည်နေပုံနဲ့ ရပ်ကွက်တွေ ဈေးနှုန်းတွေအကြောင်းပေါ့။ ရေးပေးချင်တဲ့ ပုံစံကတော့ အားလုံးအတွက် အပြည့်အစုံပါ။ ကျန်းမာရေး၊ ဘာသာရေး၊ မြန်မာအဖွဲ့အစည်းတွေနဲ့ မြန်မာတွေ စိုးမိုးထားတဲ့ မြို့လည်ခေါင် City Hall နားက Pennisular အဆောက်အဦးကြီးပေါ်က ဆိုင်တွေအကြောင်းကအစပေါ့။ ဒါပေမယ့် ရောက်တာ သိပ်မကြာသေးတော့ အတွေ့အကြုံ သိပ်မရှိသေးတာရယ်၊ အလုပ်တစ်ဘက်နဲ့ မအားတာရယ်မို့ တတ်နိုင်သလောက်ပဲ မပြည့်မစုံ စုဆောင်း ရေးသားလိုက်ပါတယ်။

ပထမပိုင်း

မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့် မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့ အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း အသုံးများနေပါတယ်။

Student Visa ကတော့ စင်္ကာပူမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်မယ်လို့ အကြောင်းပြ၊ ကျောင်းအပ်ပြီး ကျောင်းသားအဖြစ် လာတဲ့ နည်းပါ။ ဒီနေရာမှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းရယ် အခွင့်အရေးနဲ့ အခြေအနေတွေ အရမ်းကွာသွားပါတယ်။ တကယ် ပညာသင်ချင်တာမို့၊ ပိုက်ဆံလည်း ချမ်းသာလို့ ကျောင်းလာတက်မယ့်သူတွေကို ဘာမှ မပြောချင်ပေမယ့် အလုပ်လုပ်မှာ စင်္ကာပူမှာ တရားဝင်နေထိုင်ခွင့် Stay ရချင်လို့သာ ကျောင်းအပ်လိုက်တာဆိုတဲ့ သူတွေကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ချင်ပါတယ်။

ပိုပြီး ဆိုးတာက ပုဂ္ဂလိက ကျောင်းတွေဆိုရင် ပိုးစိုးပက်စက် ကန့်ကွက်ပါတယ်။ မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်တွေကိုလည်း တစ်ခါတည်း တောင်းပန်ချင်ပါတယ်။ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ မကြည့်ကြပါနဲ့၊ လူငယ်တွေရဲ့ အနာဂါတ်ကို အတုအယောင်မက်လုံးတွေနဲ့ မဖျက်စီးကြပါနဲ့လို့။

စင်္ကာပူမှာ ရှိတဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံးဟာ သူတို့ ပိုက်ဆံရဖို့ ဖွင့်ထားတာပါ၊ ရှင်းပါတယ်။ သူတို့ အကျိုးက ပထမပါ။ စင်္ကာပူ အစိုးရရဲ့ ဥပဒေအရ ပုဂ္ဂလိက ကျောင်းတွေမှာ တက်နေတဲ့ နိုင်ငံခြားသား ကျောင်းသူ/ကျောင်းသားတွေဟာ အချိန်ပိုင်း၊ အချိန်ပြည့် ဘာအလုပ်မှ တရားဝင် လုပ်လို့ မရပါဘူး၊ အဲဒီတော့ မြန်မာလူငယ်တွေ၊ မိန်းခလေးရော၊ ယောက်ျားလေးရော အလုပ်ခိုးလုပ်ကြရပါတယ်။ စင်္ကာပူ ရဲက မိသွားရင် ဒဏ်ငွေ S$ 5000 ဒဏ်ရိုက်ပါတယ်၊ ကြိမ်ဒဏ်လည်း ရှိပါတယ်။

အစိုးရကျောင်းက ကျောင်းသူ/ကျောင်းသားတွေကတော့ အချိန်ပိုင်း လုပ်ခွင့်ရပါတယ်။ ဒါပေမယ့် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး တစ်နာရီကို S$ 5 ၀န်းကျင်ပဲရကြပါတယ်။ လုပ်ရတာတွေက တစ်ညလုံး ကားရေဆေးရတာတို့၊ ၅ နာရီ ၆ နာရီလုံးလုံး မထိုင်ရပဲ ဆပ်ပြာရည်တွေထဲမှာ လက်နှစ်ပြီး ပန်းကန်ဆေးနေရတာတို့၊ တော်တော်ကို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေပါ။

အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ စင်္ကာပူအစိုးရကျောင်းကို ရအောင်တက်၊ စာကြိုးစားပြီး အားတဲ့ အချိန်မှာ အိမ်က မိဘ ပိုက်ဆံမပို့ရအောင် အပင်ပန်းခံပြီး ကြိုးစားလုပ်ကိုင်နေကြတဲ့ လိမ္မာတဲ့ လူတော် ညီငယ်၊ ညီမတွေကိုတော့ အပြစ်ပြောစရာ မရှိပါဘူး၊ အားပေးပါတယ်။ သူတို့က အချိန်တန်ရင် အဆင့်မြင့်ဘွဲ့တစ်ခုရပြီး ရာထူးကြီးကြီး လစာကောင်းကောင်း နေရာတွေမှာ အဆင့်အတန်းရှိရှိ လုပ်ကိုင်နိုင်ကြမှာပါ။ အရိပ်လိုချင်လို့ နေပူက စောင့်တဲ့သဘောပါ။

အဓိက အပြစ်ပြောပြီး သတိပေးချင်တာက ပုဂ္ဂလိကကျောင်းတွေနဲ့ အဲဒီကျောင်းတွေမှာ ဟန်ပြကျောင်းအပ်ပြီး အလုပ်ရှာမယ့် သူတွေကိုတော့ လုံးဝ(လုံးဝ) မလုပ်ကြဖို့ ပြောလိုပါတယ်။ အခု ဆိုရင် စင်္ကာပူအစိုးရက ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသားတွေ တကယ်ကျောင်းမတက်တဲ့ ကိစ္စကို စပြီး ကိုင်တွယ်နေပြီ၊ ဟိုတယ်တွေ အလုပ်တွေကိုလည်း နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းသားတွေကို အလုပ်မခန့်ဖို့ အလုပ်ခန့်တာကို စီမံချက်နဲ့ စစ်ဆေးတွေ့ရှိရင် အလုပ်ရှင်ကိုပါ ဒဏ်ငွေ ရိုက်မယ်ဆိုတဲ့ သတိပေး အကြောင်းကြားစာတွေ ပို့နေပြီ။

အဲဒီတော့ မြန်မာပြည်ကနေ ပိုက်ဆံတွေ သိန်း ၄၀၊ ၅၀ အကုန်ခံပြီး ပုဂ္ဂလိကကျောင်း အပ်မယ်၊ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ ဘယ်နှစ်လ သင်တန်း၊ ဘယ်နှစ်လ လက်တွေ့ အလုပ်ခွင်၊ ဘယ်နှစ်လဆို ဘာဖြစ်ပြီဆိုတဲ့ ဘယ်သူသေသေ ငတေကြီး မာရင်ပြီးတာပဲဆိုတဲ့ ကျောင်းပွဲစားတွေရဲ့ မက်လုံးတွေကို မယုံကြနဲ့။ ကိုယ်နီးစပ်ရာကိုလည်း လက်တို့ပြီး သတိပေးလိုက်ကြပါဦး။ ကျောင်းပွဲစားကတော့ သူပွဲစားခ ရဖို့ပဲ အဓိကလေ၊ တချို့ဆို ပိုပြီးဆိုတာက ဒီမှာ S$800 လောက်နဲ့ ကျောင်းအပ်လို့ရတဲ့ နာမည်မရှိတဲ့ ဟန်ပြ ကျောင်းသေးသေးလေးတွေကို မြန်မာပြည်မှာ ဟိတ်လုံးတွေ ထုတ်ပြီး S$2000 လောက်နဲ့ လက်ခံပြီး ပွဲစားခ ယူနေကြတာတွေလည်း အများကြီးပဲ။ ဒီရောက်မှ ဒုက္ခရောက်ပြီး ပိုက်ဆံတွေ နှမြေနေကြရတဲ့ သူတွေလည်း အများကြီးပဲ။

ကဲ အလုပ်လာရှာဖို့ အသင့်ဖြစ်ပြီဆိုရင် (ဘယ်လောက်မှ အသင့်ဖြစ်တယ် ဆိုတဲ့ အကြောင်း နောက်တစ်ပိုင်းမှာ ထည့်ရေးထားပါတယ်) စင်္ကာပူကို လာမယ့် ကိစ္စ၊ Short Visit Visa ရဖို့။ စင်္ကာပူအစိုးရက အလုပ်လာရှာမယ့် သူတွေ၊ ခေတ္တခဏ အလည်အပတ်လာမယ့် သူတွေအတွက် စင်္ကာပူမှာ နေထိုင်ခွင့်ကို Short visit visa ၃ လအထိ အလွယ်တကူ ထုတ်ပေးပါတယ်။ ဘာတွေ လိုအပ်သလဲဆိုရင် (ကုန်သည်တွေရဲ့ ဖြတ်သွားဖြတ်လာ ပုံစံကို ကျော်ခဲ့ပါမယ်) အကြမ်းအားဖြင့် စင်္ကာပူနိုင်ငံသား တစ်ဦးဦး ဒါမှ မဟုတ် PR – Permanent Resident တစ်ဦးဦးရဲ့ စင်္ကာပူကို လာရောက်လည်ပတ်ဖို့ ခေါ်တဲ့ ဖိတ်စာ လိုပါတယ်၊ ဒါကလည်း ကိုယ့်အဆက်အသွယ် ရှိရင် ရှိသလို ဘာမှ မခက်ပါဘူး၊ အဆက်အသွယ် မရှိခဲ့ရင်လည်း စင်္ကာပူက သူငယ်ချင်းတစ်ဦးဦးကို အကူအညီတောင်းရင် Pennisular Palaza ပေါ်က မြန်မာ ကုမ္ပဏီတွေက အကျိုးဆောင်ခ ယူပြီး အစအဆုံး လုပ်ပေးကြပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ မြန်မာပြည်ကနေ ကိုယ့်ရဲ့ လိုင်စင်ဓါတ်ပုံ(နောက်ခံအဖြူရောင်)နဲ့ ဓါတ်ပုံ တစ်ပုံရယ် နိုင်ငံကူးလက်မှတ် Scan ဖတ်ထားတဲ့ ဖိုင်ရယ်ကို ပို့ပေးရုံပါပဲ။ သူတို့ ရဲ့ အကျိုးဆောင်ခက အပြီးအစီး S$ 50 ပဲ ကုန်ကျပါတယ်။ မြန်မာပြည်က စင်္ကာပူသံရုံးကိုတောင် ၀င်စရာမလိုတော့တဲ့ Visa ကို ရန်ကုန်က သူတို့ရဲ့ ရုံးခွဲမှာ သွားယူပြီး လေယာဉ်ကွင်း ဆင်းလာရုံပါပဲ။

အဲလိုမဟုတ်ပဲ ကိုယ့်မိတ်ဆွေဆီကနေ အဆက်အသွယ်နဲ့ ဖိတ်မယ်ဆိုရင်တော့ အင်တာနက်ကနေ ဖိတ်စာပုံစံ ဆွဲချပြီး စင်္ကာပူမှာရှိတယ် ကိုယ်ကို ဖိတ်မယ့်သူက ဖြည့်ပေးရပါမယ်၊ ပြီးရင် အဲဒီဖိတ်စာရယ်၊ ဖိတ်တဲ့သူရဲ့ PR card မိတ္တူရယ်နဲ့ ရန်ကုန်မှာ ရှိတဲ့ စင်္ကာပူ သံရုံးကို ၀င်ရပါတယ်၊ အသွားအပြန် လေယာဉ်လက်မှတ်ကတော့ Short Visit နဲ့ လာမယ့်သူ ဘယ်သူမဆို ၀ယ်ဖို့ လိုပါတယ်။ အဲဒီ အသွားအပြန် လေယာဉ်လက်မှတ်ပါ ပူးတွဲပြီး သံရုံးကိုဝင်ရင် သံရုံးကနေ Visa ထုတ်ပေးပါတယ်။ စင်္ကာပူသံရုံးဝင်ခက ရန်ကုန်မှာ S$ 20 ဆိုလား အတိအကျ ကျွန်တော် မသိပါဘူး။ Visa မှ လက်ထဲရောက်ပြီဆိုရင် သွားဖို့ တော်တော်ပြီးသွားပါပြီ။

D-Form လို့ခေါ်တဲ့ မြန်မာနိုင်ငံ လ၀က ရဲ့ ပြည်ပထွက်ခွာခွင့် ပုံစံကိုတော့ Online ကတင် အလွယ်တကူ လျှောက်ထားလို့ရပါတယ်။ ကိုယ်တိုင်လုပ်ပါ၊ အချက်အလက်တွေ မှန်တယ်ဆိုရင် တစ်ရက်တောင် အချိန်မကူးပဲ အလွယ်တကူ ထွက်ခွာခွင့်ပြုတဲ့ ပုံစံကို ကိုယ့်ရဲ့ အီးမေးလ်ထဲ ပြန်ရောက်လာပါ လိမ့်မယ်။ အဲ.. D-Form လျှောက်ဖို့ ဘဏ်မှာ ငွေ ၂၀၀ ကျပ် ကြိုသွင်းထားဖို့ လိုပါတယ်၊ ဂရုပြုရမှာက အဲဒီ ဘဏ်က ပြန်ပေးတဲ့ ချလံကို လေယာဉ်ကွင်းမှ ပြဖို့ သိမ်းထားဖို့ရယ်နဲ့ ချလံမှာပါတဲ့ နံပတ်ကို အသေအခြာကူးပြီး D-Form လျောက်ဖို့ပါပဲ။ D-Form လည်းရပြီ၊ လေယာဉ်လက်မှတ်လည်း လက်ထဲရောက်ပြီ၊ Visa လည်း အဆင့်သင့်ဆိုရင်တော့ လေယာဉ်ကွင်းဆင်းပြီး အခန့်သား ထွက်လာရုံပါပဲ။

စင်္ကာပူရဲ့ တစ်ခုတည်းသော ချန်ဂီလေဆိပ်ကို ရောက်ရင် ICA လို့ခေါ်တဲ့ စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးက ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ပုံမှန်အားဖြင့် တစ်လ သက်တမ်း ထုပေးပါတယ်။ ပညာအပြည့်နဲ့ ရင်ကော့ပြီးလာတဲ့ သူတွေအတွက်တော့ သူတို့က Welcome ပါပဲ။ အဲဒါဆိုရင် စင်္ကာပူရောက်ပြီ၊ ပြီးပြီပေါ့။ သက်တမ်းတစ်လအတွင်းမှာ အလုပ်မရခဲ့ဘူးဆိုရင် Online ကနေ နောက်ထပ် တစ်လ လွယ်လွယ်ကူကူ ထပ်တိုးလို့ရပါတယ်၊ ဘယ်သူမျက်နှာမှ ကြည့်စရာမလိုပါဘူး၊ နှစ်လ ပြည့်တော့မယ်၊ Online ကလည်း သက်တမ်း တစ်ကြိမ်တိုးပြီးပြီ၊ အလုပ်လည်း မရသေးဘူးဆိုရင်တော့ ICA Building ကို လူကိုယ်တိုင်သွားဖို့ လိုပါတယ်၊ ဆက်နေဖို့ လိုအပ်နေလို့ သက်တမ်းတိုးပေးပါဆိုပြီး အကျိုးအကြောင်း ရှင်းပြရင် ပထမအကြိမ် အဖြစ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ နောက်တစ်ခါ ထပ်သွားရင် ဒုတိယအကြိမ် နောက်ထပ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ စုစုပေါင်း ရက် ၉၀ ပေါ့။ တကယ်လို့ ကိုယ့်ဘက်က ပညာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ ပြင်ဆင်လာတယ်ဆိုရင် အလွန်ဆုံး ၂ လအတွင်းမှ အလုပ်ရကြပါပြီ။

မြန်မာပြည်က မထွက်ခင် မမေ့ခဲ့ဖို့က ဘွဲ့လက်မှတ်၊ ကိုယ့်ရဲ့ အခြားတတ်ကျွမ်းတဲ့ အောင်လက်မှတ် မိတ္တူမှန်သမျှ နိုထရီပြန်ခဲ့ဖို့ပါပဲ။ ပြည်ပကပေးတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ လက်မှတ်တွေကိုတော့ နိုထရီ ပြန်စရာ မလိုပါဘူး။ အရေးကြီးတာက ဘွဲ့ရမဟုတ်ရင် SPass လျှောက်လို့ မလွယ်ပါဘူး။

စင်္ကာပူရဲ့ ရာသီ ဥတုအခြေအနေက ၂ မျိုးပဲ ရှိပါတယ်။ နေပူနေတာ နဲ့ မိုးရွာနေတာ ပါ။ ဆောင်းတွင်း လုံးဝ မရှိပါဘုး။ နေပူရင် ရန်ကုန်ထက်ပူပြီး မိုး သည်းရင်လည်း အရမ်း သည်းပါတယ်။ ဒါပေမဲ့ မိုးရွာနေတုန်း အပြင်ထွက်ရင်တောင် မိုး ရေမထိပဲနဲ့ လိုရာ ခရီးရောက်သည် အထိ သွားနိုင်ပါတယ်။ အ၀တ်အစားအနေနဲ့ ပေါ့ပါးပြီး အေးသော ချည်သားမျိုး သယ်ဆောင်လာရင် အဆင်ပြေပါတယ်။ အနွေးထည်၊ လက်ရှည် စတာတွေကိုတော့ ၁ ထည်ဆိုရင် ရပါပြီ။ ကိုယ်သုံးနေကျ အသုံးအဆောင်မှန်သမျှ သယ်ဆောင်လာတာ ကောင်းပါတယ်။

ကျောင်းလာတက်မယ် ဆိုရင်တော့....။ အများကြီး ပြင်ဆင်ပြီး စိတ်ဓာတ်ခိုင်ခိုင်ထားပြီး မှ လာတာကောင်းပါတယ်။ မြင်မြင်သမျှ ပျော်ရွင်စရာများနှင့် အေးချမ်းသော်လည်း အရမ်း အထီးကျန်ဆန်ပါတယ်။ ကျောင်း တဖက်၊ အလုပ်တဖက်ဖြင့် ကြာလာသောအခါ မိမိ ဘ၀ကို ငြီးငွေ့ စိတ်ကုန်လာတတ်ပါတယ်။ ကန်စွန်းရွက် တစီးလျှင် မြန်မာငွေ ၉၀၀ ကျပ်ကျော် ပေးရသောကြောင့် ကျောင်းသား တယောက်အတွက် နေစရိတ်၊ စားစရိတ် အလွန်ကြီးပါတယ်။

သို့သော် အချိန်ပိုင်း အလုပ်လုပ်လျှင် ရသောငွေမှာ ၁ နာရီ လုပ်လျှင် မြန်မာကျပ် ၃၆၀၀ မှ ၄၅၀၀ ထိ ရနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်ဖြစ်သောကြောင့် လခပုံမှန်မရနိုင်ပါ။ မိဘအရိပ်တွင် အေးချမ်းစွာ နေခဲ့သမျှ သူများလက်အောက်တွင် အလုပ်လုပ်သောအခါမှ ဘ၀ ကို စတင်ရင်ဆိုင်ရသောအခါ အလွန် ဒုက္ခရောက်ပါတယ်။


ဒုတိယပိုင်း

အလုပ်ဘယ်လိုရှာရလဲ၊ ဘာအလုပ်တွေနဲ့ ဘာတွေ ပြင်ဆင်ခဲ့လဲဆိုတဲ့ အပိုင်းမှာတော့ လက်လှမ်းမှီသလောက် ကြိုးစား ပြောပါမယ်၊ ဒါပေမယ့် ကျွန်တော်လည်း မနေ့တစ်နေ့ကမှ စင်္ကာပူကိုရောက်ပြီး အလုပ်ရခဲ့တာဆိုတော့ အတွေ့အကြုံ သိပ်နည်းသလို ကျွန်တော်ရဲ့ လိုင်း ကွန်ပျူတာနဲ့ တခြားလိုင်းတွေလည်း အခြေအနေ ကွာခြားတာမို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့လည်း စုံစမ်း ထားသင့်ပါတယ်။

စင်္ကာပူမှာ ကျွန်တော်တို့ မြန်မာတွေအတွက် ဘာအလုပ်တွေ အဆင်ပြေနေလည်းဆိုတော့၊ အိုင်တီကွန်ပျူတာသမားတွေ၊ အင်ဂျင်နီယာတွေ၊ စာရင်းကိုင်တွေ၊ AutoCAD ကျွမ်းတဲ့ Draft Man လို့ ခေါ်တဲ့ ရာထူးတွေ အလုပ်ပေါကြ ၀င်ငွေ ကောင်းကြပါတယ်။

အဲဒီအထဲမှာ ကိုယ်ကပဲ အိုင်တီလိုင်းပေါ်ကမို့လားတော့ မပြောတတ်ဘူး၊ သတိထားမိသလောက်တော့ အိုင်တီ ကွန်ပျူတာသမားတွေက လစာပိုကောင်းကြတယ် ထင်တယ်၊ ကျွန်တော့် အသိထဲမှာတင် တစ်လကို S$ 8000 ကနေ 10000 ကျော် ရတဲ့ သူ နှစ်ဦးရှိတယ်။ အဲလိုပဲ မြန်မာပြည်ကနေ ရောက်ရောက်ချင်း တစ်လကို S$3500 နဲ့ 4500 ရတဲ့သူတွေလည်း ရှိတယ်။ S$2500 ၀န်းကျင်သမားတွေကတော့ အများကြီးပဲ၊ စင်္ကာပူမှာ မြန်မာအိုင်တီသမားတွေ နာမည်ကောင်းရကြပါတယ်။ ဒါပေမယ့် လာမယ့်သူတွေအတွက် Software လိုင်းမှာဆိုရင်လည်း Microsoft, Java စတဲ့ နိုင်ငံတကာ စာမေးပွဲတွေ ဖြေခဲ့ဖို့နဲ့ တကယ် လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံ ၁ နှစ် ၂ နှစ်လောက်ရှိပြီး တကယ်တတ်ကျွမ်းထားဖို့တော့ လိုပါတယ်။ အဲလို ကိုယ်ဘက်က ပြင်ဆင်ထားရင် ဒီမှာ ၂ ပတ် ၃ ပတ် အတွင်း အလုပ်ရကြပါတယ်။

မြန်မာ အင်ဂျင်နီယာနဲ့ စာရင်းကိုင်တွေအတွက်လည်း စင်္ကာပူမှာ အလုပ် အရမ်းပေါကြတယ်၊ ဒါပေမယ့် ကျွန်တော် သိရသလောက်တော့ သူတို့က ၀င်ဝင်ချင်း ပျမ်းမျှ S$ 1800 နဲ့ 2000 ၀န်းကျင်ပဲ စရကြတယ်၊ အလုပ်ရဖို့ လွယ်ပေမယ့် လစာသိပ်မမြင့်ဘူးလို့ သိရတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ Supervisor အဆင့်လောက်က စလုပ်ကြရတယ် ပြောတယ်။ AGTI တွေလည်း အလုပ်ဖြစ်သလို ME ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့၊ အလုပ်ပိုလွယ်တာပေါ့။ Accountant အတွက်တော့ B Com ပြီးထားပြီး လက်တွေ့လုပ်ငန်းခွင်မှာ တကယ်အတွေ့အကြုံရှိတယ် ဆိုရင် အလုပ်ရဖို့လွယ်ပြီး လစာလည်း မနည်းပါဘူး၊ S$ 2000 ~ 2500 တော့ အသာလေး ရကြတာပါပဲ။ နိုင်ငံခြားဘွဲ့ ACCA part I, part II တွေလည်း အလုပ်ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ် တတ်ရမှာပါ၊ ဘာဘွဲ့ကြီး ကိုင်လာကိုင်လာ သူတို့က ခိုင်းလို့ရမှ၊ သူတို့အတွက် အကျိုးရှိမှ ပိုက်ဆံပေးမှာပါ၊ ဒါက ရှင်းပါတယ်။

Auto CAD ကျွမ်းတဲ့သူတွေအနေနဲ့ ပုံဆွဲတဲ့ Draft Man အလုပ်တွေလည်း ပေါတာပဲ။ ကွန်ပျူတာကိုင်ရတာဆိုတော့ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘူးပေါ့။ သူတို့လည်း တစ်လကို S$ 1800 လောက်တော့ အောက်ထစ် ရကြပါတယ်။ ဒါပေမယ့် ကံ ကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မရဘူး။ တချို့လည်း လွယ်သလို၊ တချို့လည်း အခက်အခဲ ရှိပြီး တိတ်တိတ်ကလေး ပြည်တော်ပြန်ကြရ၊ မလေးရှားကို Stay ရှောင်ကြရပေါ့။

ဥပမာ တစ်ခု ပြောရရင် ကျွန်တော်လုပ်တဲ့ အိုင်တီ ကုမ္ပဏီမှာ အင်တာဗျူးကို ရေးဖြေ အရင်စစ်တယ်၊ လက်တွေ့တကယ် တတ်တဲ့သူအတွက် အလွန်လွယ်တဲ့ မေးခွန်းတွေပေါ့၊ အဲဒါအောင်မှ လူတွေ့ ဆက်စစ်တယ်၊ ၀င် ၀င်ချင်း S$ 2300 စပေးမယ့် Web Developer S$ 2500 ရမယ့် အောက်ခြေ ရာထူးလေးပေါ့၊ စင်္ကာပူတက္ကသိုလ်ကနေ ကျောင်းပြီးထားတဲ့ သူတစ်ယောက် လာဖြေတယ်၊ ကျတယ်။ မအောင်ဘူး။ အားလုံးက အံ့အားသင့်သွားတယ်။ ဘယ်သူမှလည်း မကယ်နိုင်ဘူး။ သူလည်း စိတ်ဓတ်ကျပြီး ပြန်သွားတယ်၊ သိပ်မကြာခင် နောက်တစ်ပတ် အတွင်းမှာပဲ S$2800 နဲ့ တခြားမှာ အဲဒီကလေး အလုပ်ရသွားတယ်။ ကဲ .. ကောင်းရော။

အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာ သမားတွေအတွက် အသေအခြာ ပြင်ဆင်လာရင် အလုပ်အတွက် သိပ်စိတ်ပူဖို့ မလိုပါဘူး၊ အဲ တခြားအလုပ်တွေဖြစ်တဲ့ Marketing တို့၊ Sale တို့ Business Management တို့၊ Admin တို့အတွက်တော့ ကျွန်တော်တို့ ၀င်တိုးဖို့ သိပ်မလွယ်ဘူး။ အဲဒီ အလုပ်တွေအတွက် ဘာသာစကား၊ ဒေသ ကျွမ်းကျင်မှုနဲ့ အပေါင်းအသင်း မိတ်ဆွေ ကျယ်ပြန့်မှု တွေမှာပါ သူတို့ နိုင်ငံသားတွေက အားသာကြတဲ့အတွက် သူတို့ နိုင်ငံသားတွေကိုပဲ ခန့်ကြပါတယ်။ အဲဒါတွေထက်စာရင် မြန်မာပြည်က Chemistry သမားတွေနဲ့ Geology သမားတွေကမှ ကိုယ့်အဆက်အသွယ်နဲ့ကို အလုပ်လေးတွေ ရဖို့ လွယ်သေးတယ်။ ဒါပေမယ့် အခုနပြောတဲ့ အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာသမားတွေကတော့ ကိုယ်ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး စင်္ကာပူမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေပေါ့။ သတိပြုရမှာက အသက်မွေး ၀မ်းကျောင်း ပညာရပ်တစ်ခုခု ကျွမ်းကျင် မတတ်ပဲ မြန်မာပြည်မှာ အင်္ဂလိပ်စကား ဘွတ်ဘွတ်ရွှတ်ရွှတ် မွှတ်နေအောင် ပြောတတ်ရုံနဲ့တင်တော့ စင်္ကာပူမှာ အလုပ်ရဖို့ မသေချာပါဘူးဆိုတာပါပဲ။ အဲလိုပဲ ဘယ်လောက်ပဲ ပညာရပ်ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင် ကျွမ်းကျင် အင်တာဗျူးလေးတောင် အင်္ဂလိပ်လို မဗျူးနိုင်ရင်လည်း အလုပ်ရဖို့ အခက်အခဲတွေ့ နိုင်ပါတယ်။

ကဲ ဘယ်ကစ အလုပ်ရှာကြမလဲ…
စင်္ကာပူမှာ အလုပ်လုပ်ဖို့ ကိုယ့်အားကိုယ်ကိုး အလုပ်ရှာတဲ့ နည်းနဲ့ ပွဲစားအပ်ပြီး အလုပ်ရှာတဲ့နည်း ဆိုပြီး ၂ နည်း ရှိပါတယ်။ ပွဲစားအပ်တာတော့ ပိုက်ဆံကုန်ပြီး သူများကို အားကိုးရတဲ့ နည်းမို့ ဒုတိယ ဦးစားပေးအဆင့်မှာ ထားပြီး ကိုယ့်ပညာ ကိုယ်ယုံပြီး ကိုယ့်အား ကိုယ်ကိုးမယ့် သူတွေအတွက် ပထမဦးစားပေး ပြောပြပါမယ်။ တချို့ကပြောကြတယ်၊ ပွဲစားနဲ့က သေခြာတယ်တဲ့၊ ကျွန်တော့် အမြင်ကတော့ အလုပ်ရဖို့ မရဖို့ထက် ကုန်ဖို့သေချာတာ ဖြစ်ပါလိမ့်မယ်။

စင်္ကာပူမှာ အလုပ်ရှာမယ်ဆိုရင် ဒေသထုတ် နေ့စဉ် သတင်းစာကြီး တစ်ခုဖြစ်တဲ့ The Strait Times မှာပါတဲ့ အလုပ်ကြော်ငြာတွေကနေတဆင့် အလုပ်လျှောက်ကြသလို အင်တာနက် အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ ကြည့်ပြီးတော့လည်း အလုပ်လျှောက်နိုင်ပါတယ်။ စင်္ကာပူမှာရှိတဲ့ အဓိက အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကတော့
- http://www.jobsdb.com.sg
- http://www.jobstreet.com.sg
- http://www.jobscentral.com.sg
- http://www.st701.com
- http://www.monster.com.sg

ဝဘ်ဆိုက်က အလုပ်တွေပဲ ရှာရှာ၊ သတင်းစာက အလုပ်တွေပဲ ရှာရှာ သေခြာတာက အလုပ် လျှောက်လွှာကို အွန်လိုင်း(eMail)နဲ့ ပေးပို့ လျှောက်ထားတာဟာ ကျွန်တော့်တို့ အတွက် အဆင်ပြေဆုံးပါပဲ။ သွားစရိတ် လာစရိတ်မကုန်ဘူး၊ စာရွက်စာတမ်းကြေး မကုန်တော့ဘူးပေါ့။ ဒါကြောင့်မို့ စင်္ကာပူမထွက်ခင် ကွန်ပျူတာ အင်တာနက် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လည်း လေ့လာခဲ့သင့်ပါတယ်။ အီးမေးလ်လေးတောင် မဖွင့်တတ်၊ မပို့တတ်နဲ့၊ Online Registration လေးတောင် မလုပ်တတ်တာဟာလည်း အလုပ်ရဖို့ အခက်အခဲ တစ်ခုပါပဲ။

အွန်လိုင်းက အလုပ်လျှောက်ဖို့ အပေါ်မှာ ပြောခဲ့တဲ့ ၀ဘ်ဆိုက် ငါးခုလုံးမှာ Register လုပ်ထားသင့်ပါတယ်၊ အဲဒီ နေရာမှာ သူ့ဝဘ်ဆိုက်နဲ့သူ Register လုပ်ပုံခြင်းတော့ သိပ်မတူပါဘူး၊ ဒါပေမယ့် သိပ်လည်း မခက်ခဲပါဘူး။ အသေအခြာ ဖတ်ပါ။ နည်းပညာပိုင်းအနေနဲ့ ဂရုပြုရမှာက Upload လုပ်မယ့် ဓါတ်ပုံရဲ့ အရွယ်အစားနဲ့ Attach လုပ်ရမယ့် Resume လို့ ခေါ်တဲ့ ဖိုင်အရွယ်အစားပါပဲ။ များသောအားဖြင့် Resume လို့ခေါ်တဲ့ ဖိုင်အရွယ် အစားဟာ Microsoft Word ဖိုင်အမျိုးအစားနဲ့ 200 kb ထက် မကြီးဖို့ တောင်းဆိုထားကြပါတယ်။ ဒီနေရာမှာလည်း Microsof Word ဖိုင်ရဲ့ Version ပါ။ အကောင်းဆုံးက Office 2000 Format ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ပဲ Office 2008 Version ဖြစ်လို့ File Extension က *.docx ဆိုရင် ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီမှာ အဲဒီ 2008 Version ကို Update လုပ်မထားရသေးရင် ဖွင့်မရတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။

အဲဒီတော့ အလုပ်လျှောက်ဖို့ Online Registration မလုပ်ခင်
၁။ Resume ကို စနစ်တကျ ပြင်ဆင်ပါ။ - File Size 200 Kb ထက် မကြီးရ
- Microsoft Office 2003 Format *.doc Version ထက် မြင့်သော Version (*.docx) မသုံးရ (ယခုနှစ်ပိုင်း 2008/2009 အတွက်သာ ဖြစ်ပါသည်။)
- လိုအပ်သော အထောက်အထား Certificate များကို ဖိုင်ထဲတွင်ပင် Picture Format ဖြင့် တစ်ခါတည်း ထည့်ပေးပါ။ (သီးခြား ဖိုင်များဖြင့် Attach မလုပ်ရန်ကို ဆိုလိုသည်။)

၂။ အီးမေးလ် လိပ်စာတစ်ခုကို စနစ်တကျဖွင့်ပါ။ အကောင်းဆုံးကတော့ လူသုံးများတဲ့ Gmail လို အီးမေးလ်လိပ်စာကို ယူပါ။ သူက စာတွေအများကြီး သိမ်းထားလို့ရပါတယ်။ တခြားမေးလ်လေးတွေက 5mb, 20mb လောက်ပဲ ပေးတာမို့ ကိုယ်က အလုပ်တွေအများကြီးကို လျှောက်တဲ့အခါ Mail Server ပြည့်နေပြီး အခက်တွေ့တတ်ပါတယ်။ အီးမေးလ်လိပ်စာကို ကဗျာဆန်ဆန်တွေ ရှည်ရှည်ဝေးဝေး တွေးမပေးပါနဲ့ အတိုဆုံး အလွယ်ဆုံးကို ကိန်းဂဏန်းတွေနဲ့ တွဲပေးပါ။ ဖတ်ရလွယ်ဖို့က အဓိကပါ။ ဥပမာ Kyaw Mg Mg Zaw ဆိုတဲ့ နာမည်အတွက် kyaw123@gmail.com တို့ kyaw501@gmail.com တို့ ဖတ်ရ မှတ်ရလွယ်မယ့် အမည်တွေကို ရွေးပါ။ Password ကိုတော့ အရမ်းလွယ်တာကြီး မဟုတ်သလို၊ သိပ်ခက်ခဲပဲ မှတ်ရခက်နေတာမျိုးတွေလည်း မဖြစ်သင့်ပါဘူး။ ဘာလို့ ဒါတွေကို အသေးစိတ် ပြောနေရလည်း ဆိုရင် ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေဖြစ်တဲ့ password မေ့သွားတာတို့၊ ကိုယ့် မြန်မာနာမည်က မြန်မာအချင်းချင်း ခေါ်ဖို့ အဆင်ပြေပေမယ့် သူတို့အတွက်ကျ မှတ်ရ၊ ဖတ်ရခက်နေတာတို့ မဖြစ်အောင်လို့ပါ။

၃။ Cover Letter တစ်ခုကို အတိုဆုံး၊ အရှင်းဆုံးနဲ့ ကိုယ့်အရည်အချင်းတွေဟာ ကိုယ်လျှောက်မယ့် အလုပ်နဲ့ အံဝင်ခွင့်ကျ ဖြစ်တယ်ဆိုတာကို အလုပ်ခေါ်တဲ့ အလုပ်ရှင် သိသာ၊ မြင်သာသွားအောင် ရေးပါ။ Oline ပေါ်မှာ ကိုးကားဖို့ Website တွေရှိပါတယ်။

Cover Letter တွေ ကြည့်ဖို့ Web Site အချို့ကိုလည်း အောက်မှာ ထည့်ပေးလိုက်ပါတယ်၊ နည်းနည်း လေ့လာကိုးကားလို့ ရတာပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ CV နဲ့ Recommendation တွေကိုလည်း Sample အဖြစ်နဲ့ Download Link ထည့်ပေးလိုက်ပါတယ်။
http://www.csuchico.edu/plc/coverltr-ex.html
http://www.quintcareers.com/cover_letter_samples.html
http://www.careercc.com/resumpr.shtml#Specific%20Cover%20Letter

အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင်တော့ Online Register လုပ်ပြီး အလုပ်တွေ စလျှောက်ရုံပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ Register လုပ်ရင် သူတို့က Resume တစ်ခု တောင်းပါလိမ့်မယ်၊ အဲဒီအခါ ကိုယ့်ရဲ့ အသင့်လုပ်ပြီးသား Resume ကို Upload လုပ်ပေး လိုက်ရုံပါပဲ။ ဒါမှ သူတို့ ၀ဘ်ဆိုက်မှာ ကြော်ငြာထားတဲ့ အလုပ်ခေါ်စာတွေကို လျှောက်ရင် သူတို့ဆီကနေတဆင့် အလွယ်တကူ တင်ပေးပါလိမ့်မယ်။ ဒါအပြင် နေ့စဉ် ကိုယ်နဲ့ လိုက်ဖက်မယ့် အလုပ်တွေကိုလည်း အီးမေးလ်နဲ့ ကိုယ်ဆီ ပို့ပေးပါတယ်။ အဲဒီ လိပ်စာတွေကနေ တဆင့် အလုပ် လျှောက်လွှာ တင်ရုံပါပဲ။ ဂရုပြုရမှာက အချို့ လုပ်ငန်းတွေက Online ပေါ်က အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကနေ တဆင့် မဟုတ်ပဲ တိုက်ရိုက် အီးမေးလ်ပို့ဖို့ တောင်းဆိုတတ်ကြပါတယ်။ အဲဒါမျိုးတွေကိုတော့ အီးမေးလ်နဲ့ သီးသန့် ပို့ပါ။

Online Job Site တွေကနေတဆင့် အလုပ်လျှောက်ရသလို နေ့စဉ်ထုတ် The Strait Time သတင်းစာထဲက ကြော်ငြာတွေကနေလည်း အလုပ်လျှောက်ရပါမယ်။ The Strait Time သတင်းစာက တစ်စောင်ကို စင်္ကာပူဒေါ်လာ ပြား ၈၀ ပေးရပါတယ်။ မနက် ၈ နာရီလောက်ဆို ကိုယ်နဲ့နီးတဲ့ ဆဲဗင်းအီလဲဗင်း စတိုးဆိုင်လေးတွေမှာ ၀ယ်လို့ရပါတယ်။ သူ့ဏ္ဍအလိုက် အစောင်တွေ အပိုင်းပိုင်းဖြစ်နေတာမို့ အားလုံးအကုန်အစုံပါဖို့ ဂရုပြုပါ။ အဓိကကတော့ ကိုယ့်က အလုပ်ရှာမှာဆိုတော့ Recruitment အပိုင်းကိုပေါ့။ သတိပြုရမှာက ဗုဒ္ဓဟူးနဲ့ စနေနေ့တွေပါ။ အဲဒီနေ့တွေမှာ အလုပ်ကြော်ငြာတွေ ပိုပြီး ပါတာမို့ သတင်းစာကြီးက အထူကြီးဖြစ်နေတတ်ပါတယ်။ ကိုယ်ကလည်း တခြားနေ့တွေ မ၀ယ်ဖြစ်ရင်တောင် အဲဒီနေ့ကို စောစောထ ၀ယ်ပြီး အလုပ်လျှောက်သင့်ပါတယ်။ စောစောထ ဆိုတာကလည်း ဂရုပြုရမယ့် အချက်ပါ။ ရုံးတွေရဲ့ ထုံးစံအတိုင်း ဘယ်သူမှ ရောက်ရောက်ချင်း အလုပ်မလုပ်ကြဘူး၊ ကွန်ပျူတာလေးဖွင့် အီးမေးလ်စစ်၊ ကော်ဖီလေးဖျော် ဆိုတော့ အဲဒီ မနက် ၉ နာရီလောက် သူတို့ အီးမေးလ်စစ်ချိန်မှာ ကိုယ့် အလုပ် လျှောက်လွှာ အီးမေးလ်က ရောက်နေသင့်ပါတယ်။ အဲဒါဆိုရင် ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ အီးမေးလ်က သူတို့ အတွက် ပထမဆုံး ဂရုပြုမိတဲ့ စာရင်းထဲ ရောက်သွားတာပေါ့။ ဒါက ဖြစ်နိုင်ရင်ပါ။

ကုမ္ပဏီအလိုက်တော့ မူတွေ ပုံစံတွေ မတူပါဘူး။ တစ်ချို့ အင်တာနက်မှာ၊ သတင်းစာမှာ ကြော်ငြာလိုက်တယ်။ နောက်နေ့ လျှောက်လွှာတွေ လက်ခံတယ်၊ အဆင်ပြေမယ် ထင်တဲ့သူတွေ ဆီကို ဖုန်းဆက်ပြီး အင်တာဗျူးဖို့ ချိန်းမယ်။ နောက် အင်တာဗျူးမယ်၊ ကြိုက်ရင် လစာညှိ၊ သဘောတူရင် တစ်ခါတည်း တန်းခန့်ပေါ့။ ကုမ္ပဏီ ကြီးတွေ ကြလည်း နောက်ဆုံး လျှောက်ထားရမယ့် လျှောက်လွှာ ပိတ်ရက်ကို ထည့်ပေးထားတယ်၊ အဲဒီနေ့ မရောက်မခြင်း လျှောက်လွှာ လက်ခံတယ်၊ အဲဒီ အထဲကမှ စကာတင် စိတ်ကြိုက် ရွေးပြီး လူတွေ့ခေါ်ဖို့ အကြောင်းကြားနဲ့ အဆင့်ဆင့်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်က လိုချင်တဲ့သူ ဆိုတော့ ၀ီရိယတော့ ပိုရမှာပေါ့။

အလုပ်တွေ လျှောက်ပြီးရင် လုပ်ရမယ့်အလုပ်က တယ်လီဖုန်းကို အချိန်ပြည့် ခေါ်လို့ ဆက်လို့ရအောင် လုပ်ထားဖို့ပဲ။ ဟိုက အင်တာဗျူးဖို့ ခေါ်မှ ဖုန်းက အားမရှိတော့တာနဲ့၊ ဖုန်းထဲမှာ ပိုက်ဆံကုန်နေလို့ ပြောမရတာနဲ့ အခက်တွေမှာ စိုးလို့ပါ။ နောက်ပြီး အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတွေဆီကို Follow Up လုပ်ပြီး ဖုန်းဆက်မေးဖို့ပဲ။ စကာတင် စာရင်းကို လှမ်းပြောပါ့မယ်၊ ဖုန်းမဆက်ပါနဲ့ လို့ မတားတဲ့ ကုမ္ပဏီမှန်သမျှ ဖုန်းဆက်ပြီး မေးပါ။ ငါလျှောက်ထားတယ်၊ ဘယ်လိုလဲ၊ ဘာလဲပေါ့။ သူတို့အခေါ်ကို တမေ့တမော စောင့်မနေနဲ့။ ကိုယ်က ဗီဇာပြည့်ရင် ပြန်ရမှာဆိုတာ မမေ့နဲ့။

အင်တာဗျူးခေါ်ဖို့ သွားပြီဆိုရင်လည်း တည်တည်ငြိမ်ငြိမ် ဖြစ်သင့်ပါတယ်။ သိပ်ပြီး ဂရုစိုက်နေဖို့ မလိုပါဘူး။ ရခြင်ဇောတွေ အရမ်း အားမကြီးပါနဲ့။ အ၀တ်အစားကိုလည်း ၀တ်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ ၀တ်ပါ။ သပ်သပ်ရပ်ရပ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ။ အင်တာဗျူးသွားဖို့ အိမ်က မထွက်ခင် ဘော်ပင်၊ ခဲတံနဲ့ လိုအပ်တဲ့ ကိုယ့် စာရွက်စာတမ်း မူရင်းတွေ စုံရဲ့လား ဆိုတာပါပဲ။

အင်တာဗျူးသွားတဲ့အခါ လိုအပ်ရင် Taxi သုံးပါ။ ဘာနဲ့သွားသွား ချိန်းတဲ့ အချိန်ထက် နာရီဝက်လောက်တော့ စောရောက်နေအောင် သွားပါ။ အင်တာဗျူး ဖြေတဲ့ အခါမှာလဲ မပြာပါနဲ့။ ကိုယ့်အတွေ့ အကြုံတွေနဲ့ ကိုယ်လုပ်နိုင်တာတွေကို သူတို့သိအောင် ပြောနိုင်ဖို့ ကြိုးစားပါ။ သူတို့ကြိုက်ရင် ခန့်လိမ့်မယ်။ သိပ်အောက်ကျခံပြီး မျက်နှာငယ်လေးနဲ့ လုပ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုမှ ယုံကြည့်မှု မရှိဖြစ်နေရင် သူတပါးကလည်း ကိုယ်ကို ယုံရဲမှာ မဟုတ်ပါဘူး။

ကဲ … ဒီလောက်ဆိုရင်
အလုပ်ဘယ်လိုလျှောက်ရမလဲ ဆိုတာ နည်းနည်းတော့ မြင်လောက်မယ် ထင်ပါတယ်။ နောက်တစ်ခု ပြောချင်တာက ရချင်ဇော များပြီး စိုးရိမ်စိတ်တွေ ပိုမှာကို ကြိုပြင်ထားဖို့ပါ။ စင်္ကာပူကို ရောက်လို့ နှစ်ပတ်ကျော်လိုမှ အင်တာဗျူး တစ်ခုတောင် မရသေးဘူးဆိုရင် အားလုံးက ကြောင်တောင်တောင်နဲ့ ပြာလာတတ်တယ်။ လူတိုင်း ဒီလိုပဲဆိုတာ သတိပြုပါ။ ဒီက လုပ်ငန်းရှင်တွေက မြန်မာဝန်ထမ်းတွေကို ခန့်ချင်ကြတယ်။ အဲလိုပဲ မြန်မာတွေ Short Visit နဲ့လာတဲ့ Stay အခက်အခဲကိုလည်း သူတို့က သိထားကြတယ်။ အဲဒီတော့ ဈေးနှိမ်ပြီး ပေးချင်ကြတယ်။ ကိုယ်က အရမ်းကြီး မပြာပဲ စိတ်ကြိုက်ဈေး ရအောင် တောင်းနိုင်ဖို့ကတော့ ကိုယ်ရဲ့ ဥာဏ်ရယ်၊ ကြိုးစားမှု ၀ီရိယရယ်၊ အရေးကြီးဆုံးဖြစ်တဲ့ ကံရယ်ကိုပဲ အားကိုးကြရမှာပေါ့။ ပုတီးစိတ်နည်း ပေါင်းစုံနဲ့ ဘုရားရှိခိုး မျိုးစုံကို ကျက်ခဲ့ဖို့လည်း မမေ့နဲ့ပေါ့။

လစာ စိတ်ကြိုက်တောင်းနိုင်ဖို့ လိုသလို အလုပ်ချိန်တွေကိုလည်း သေချာအောင် Confirm လုပ်သင့်ပါတယ်။ စင်္ကာပူမှာ များသောအားဖြင့် တစ်ပတ်ကို ၅ ရက်ခွဲ ၆ ရက် အလုပ်လုပ်ကြရတယ်၊ တနင်္လာကနေ စနေနေ့တစ်ဝက် ဒါမှမဟုတ် စနေတစ်နေ့လုံးပေါ့။ တချို့ကတော့ ၇ ရက်အထိ လုပ်ခိုင်းတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ တော်တော် ဆိုးတဲ့အလုပ်တွေပါ၊ မလျှောက်သင့်၊ မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် 5 Days Work လို့ခေါ်တဲ့ တစ်ပတ်ကို ၅ ရက်ပဲ အလုပ်လုပ်ရတဲ့ အလုပ်တွေကိုရှာပါ။

နောက်တစ်ခု ဂရုပြုရမှာက SPass, EP လျှောက်ပေး/မပေးပါ။ SPass ဆိုတာက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်ပေါ့။ လစာ ၁၈၀၀ ကနေ ၂၄၉၉ အတွင်းရတဲ့သူတွေကို ထုတ်ပေးတယ်။ EP ကတော့ ၂၅၀၀ အထက်ပေါ့။ အဲဒီတွေက ကုမ္ပဏီက လျှောက်ပေးရတာပါ။ သူတို့ဆီမှာ Quota ကျန်မှ လျှောက်လို့ရတာပါ။ တချို့ကုမ္ပဏီတွေက လစာကို ၁၄၀၀ လောက်ပဲပေးမယ်၊ ဒါပေမယ့် SPass လျှောက်ပေးမယ်တို့ ဘာတို့ တရားမ၀င် ညှိတတ်ပါတယ်။ မလုပ်သင့်ပါဘူး။ နောက်တစ်ခါ လစာကို နှိမ်ပြီး Over Time နဲ့ မဲဆွယ်တတ် ပြန်တယ်။ အစကတည်းက ကိုယ့်ကို မဟုတ်တာလုပ်ဖို့ စီစဉ်နေမှတော့ နောက်ပိုင်းလည်း သိပ်ကောင်းဖို့ လမ်းမရှိတာမို့ မရွေးခြယ်သင့်တဲ့ အလုပ်တွေပါ။ ကိုယ့်ပညာကို ကိုယ်ယုံတယ်ဆိုရင်တော့ 5 Days Work အလုပ်ကို ရအောင်ရှာ ၁၈၀၀ တန်တဲ့သူက ၁၈၀၀ အပြည့်ရအောင်တောင်းပြီး SPass တင်ခိုင်း။ ၂၅၀၀ ရမယ့်သူကလည်း EP တင်ခိုင်းပြီး မှန်မှန်ကန်ကန် အလုပ်ဝင်နိုင်ရင် အကောင်းဆုံးပါပဲ။ "သိထားသင့်တဲ့ စင်ကာပူ" (မောင်ပွတ်)

သယ်ယူပို့ဆောင်ရေး

စင်ကာပူ တစ်နိုင်ငံလုံးရဲ့ ဝင်ငွေကို တဘက်တလမ်းက အဓိက အထောက်အကူပေးနေတဲ့ ချန်ဂီ လေဆိပ်ကတော့ ကျော်ကြားလှပါတယ်။ Terminal သုံးခုရှိပြီး နောက်ဆုံးဖွင့်လိုက်တဲ့ Terminal 3 ကတော့ ခေတ်အမီဆုံးဖြစ်ပါတယ်။ ဗမာပြည်က လေယာဉ်တွေကတော့ Terminal 1 နဲ့ 2 မှာပဲ ရပ်ကြရပါတယ်။ သေးငယ်တဲ့ ကျွန်းနိုင်ငံဖြစ်တာနဲ့အတူ ပြည်တွင်း ရေလမ်းခရီးမရှိပါဘူး။ စင်ကာပူမြစ်ကလေးထဲမှာတော့ ကမ္ဘာလှည့်တွေ အနေနဲ့ ပျော်စီးချင်ရင် မော်တော် အသေးစားလေးတွေ စီးနိုင်ပါတယ်။ ကုန်းလမ်းခရီးအနေနဲ့တော့ MRT (Mass Rapid Transit) လို့ ခေါ်တဲ့ နိုင်ငံပတ်ရထားနဲ့ Bus တွေသုံးပါတယ်။ စင်ကာပူရဲ့ MRT Service ကတော့ နာမည်ကျော်လှပါတယ်။ ကမ္ဘာအရပ်ရပ်က သုံးစွဲသူတွေပေးတဲ့ Customer Service အကောင်းဆုံးဆုကို ၂၀၀၇ အတွက် SMRT က ရခဲ့ပါတယ်။ ဒေသခံ စင်ကာပူတွေကတော့ Bus နဲ့ ရထားကို အဆင်ပြေသလို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ပေမယ့် မြန်မာ အများစုကတော့ ရထားကိုသာ အားထားနေကြပြီး အိမ်ရှာတဲ့အခါမှာလည်း ဘူတာနဲ့နီးလား ဆိုတဲ့ မေးခွန်းက အဓိက ကျနေတာမို့ MRT အကြောင်းလေးကို နည်းနည်းချဲ့ ပြောပြချင်ပါတယ်။

လက်ရှိမှာ ရထားလိုင်း ၃ လိုင်းရှိပါတယ်။ အလွယ်တကူ မှတ်လို့ ရတာကတော့ မြေပုံမှာ ပြထားတဲ့ အရောင်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့နဲ့အနောက် လွန်းပြန်ပြေးနေတဲ့ အစိမ်းရောင်လိုင်း၊ တောင်မြောက် (အထက်အောက်) ပြေးဆွဲတဲ့ အနီရောင်လိုင်းနဲ့ အရှေ့မြောက်ဘက်ကို ဒေါင့်ဖြတ်ပြေးတဲ့ ခရမ်းရောင်လိုင်းတို့ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံရဲ့ ဗဟိုကို စက်ဝိုင်းပုံပတ်မယ့် အဝါရောင်လိုင်း ပေါ်လာဦးမှာပါ။ ဗမာတွေ နေစရာ အိမ်ရှာကြတဲ့အခါ အစိမ်းရောင်လမ်း တစ်လျှောက်၊ အနီရောင်လမ်း တစ်လျှောက်ဆိုပြီး ရှာတတ်ကြပါတယ်။ ဘူတာတွေ အနေနဲ့ တချို့က မြေအောက်မှာဖြစ်ပြီး တချို့ကတော့ မြေပေါ်မှာပဲ ရှိပါတယ်။ ရထားလမ်း ၂ ခုကနေ ၃ ခုဆုံတဲ့ ဘူတာတွေကို Interchange လို့ခေါ်ပြီး ရထား ပြောင်းစီးနိုင်ပါတယ်။ စင်ကာပူမှာ Interchange သိပ်မရှိလှဘဲ အကြီးဆုံး Interchange ကတော့ Dhoby Ghaut Interchange ပဲဖြစ်ပြီး မြေအောက်မှာ တခမ်းတနား ရှိပါတယ်။

ရထားစီးတဲ့အခါမှာ E-Z Link Card (Easy Link Card) လို့ခေါ်တဲ့ ငွေကြိုသွင်းထားရတဲ့ ကဒ်ကလေးတွေ ရှိဖို့လိုပါတယ်။ အဲဒီကဒ်လေးတွေနဲ့ ရထားစင်္ကြန်အဝင်ဝက Sensor တပ် ဂိတ်ပေါက်လေးတွေကို ဖြတ်ဝင်ရပါတယ် (Wheelchair စီးရတဲ့လူတွေ၊ ဒါမှမဟုတ် အိတ်အကြီးကြီးတွေ သယ်လာသူတွေ၊ ကလေး လက်တွန်းလှည်း တွန်းလာသူတွေအတွက် သီးသန့်ဝင်ပေါက်လေးတွေ ရှိပါတယ်)။ ကဒ်လေးကို Sensor ရှိတဲ့ နေရာလေးပေါ် တင်ပေးရတာပါ။ ကဒ်ကို ပိုက်ဆံအိတ်ထဲ ထည့်ထားရင်လည်း အိတ်အတိုင်း တင်လိုက်ရင် ရပါတယ်။ အဲဒီကဒ်နဲ့ ကားစီးလို့လည်း ရပါတယ်။ ကဒ်ထဲမှာ ငွေမရှိတော့အခါ ကားကို ပိုက်ဆံပေး စီးသွားနိုင်ပေမယ့် MRT ဆိုရင်တော့ ငွေဖြည့်ပြီးမှ စီးလို့ရပါတယ်။ ကဒ်ထဲ ငွေတစ်ခါဖြည့်ရင် SGD10 အနည်းဆုံး ထည့်ရပါတယ်။ ဒေါ်လာတစ်ဆယ် မထည့်နိုင်တဲ့အခါ One-Way Ticket လေးတွေလည်း ဝယ်သွားလို့ရပါတယ်။ တကယ်လို့ စင်ကာပူရောက်ခါစမို့ ကဒ်မရှိသေးရင် ဘူတာတိုင်းက Ticket Office ဒါမှမဟုတ် Passenger Service တွေမှာ ဝယ်လို့ရပါတယ်။ အဲဒီ Ticket Office (or) Passenger Service ဟာ ဘူတာမှာ သူငယ်ချင်းတွေ ချိန်းကြတဲ့အခါ ဆုံတဲ့နေရာလည်း ဖြစ်ပါတယ်။ ရထားစီးခကတော့ ပြား ၈၀ ကနေ ခရီးလမ်း(ခရီးအကွာအဝေး)ပေါ် မူတည်ပြီး ကုန်ကျပါတယ်။ ပုံမှန်တော့ ခရီးတစ်ကြောင်းကို SGD1.20 လောက်ကုန်ပါတယ်။

ဘူတာထဲ ဝင်လိုက်ပြီဆိုတာနဲ့ ကိုယ်စီးရမယ့် ရထား နောက် ဘယ်နှစ်မိနစ်မှာ ဆိုက်မလဲဆိုတာ ပြထားတဲ့ Digital Board တွေရှိပါတယ်။ အချိန်ကို ကြည့်ပြီး လိုရင်ပြေးသွား၊ စောသေးရင်လည်း ခပ်ဖြည်းဖြည်း သွားနိုင်အောင် စီစဉ်ပေးထားပါတယ်။ မြေအောက် ဘူတာတွေမှာတော့ ရထားလမ်းနဲ့ စင်္ကြန်ကို မှန်တွေ ကာထားပေမယ့် မြေပေါ်က ဘူတာတွေမှာတော့ အဝါရောင်စည်းတစ်ခုပဲ တားထားပြီး စည်းကို ကျော်ပြီး ရထားမစောင့်ဖို့ သတိပေးချက်တွေ အသံလွှင့်နေတတ်ပါတယ်။ အန္တရယ် အတော်များတာမို့ လိုအပ်ရင် ဝန်ထမ်းတွေ လာရောက် တားမြစ်လေ့ ရှိပါတယ်။ သို့တိုင်အောင် အဲဒီမြေပေါ် ဘူတာတွေဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံသူတွေအတွက် နေရာကောင်းဖြစ်နေဆဲပါ။ ရထားပေါ်မှာတော့ ထိုင်ခုံတွေကို လက်ဝဲနဲ့လက်ယာဘက်မှာ အလျားလိုက်စီထားပါတယ်။ မတ်တပ်ရပ် လိုက်ပါသူတွေအတွက် ရန်ကုန်က ဘတ်စ်တွေမှာလိုပဲ လက်ကိုင်ကွင်းတွေ ရှိပါတယ်။ Public Transport ဖြစ်ပေမယ့် စင်ကာပူထုံးစံအတိုင်း အမြဲသန့်ရှင်းပြီး အေးနေပါတယ်။ ရထားလမ်းနဲ့ဆိုင်တဲ့ သတိပေးချက်တွေ လွှင့်နေတတ်ပြီး ဘူတာနားနီးလာရင် ဘူတာနာမည်ကို ၂ ခါရွတ်ပေးပါတယ်။ တကယ်လို့ Interchange ဆိုရင်လည်း ရထားပြောင်းစီးဖို့ သတိပေးတတ်ပါတယ်။ ရထားပေါ်မှာ စီးပွားရေး ကြော်ငြာ အနည်းငယ်နဲ့အတူ MRT မြေပုံတွေကိုလည် အတွဲတိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ လူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ဦးစားပေးတဲ့နိုင်ငံဖြစ်တာမို့ ရထားတွဲတိုင်းနဲ့ ဘူတာတွေမှာ အရေးပေါ် ဆက်သွယ်ရေး Intercom နဲ့ တယ်လီဖုံးတွေ ရှိပါတယ်။ ဘယ်လို ဆက်သွယ်ရမယ် ဆိုတာကိုလည်း အမြဲသရုပ်ပြတဲ့ TV တွေ ဘူတာစင်္ကြန်တိုင်းမှာ ရှိနေပါတယ်။

ကားတွေကတော့ နေထိုင်တဲ့ ဇုံအလိုက် နံပတ်တွေနဲ့ရှိပါတယ်။ အဓိကကားပြေးဆွဲပေးနေတဲ့ ကုမ္ပဏီ ၂ ခုရှိပါတယ်။ SMRT နဲ့ SBS Transit ပါ။ SMRT က နှစ်စီးတွဲကားတွေနဲ့ ပြေးဆွဲလေ့ရှိပြီး SBS ကတော့ ၂ ထပ်ကားကြီးတွေ သုံးပါတယ်။ ရန်ကုန်မှာလိုပဲ လမ်းတစ်လျှောက် ပတ်ပြီး ထွက်တဲ့ ဂိတ်မှာ ပြန်ဆုံးတဲ့ Loop ကားရှိသလို၊ ဒီဘက် ဂိတ်ကနေ ဂိတ်အဆုံးကို သွားတဲ့ကားတွေလည်း ရှိပါတယ်။ မှတ်တိုင်တွေမှာ တားတဲ့လူရှိမှ ဒါမှမဟုတ် ဆင်းမယ့်လူရှိမှပဲ ရပ်ပါတယ်။ စီးမယ့်လူကိုလည်း စောင့်နေလေ့မရှိပါဘူး။ အတက်အဆင်းပြီးတာနဲ့ ထွက်တာပါပဲ။ ကားပေါ်တက်တဲ့အခါ MRT ဂိတ်မှာလိုပဲ EZ Link ကဒ်လေးကို Sensor ပေါ်တင်ပေးလိုက်ရပါတယ်။ ပြန်အဆင်းမှာလည်း တစ်ခါပြရပါတယ်။ ကျသင့်ငွေကို ကဒ်ထဲကနေ နှုတ်ယူထားထားလိုက်ပါတယ်။ ကဒ်ထဲမှာ ငွေမကျန်တဲ့အခါ ပြား ၈၀ ထည့်ပြီး စီးလို့ရပါတယ်။ အကြွေမပါတဲ့အခါ၊ ကျပ်စေ့မပါတဲ့အခါ ငွေပြန်အမ်းတဲ့ အလုပ်ကို ကားမောင်းသူ Bus Captain တွေက မလုပ်ပါဘူး။ တံခါးအဖွင့်အပိတ်တွေကိုတော့ ယာဉ်မောင်းတွေကပဲ လုပ်ပေးပါတယ်။ ကိုယ်ဆင်းချင်တဲ့ မှတ်တိုင်ရောက်ရင်တော့ ကားပေါ်က အချက်ပေးခလုတ်ကို နှိပ်ရင် ယာဉ်မောင်းက ရပ်ပေးမှာဖြစ်ပါတယ်။ ကားထွက်ပြီးမှ နှိပ်ရင်တော့ နောက်မှတ်တိုင်မှာပဲ ဆင်းရပါလိမ့်မယ်။ ထူးခြားတာကတော့ ယာဉ်မောင်းအချို့ဟာ လက်အိတ်ဖြူတွေ စွပ်ထားတတ်တဲ့ အမျိုးသမီးတွေ ဖြစ်နေတာပါပဲ။

နောက်ထပ်အသုံးများတဲ့ Service ကတော့ Taxi ပဲ ဖြစ်ပါတယ်။ Taxi တွေကိုတော့ မြန်မာတွေနဲ့ ရင်းနှီးပြီးဖြစ်တဲ့ Comfort, Silver Cab စတဲ့ ကုမ္ပဏီတွေက အဓိကပြေးဆွဲပြီး မာစီးဒီးစ်တွေကို တက္ကစီ လုပ်ထားတဲ့ Limocab လို ကုမ္ပဏီကြီးတွေလည်း ရှိပါတယ်။ ပုံမှန်ကတော့ ဂျပန်လုပ် Crown နဲ့ Cedric ကားတွေ၊ ကိုရီးယားလုပ် Hyundai ကားတွေ အသုံးများပါတယ်။ အခြားအမျိုးအစားကတော့ အတော်ရှားပါတယ်။ တက္ကစီတွေဟာ ခရီးသည်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အဲကွန်းဖွင့်ထားကြပါတယ်။ ကားခဟာ မီတာနဲ့ဖြစ်ပြီး သွားတဲ့ခရီးအကွာအဝေးနဲ့လည်း ဆိုင်သလို သွားတဲ့အချိန်၊ လမ်းကြေးပေးရတဲ့ လမ်းကိုဖြတ်၊ မဖြတ် စတာတွေနဲ့လည်း ဆိုင်ပါတယ်။ ကားပေါ်တက်ပြီး ခရီးစထွက်တာနဲ့ SGD2.80 ပေးရပြီး ကျန်တာကတော့ သွားတဲ့ခရီးကိုလိုက်ပြီး ပေးရမှာပါ။ စောင့်ရရင်လည်း ငွေပေးရပါတယ်။ ကုမ္ပဏီအကြီးတွေက ကားတွေကိုစီးရင်တော့ ငွေကို Nets, Credit Card စတာတွေနဲ့လည်း ပေးလို့ရပါတယ်။

ကိုယ်ပိုင်ကားအများစုကတော့ ခေတ်မီ နောက်ဆုံးပေါ်ကားတွေ ဖြစ်ပါတယ်။ ကားတွေကို သက်ဆိုင်ရာ ကားကုမ္ပဏီတွေက တိုက်ရိုက်ရောင်းတာရှိသလို Agent တွေကနေတဆင့်လည်း ဝယ်လို့ရပါတယ်။ ကားဝယ်တဲ့အခါမှာ COE (Certificate of Entitlement)၊ အာမခံကြေး၊ လမ်းခ၊ အင်ဂျင်ခွန်စတာတွေ မပေးမနေရ ပေးရပြီး ကားခကိုတော့ အရစ်ကျပေးသွင်းနိုင်ပါတယ်။ တချို့ Installment Plan တွေဟာ ၁၀ နှစ်အထိ ဆန့်ထားလို့ရပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ ကြားရက်ညပိုင်းတွေပဲ မောင်းလို့ရတဲ့ နံပတ် အနီကားဆိုရင်တော့ တော်တော်သက်သာတဲ့ ဈေးနှုန်းနဲ့ရပါတယ်။ ဓါတ်ဆီကိုတော့ သွားရင်းလာရင်း ကြုံတဲ့ဆိုင်မှာ ထည့်လို့ရပါတယ်။ စင်ကာပူမှာ ဈေးကြီးတယ်လို့ ညည်းညူကြတဲ့အထဲမှာ ကားရပ်နားခနဲ့ ရပ်နားဖို့ နေရာခက်ခဲတာက ထိပ်ဆုံးက ပါပါတယ်။ လမ်းအများစုက တစ်လမ်းမောင်းတွေဖြစ်လို့ သွားချင်တဲ့ခရီးကို ကွေ့ပတ်သွားရလေ့ရှိပါတယ်။


နေထိုင်မှုစနစ်

စင်ကာပူရဲ့ နေထိုင်မှုစနစ်ကတော့ အတော်ပဲ ရိုးရှင်းပြီး customize လုပ်ခွင့်နည်းပါးတာကို တွေ့ရပါတယ်။ နေရာတိုင်းမှာ တွေ့ရတတ်တဲ့ အစိုးရတိုက်ခန်း (HDB Flat) တွေ၊ ရန်ကုန်က ကွန်ဒိုတွေလောက် မခမ်းနားတဲ့ အဆင့်မြင့်တိုက်ခန်းကွန်ဒိုတွေနဲ့ လုံးချင်းအိမ် အနည်းအကျဉ်းသာ ရှိပါတယ်။ အထပ်မြင့်မြင့်တွေ ဆောက်ထားလေ့ရှိတဲ့ HDB တိုက်တွေတိုင်းမှာ ဓါတ်လှေခါး၊ အမှိုက်သွန်တဲ့စနစ်၊ Cable TV စနစ်၊ Gas ပိုက်လိုင်း၊ ဖုံး၊ ရေပူရေအေးစနစ် စတာတွေ အဆင်သင့်ပါတတ်ပြီး တော်တော်ဟောင်းတဲ့ တိုက်အချို့မှာသာ Gas ပိုက်လိုင်း မပါတာမျိုး ရှိတတ်ပါတယ်။ ဓါတ်လှေခါးဆိုလည်း အထပ်တိုင်းမှာ မရပ်တာမျိုးရှိတတ်ပါတယ်။ ကျန်တာတွေကတော့ တိုက်ခန်းမှန်ရင် အပြည့်အစုံ ပါတာတွေချည်းပါပဲ။ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်းပါတဲ့ တိုက်ခန်းတွေကို 2+1 လို့ သုံးနှုန်းကြပြီး 3+1 ဆိုရင် အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်း ၁ ခန်းပါ။ ဒီနေရာမှာ တိုက်ခန်းနဲ့ ပတ်သတ်ပြီး စင်ကာပူရောက် မြန်မာတွေ အခန်းငှားကြတာ၊ အတူစုပေါင်းနေကြတာလေးတွေကို ဖေါ်ပြချင်ပါသေးတယ်။

အိမ်ငှားကြတယ်ဆိုပေမယ့် တကယ်တော့ ကျောတခင်းစာ၊ လူတစ်ယောက်စာကိုပဲ အဓိကငှါးကြတာများပါတယ်။ အိမ်ငှားတဲ့အခါမှာ ကိုယ့်အလုပ်နဲ့နီးတဲ့နေရာကို အဓိက ဦးစားပေးရှာကြရသလို ဈေးနှုန်းသက်သာတဲ့ အိမ်ခန်း၊ လူသိပ်မများတဲ့ အိမ်ခန်းကိုလည်း ရွေးရပါတယ်။ အိမ်ရှင် စင်ကာပူလူမျိုး၊ မလေးရှားလူမျိုးတို့နဲ့ အတူနေရတဲ့ အခန်းတွေ ရှိသလို မြန်မာအိမ်ရှင်နဲ့ နေရတဲ့ အိမ်တွေလည်း ရှိပါတယ်။ အိမ်ရှင်တွေက Master Bedroom လို့ခေါ်တဲ့ ရေချိုးခန်းတွဲပါတဲ့ အခန်းတွေမှာ နေလေ့ရှိပြီး အိမ်ငှါးတွေကတော့ သာမန်အခန်းတွေမှာ ၂ ယောက်တစ်ခန်း၊ ၃ ယောက်တစ်ခန်း စသည်ဖြင့်နေကြပါတယ်။ တချို့မြန်မာတွေကတော့ အိမ်ရှင်ဆီကနေ တစ်အိမ်လုံးငှါးပြီး အခန်းလေးတွေကို ပြန်ငှါးတတ်ကြပါတယ်။ အဲဒီလူမျိုးကို သူကြီးလို့ ခေါ်ကြပြီး သူက အိမ်လခ၊ ရေဖိုး၊ မီးဖိုး စတာတွေကောက်ခံ စုဆောင်းပေးရလေ့ရှိပါတယ်။ ရံဖန်ရံခါ အိမ်ငှါးချင်းတက်တဲ့ ပြဿနာတွေကိုလည်း ရှင်းပေးရတတ်ပါတယ်။

အိမ်ခန်းကတွေက နေရာလိုက်ပြီး ဈေးအပြောင်းအလဲ ရှိပါတယ်။ အဓိကကတော့ မြို့ထဲနဲ့ နီးတဲ့နေရာ၊ ဘူတာနဲ့ နီးတဲ့နေရာဆို အိမ်ဈေးတွေ ကောင်းပါတယ်။ တစ်အိမ်လုံးငှါးရင် SGD1800~2300 ကြားလောက်ပေးရတတ်ပြီး အိမ်ကောင်းရင်၊ နေရာကောင်းရင် ပိုများတတ်ပါတယ်။ ၂ ယောက်တွဲနေရမယ့် အခန်းငယ်တစ်ခန်းစီအတွက် တစ်ယောက်ကို ၂၈၀-၃၇၀ လောက်ပေးရတတ်ပါတယ်။ စဖေါ်တစ်လစာလည်း ပေးရပါတယ်။ PUB လို့ခေါ်တဲ့ ရေခွန်၊မီးခွန်၊ဂက်စ်ခွန်ကတော့ အိမ်ရှင် အနေအထားကို လိုက်ပြီး တခါတလေ အပြီးအစီးပါတတ်ပြီး တခါတလေတော့ ထပ်ဆောင်းပေးရတတ်ပါတယ်။ Internet ကတော့ Optional သဘောမျိုးဖြစ်ပြီး သုံးမယ်ဆို SGD20 လောက် ထပ်ပေးရတတ်ပါတယ်။ မြန်မာတွေကတော့ Boonlay, Jurong East, Clementi, Woodlands, Ang Mo Kio, Toa Payoh, Eunos, Serangoon, Senkeng, Tampines စတဲ့ အရပ်တွေမှာ အနေများပါတယ်။ ပုံမှန် HDB အခန်းအတော်များများကတော့ အခန်းအနေအထား မဆိုးလှပါဘူး။ သိပ်မကျဉ်းသလို၊ ကျုယ်လှတယ်လို့လည်း မဟုတ်ပါဘူး။ အိမ်တွေရဲ့ အခင်းက ကျောက်ပြားခင်းတွေ ဖြစ်ပါတယ်။ အခန်းငှါးတဲ့အခါ ပုံမှန်အားဖြင့် ကုတင်၊ မွေ့ယာ၊ ပန်ကာ၊ အဝတ်ဘီရိုနဲ့ စာကြည့်စားပွဲလောက်တော့ ပါပါတယ်။ တအိမ်လုံးငှါးတယ်ဆိုရင်တော့ ဧည့်ခန်းအဆောင်အယောင်တွေနဲ့ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တို့ တွဲပါရပါတယ်။ အခန်းတစ်ခန်းကို ၂ ယောက်တွဲနေကြမယ်ဆိုရင် ချက်ပြုတ်ခွင့်ရမရ၊ ဆေးလိပ်သောက်ခွင့်၊ ဧည့်သည်လာခွင့် စတာတွေကို ရှင်းရှင်းလင်းလင်း မေးထားသင့်ပါတယ်။ အရင်က ယောက်ျားလေးတွေချည်းပဲနေကြ၊ မိန်းကလေးတွေချည်းပဲ နေကြပေမယ့် ခုနောက်ပိုင်းမှာတော့ 2+1 အိမ်မှာ ယောက်ျားလေးတွေက တစ်ခန်း၊ မိန်းကလေးတွေက တစ်ခန်းစုနေတာမျိုးတွေ ရှိလာပါတယ်။ စင်ကာပူရောက် မြန်မာအများစုဟာ အလုပ်နဲ့ကျောင်းကို အချိန်ပြည့်နီးပါး အချိန်ပေးနေရလို့ အိမ်ပြန်ရောက်တဲ့အခါ အိပ်ရုံလောက်ပဲ အသုံးချရတတ်ပါတယ်။ ဒါကြောင့် ယောက်ျားတစ်ခန်း၊ မိန်းမတစ်ခန်းနေလည်း ပြဿနာမရှိလှဘူးလို့ တွေးလာကြတာလည်း ဖြစ်ပါတယ်။ အိမ်ခန်းလိုချင်တဲ့အခါ အချင်းချင်း နီးစပ်ရာမေးကြသလို ပင်နီစူလာပလာဇာက သပြေနုဆိုင် (ဒေါ်သန်းသန်းနုဆိုင်၊ ၅ လွှာ)လို၊ Clementi က ကောင်းစုံလို ဆိုင်တွေမှာ အခန်းလိုချင်တဲ့ လူတွေနဲ့ အခန်းလွတ်ရှိတဲ့လူတွေ သတင်းပေးတဲ့ စာအုပ်လေးတွေ ရှိပါတယ်။ အဲဒီမှာ သွားရှာပြီး ဖုံးကိုဆက်မေး၊ အိမ်သွားကြည့်နဲ့ အဆင်ပြေတတ်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ Online မှာ Website တွေတင်ပြီးလည်း အခမဲ့ ကူညီကြပါတယ်။

မြန်မာအများစုကတော့ အထက်မှာရေးခဲ့တဲ့အတိုင်း HDB အခန်းတွေမှာသာ နေလေ့ရှိပြီး JTC လို့ခေါ်တဲ့ နည်းနည်းဈေးသက်သာတဲ့ အခန်းတွေမှာလည်း နေလေ့ရှိပါတယ်။ ဒါပေမယ့် ကွန်ဒိုတွေမှာတော့ နေခဲလှပါတယ်။ အခန်းခဈေးကြီးသလို ကွန်ဒိုအများစုဟာ ဘူတာနဲ့ အတော်လေးလှမ်းတဲ့နေရာတွေမှာ တိတ်တိတ်ဆိတ်ဆိတ် ရှိတတ်လို့ပါပဲ။ ကွန်ဒိုမှာနေသူတွေအနေနဲ့တော့ ရေကူးကန်၊ အားကစားခမ်းမ စတဲ့ အထူးခံစားခွင့်တွေကိုလည်း ရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Public Transport လို့ခေါ်တဲ့ ရထား၊ ဘတ်စ်ကားတွေကို အားကိုးနေရသူတွေ များနေဆဲဖြစ်လို့ HDB ဒါမှမဟုတ် JTC အခန်းတွေကသာ အဆင်ပြေတတ်ကြောင်း ဖေါ်ပြလိုက်ရပါတယ်။


ပညာရေးစနစ်

စင်ကာပူရဲ့ အခြေခံပညာအဆင့်ကို Primary နဲ့ Secondary ဆိုပြီး အဓိက ၂ ပိုင်းခွဲထားပါတယ်။ Primary ဟာ မတက်မနေရ ၆ နှစ်တက်ရမှာဖြစ်ပြီး ပထမ ၄ နှစ်ကို Foundation (အခြေခံအဆင့်) လို့ သတ်မှတ်ပါတယ်။ အဲဒီ ၄ နှစ်အတွင်းမှာ အင်္ဂလိပ်စာ၊ မိခင်ဘာသာစကား (တရုတ်၊ မလေး၊ တမီးလ်) နဲ့ သင်္ချာတို့ကို အဓိကထားပြီး သင်ကြားပါတယ်။ အခြားဘာသာရပ်တွေအနေနဲ့ စာရိတ္တ၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အားကစား စတဲ့ ကလေးငယ်တွေ သိထားသင့်တဲ့ အခြေခံဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ သိပ္ပံဘာသာရပ်တွေကိုတော့ P3 လို့ခေါ်တဲ့ တတိယနှစ်ကစပြီး သင်ပေးပါတယ်။ Primary ၆ နှစ်ရဲ့ နောက်ဆုံး ၂ နှစ်ကိုတော့ Orientation (Secondary အတွက် မိတ်ဆက်အဆင့်) လို့သတ်မှတ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ပထမ ၄ နှစ်ပြီးရင် ကျောင်းသားတွေရဲ့ စွမ်းဆောင်မှုကို ကြည့်ပြီး သင့်တော်တဲ့ အတန်းတွေ ထပ်မံခွဲခြားလိုက်ပြီး လက်ကျန် ၂ နှစ်မှာ သင်ရိုးလည်း နည်းနည်းကွာသွားတာကို တွေ့ရပါတယ်။ EM1, EM2 နဲ့ EM3 (English and Mother Tongue at 1st, 2nd and 3rd language) ဆိုပြီး အဆင့် ၃ ခုခွဲပြီး သင်ကြားပေးပါတယ်။ ဒီ Primary ကလေးတွေရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ PSLE လို့ အတိုကောက်ခေါ်တဲ့ Primary School Leaving Examination ပဲဖြစ်ပါတယ်။ ဒီစာမေးပွဲက ရလဒ်ကိုအခြေခံပြီး ကလေးတွေဟာ Secondary မှာ မတူညီတဲ့ သင်ရိုးတွေကို သင်ကြားရမှာဖြစ်လို့ ဒီစာမေးပွဲဟာ အလွန်ပဲ အရေးကြီးလှပါတယ်။

Primary မှာ ၆ နှစ်သင်ကြားပြီးလို့ စာမေးပွဲကြီးပြီးတဲ့အခါမှာ Secondary ကို တက်ရောက်ခွင့်ရကြပါတယ်။ အခြေခံအားဖြင့် Secondary ကို Express (အထူးတန်း) ၊ Normal (Academic) (သာမန်ပညာရေး) နဲ့ Normal (Technical) (သာမန်အသက်မွေးဝမ်းကျောင်း) ဆိုပြီး ၃ ခုခွဲထားပါတယ်။ ဒီ ၃ ခုအပြင် Special ဆိုတဲ့အတန်းတစ်ခုလည်း ရှိပါသေးတယ်။ Special နဲ့ Express ရဲ့ အဓိကကွာခြားချက်က မိခင်ဘာသာစကားကို ပုံမှန်ပဲသင်မလား၊ အဆင့်မြင့်သင်မလားဆိုတာပဲကွာလို့ အသေးစိတ်မရှင်းပြတော့ပါဘူး။ စင်ကာပူ ပညာရေးကို လေ့လာမယ်ဆိုရင် ဒီ Secondary အဆင့်ဟာ အရှုပ်ထွေးဆုံးလို့ ပြောလို့ရပါတယ်။ ပထမဆုံး Express ကိုရှင်းပြပါမယ်။

Express အတန်းကို တက်ခွင့်ရသူတွေဟာ PSLE မှာ အမှတ်အကောင်းဆုံးနဲ့ အောင်ကြတဲ့ ကလေးတွေဖြစ်ပါတယ်။ Secondary (Express) ကို ၄ နှစ်တက်ရပြီး နောက်ဆုံးအတန်းတင်စာမေးပွဲကတော့ GCE 'O' Level စာမေးပွဲပဲဖြစ်ပါတယ်။ မသင်မနေရဘာသာတွေကတော့ အင်္ဂလိပ်စာ၊ သချာင်္နဲ့ မိခင်ဘာသာစကားတို့ပဲဖြစ်ပါတယ်။ တကယ်လို့ မိခင်ဘာသာစကားကို အဆင့်မြင့် (Higher Mother Tongue) မဟုတ်ဘဲ သာမန်ပဲသင်ယူခဲ့မယ်ဆိုရင် GCE 'O' Level ပြီးတဲ့အခါ Polytechnic ဒါမှမဟုတ် Junior College တို့မှာ မိခင်ဘာသာစကား တစ်နှစ်ထက်တက်ရမှာ ဖြစ်ပါတယ်။ Secondary ကျောင်းသားတွေဟာ မသင်မနေရဘာသာတွေအပြင် သိပ္ပံဘာသာတွဲကိုလည်း တက်ကြလေ့ရှိပါတယ်။

နောက်ထပ် Secondary တစ်မျိုးကတော့ Normal (Academic) ပဲဖြစ်ပါတယ်။ ဒီအတန်းကို တက်ကြတဲ့ ကျောင်းသားတွေဟာ Express ကျောင်းသားတွေလောက် အမှတ်မကောင်းခဲ့သူတွေ ဖြစ်ပါတယ်။ Normal (Academic) ကိုလည်း ၄ နှစ်တက်ရပြီး ဒီအဆင့်ရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ GCE 'N' Level ဖြစ်ပါတယ်။ တကယ်လို့ 'N' Level မှာ အမှတ်ကောင်းတယ်ဆိုရင်တော့ 'O' Level ကို တက်ခွင့်ရှိပါတယ်။ (ဒါကြောင့် တချို့က ၅ နှစ်တက်ရတယ်လို့ 'O' Level အထိမှန်းပြီး ပြောကြပါတယ်) အမှတ်မမီရင်တော့ ITE လို့ခေါ်တဲ့ အစိုးရအသိအမှတ်ပြု နည်းပညာအောင်လက်မှတ်တန်းတွေကို တက်ရမှာဖြစ်ပါတယ်။

နောက်ဆုံး Secondary တစ်မျိုးကတော့ Normal (Technical) ပဲဖြစ်ပါတယ်။ ဒီမှာလည်း ၄ နှစ်တက်ရပြီး နောက်ဆုံးစာမေးပွဲကြီးက GCE 'N' Level ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုင်းကအောင်လာတဲ့ ကျောင်းသားတွေဟာ 'O' Level ဖြေဆိုခွင့်မရှိဘဲ ITE ကိုသာ တက်ရပါတယ်။ Normal (Academic) နဲ့ Normal (Technical) တို့ဟာ 'N' Level ဖြေတာချင်းတူပေမယ့် သင်ရိုးတွေမတူပါဘူး။ Academic မှာ ပညာရေးနဲ့ ဘာသာရပ်ဆိုင်ရာတွေကို ဦးစားပေးသင်ကြားလေ့ရှိပြီး Technical မှာ အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုမယ့် ဘာသာရပ်တွေများပါတယ်။ Secondary ၃ မျိုးမှာ ထူးချွန်ရင် ထူးချွန်သလို အတန်း ကူးပြောင်းတက်ခွင့်ရှိပါတယ်။

Secondary ကျောင်းသားတွေဟာ သူတို့ရဲ့ GCE 'O' ဒါမှမဟုတ် 'N' Level အမှတ်ပေါ်မူတည်ပြီး Poly တက်မယ်၊ JC တက်မယ်၊ ဒါမှမဟုတ် GCE 'A' Level ဆက်တက်မယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။ ဒီနေရာမှာ အမှတ်ပေးပုံစံလေးကိုလည်း တင်ပြချင်ပါတယ်။ စင်ကာပူရဲ့ GCE စာမေးပွဲတွေဟာ အင်္ဂလန်နိုင်ငံက Cambridge University နဲ့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ စင်ကာပူလို နိုင်ငံအခြေအနေနဲ့ အဖြေလွှာတွေကို ပြည်တွင်းမှာပဲ အမှတ်ခြစ်နိုင်ပေမယ့် ဘာသာအများစုကို အင်္ဂလန်ပို့ပြီး မိခင်တက္ကသိုလ်ကြီးမှာ ခြစ်စေပါတယ်။ ဒါကြောင့် စာမေးပွဲအောင်သူတွေဟာ အလွန်ပဲ ဂုဏ်ယူကြပါတယ်။ အမှတ်ပေးစနစ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

* A1/A2 (Distinction)
* B3/B4 (Merit)
* C5/C6 (Credit/Pass)
* D7 (Sub-Pass/fail, that is, passing at a lower standard in the exam or fail)
* E8/F9 (Fail)

A,B,C တွေရဲ့ နောက်က ၁၊၂၊၃ တွေဟာ သူတို့ရဲ့ အမှတ်တွေဖြစ်ပါတယ်။ GCE စာမေးပွဲတွေပြီးလို့ Post-Secondary ကျောင်းတွေ (ဥပမာ။ Poly) တက်မယ်ဆိုရင် L1R5 ဒါမှမဟုတ် L1R4 စသည်ဖြင့်သတ်မှတ်ပြီး တောင်းပါတယ်။ L ဆိုတာက ဘာသာစကား (အင်္ဂလိပ် သို့မဟုတ် အခြားမိခင်ဘာသာစကား) ဖြစ်ပြီး R ကတော့ သက်ဆိုင်ရာ အခြားအကောင်းဆုံး ဘာသာရပ်များဖြစ်ပါတယ်။ တစ်ခုသိထားရမှာက အမှတ်ပေါင်းနည်းလေ၊ ကောင်းလေဖြစ်ပါတယ်။ ဥပမာ L1R4 ကို ၁၈ တောင်းတယ်ဆိုရင် ဘာသာစကားနဲ့ အခြား ဆက်စပ်ဘာသာတွေထဲက အကောင်းဆုံး ၄ ခုပေါင်းဟာ ၁၈ မှတ်ထက်ကျော်လို့မရပါဘူး။ အများဆုံး ၁၈ ဖြစ်ရမယ်လို့ဆိုလိုပါတယ်။ စာမေးပွဲတွေကို အစိုးရကျောင်းသားအနေနဲ့ တစ်ကြိမ်သာ ဖြေခွင့်ရှိပြီး အမှတ်မကောင်းလို့ နောက်တစ်ကြိမ်ဖြေခွင့်မရပါဘူး။ နောက်တစ်ကြိမ်ဖြေချင်သူတွေ၊ စာမေးပွဲ ၂ ခုခွဲဖြေချင်သူတွေကတော့ အပြင်ပုဂ္ဂလိက ကျောင်းတွေမှာ တက်ပြီး Private Candidate အနေနဲ့ ဖြေခွင့်ရှိပါတယ်။ အဲဒီကအမှတ်ကိုလည်း အစိုးရကျောင်းက အမှတ်လိုပဲ အသုံးချနိုင်ပါတယ်။

မြန်မာတွေနဲ့ မစိမ်းလှတဲ့ Polytechnic တွေ၊ Junior College တွေ စတာတွေကို Post-Secondary လို့ခေါ်ပါတယ်။ တက္ကသိုလ်မတက်ခင် တက်ကြရတာပါ။ မြန်မာ့ပညာရေးနဲ့ အဓိကကွာဟနေတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်ခွင့်ရပါတယ်။ Y.T.U (ယခင် Y.I.T ) ကို တက်ချင်ရင်တော့ G.T.C (ယခင် G.T.I) က တဆင့်ဝင်ရတာမျိုးတော့ ရှိတတ်ပါတယ်။ GCE 'O' Level မှာ Poly ဝင်ခွင့်အတွက် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီမှာ လိုအပ်တဲ့ အမှတ်တွေရရင် ၃ နှစ်တက်ရတဲ့ Poly Diploma Course ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာတွေ သိကြတဲ့အတိုင်း စင်ကာပူမှာ Poly ၅ ကျောင်းရှိပြီး Republic Poly ကတော့ နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ ကျောင်းပဲဖြစ်ပါတယ်။ Poly တွေမှာ ယခင်က Engineering တွေကိုပဲ အဓိကထားသင်ကြားခဲ့ကြပေမယ့် ခုတော့ Business, Art စတဲ့ ဘာသာရပ်တွေကိုလည်း ကမ္ဘာ့အဆင့်မီ သင်ကြားပေးနေပြီဖြစ်ပါတယ်။ Poly သင်ရိုးညွှန်းတမ်းတွေဟာ 'O' Level နဲ့ 'A' Level ကို အခြေခံထားတာဖြစ်ပါတယ်။

'O' Level အောင်ပြီးသူတွေအတွက် အခြားနည်းလမ်းတစ်ခုကတော့ Junior College နဲ့ Centralised Institute မှာ တက်ရောက်သင်ကြားခြင်းပဲ ဖြစ်ပါတယ်။ JC ဝင်ခွင့်ရဖို့အတွက် L1R5 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပြီး CI ဆိုရင် L1R4 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပါတယ်။ အဲဒီ ကျောင်းတွေမှာတော့ GCE 'A' နဲ့ ညီမျှတဲ့ ပညာရေးကို ၂ နှစ်ကြာသင်ကြားပါတယ်။ နောက်ဆုံး စာမေးပွဲကြီးကတော့ Cambridge ကစစ်တဲ့ GCE 'A' Level ပဲဖြစ်ပါတယ်။

'A' Level ဒါမှမဟုတ် Poly ပြီးသူတွေဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြပါတယ်။ စင်ကာပူမှာ အဓိက တက္ကသိုလ်ကြီး ၄ ခုရှိပြီး ၂ ခုက အစိုးရပိုင်ဖြစ်ပြီး ၂ ခုက ပုဂ္ဂလိကပိုင်ဖြစ်ပါတယ်။ အစိုးရပိုင် တက္ကသိုလ်ကြီး ၂ ခုဖြစ်တဲ့ National University of Singapore (NUS) နဲ့ Nanyang Technological University (NTU) တို့ဟာ နာမည်ကြီးသလောက် အဆင့်အတန်း၊ သင်ရိုး၊ ကျောင်းအဆောက်အဦး၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးတွေဟာလည်း ကမ္ဘာ့အဆင့်မှာ ရှိပါတယ်။ ကျောင်းတစ်ကျောင်းစီကို တစ်နှစ် ကျောင်းသားအင်အား ၂ သောင်းလောက် လက်ခံသင်ကြားပေးနေပြီး ဒေါက်တာဘွဲ့အထိ သင်ကြားနိုင်ပါတယ်။ Resarch & Development အတွက်လည်း အများကြီး စီမံပေးထားပါတယ်။ NUS ဆိုရင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်းဝင်တယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဂုဏ်ယူစရာကောင်းတာက အဲဒီလို တက္ကသိုလ်ကြီးတွေမှာ မြန်မာအမြောက်အမြားဟာ ဘွဲ့အမျိုးမျိုးကို ဆွတ်ခူးခဲ့ကြပြီးသလို ဆက်လက်သင်ယူနေကြတုန်း ဖြစ်နေတာပါပဲ။ စင်ကာပူ တက္ကသိုလ်ကြီး ၄ ခု အနက်က ပုဂ္ဂလိကပိုင် ၂ ခုကတော့ Singapore Management University (SMU) နဲ့ Singapore Institute of Management (UniSIM) တို့ပဲ ဖြစ်ပါတယ်။ SMU ကို ၂၀၀၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ပုဂ္ဂလိက ပိုင်ဆိုပေမယ့် အစိုးရက ငွေကြေးအလုံးအရင်း ထောက်ပံ့ပေးထားပြီး အဆင့်မီတက္ကသိုလ်ဖြစ်စေပါတယ်။ UniSIM ကတော့ Adult Learner လို့ခေါ်တဲ့ လုပ်ငန်းအတွေ့အကြုံရှိပြီးသူ၊ ကျောင်းသားအရွယ်ကို လွန်လာသူတွေကိုသာလက်ခံပါတယ်။

အထက်မှာ ဖော်ပြထားတာတွေကတော့ အစိုးရရဲ့ အခြေခံပညာကနေ ဘွဲ့ရတဲ့အထိပညာသင်ကြားရေး လမ်းကြောင်းပဲဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြားတက္ကသိုလ်တွေရဲ့ နိုင်ငံခြားကျောင်းခွဲတွေ၊ ပုဂ္ဂလိကကျောင်းနဲ့ အကယ်ဒမီတွေလည်း အများအပြားရှိပါတယ်။ MDIS, BMC, TMC, SAA, Kaplan စတဲ့ကျောင်းတွေဆို မြန်မာတွေနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိကကျောင်းတွေပဲဖြစ်ပါတယ်။ အဲဒီကျောင်းတွေမှာလည်း နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေ ရနိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းတွေအနေနဲ့ Course တစ်ခုကို သင်ကြားပေးချင်တယ်ဆိုရင် MOE လို့ခေါ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြု လက်မှတ်လိုပါတယ်။ Diploma ပဲဖြစ်ဖြစ်၊ ၂ ရက်လောက်ပဲ တက်ရတဲ့ ရက်တိုသင်တန်းလေးဖြစ်ဖြစ် MOE မှာ မှတ်ပုံတင်ရပါတယ်။ အဲဒီအချက်ကလည်း စင်ကာပူပညာရေး အဆင့်အတန်းကို အကျမရှိအောင် ထိန်းထားစေပါတယ်။

နောက်ထပ်ဖော်ပြချင်တာကတော့ မြန်မာတွေအနေနဲ့ စင်ကာပူကျောင်းတွေကို ဘယ်လိုတက်ရောက်နိုင်တယ်ဆိုတာပါပဲ။ အရင်က မြန်မာတွေဟာ Poly တက်ဖို့သာ အဓိက အာရုံစိုက်နေခဲ့ကြပေမယ့် ၁၉၉၀ ပြည့်နှစ်များရဲ့ နှောင်းပိုင်းကစလို့ Secondary ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ အပြင်ပုဂ္ဂလိကကျောင်းတွေမှာလည်း ပညာသင်ကြားလာကြပါတယ်။ ငွေကြေးတတ်နိုင်သူတွေ၊ လူခံကောင်းကောင်းရှိသူတွေက ကလေးငယ်တွေကို Secondary က စပြီး စင်ကာပူပညာရေးနဲ့ ရင်းနှီးစေခဲ့ကြပါတယ်။ တကယ်လို့ ကလေးငယ်တွေကို Primary ဒါမှမဟုတ် Secondary ကျောင်းလာတက်စေချင်တယ်ဆိုရင် ပြည်တွင်းအောင်လက်မှတ်တွေနဲ့တကွ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကျောင်းကို တင်ပြရပါတယ်။ ကျောင်းကလက်ခံတဲ့အခါမှာ အင်္ဂလိပ်စာနဲ့ သင်္ချာကို ဝင်ခွင့်ဖြေရပါတယ်။ (တချို့ကျောင်းတွေကတော့ သိပ္ပံဘာသာတွဲကိုလည်း ဖြေခိုင်းပါတယ်) အဲဒီအဖြေပေါ်မူတည်ပြီး ဘယ်အဆင့်က စတက်ရမယ်ဆိုတာ ဆုံးဖြတ်ပါတယ်။ အဲဒီနောက်တော့ Student Pass လျှောက်ထားပေးပါတယ်။ အဲဒီနောက်မှာတော့ စင်ကာပူ ပညာရေးရေစီးကြောင်းတလျှောက် တဆင့်ပြီး တဆင့်တက်သွားရုံပါပဲ။

Poly တက်ချင်သူတွေအတွက်ကတော့ လမ်းရိုးကြီးတွေဟာ အလုပ်ဖြစ်ဆဲလို့ ဆိုရမှာပါ။ မြန်မာပြည်က Poly အသိအမှတ်ပြု Agent တွေကနေ တဆင့် ဝင်ခွင့်ဖြေပြီး တက်ရောက်ခွင့်ရကြတာဟာ အသုံးဝင်နေဆဲပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်ပိုများတယ်ဆိုပေမယ့် အစစအရာရာ စီစဉ်သင်ပြပေးလို့ စင်ကာပူနဲ့ စိမ်းသေးရင် အဲဒီနည်းလမ်းက အလွယ်ဆုံးပါပဲ။ နောက်တမျိုးကတော့ Online ကနေလျှောက်လွှာတင်၊ ကျောင်းကလက်ခံရင် စင်ကာပူမှာ ဝင်ခွင့်လာဖြေလို့ရပါတယ်။ ဝင်ခွင့်ရဖို့အတွက် ဆယ်တန်းမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံတွေမှာ အမှတ်ကောင်းဖို့ လိုပါတယ်။ ဝင်ခွင့်ရတဲ့အခါမှာလည်း အစိုးရ ပညာသင်စရိတ်ထောက်ပံ့တဲ့အတွက် ရာခိုင်နှုန်းအနည်းငယ်ကိုသာ ကျောင်းသားကပေးရပါတယ်။ တကယ်တော့ အဲဒီအနည်းငယ်ဟာ မိဘတွေအတွက် မနည်းလှသေးပါဘူး။ ထောက်ပံ့ကြေးယူသူတွေဟာ Poly ပြီးတဲ့အခါ စင်ကာပူမှာ ၃ နှစ်ပြန်အလုပ်လုပ်ပေးပါမယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးရပါတယ်။ အလုပ်စဝင်တာနဲ့ ကျောင်းကနေ PR လျှောက်ထားခွင့်ပေးပါတယ်။ ဒါကြောင့် Poly လမ်းကြောင်းဟာ ဖြောင့်ဖြူးဆဲပဲလို့ ဆိုလို့ရပါတယ်။

Poly အပြင် အစိုးရကျောင်းတက်ချင်သူတွေ အနေနဲ့ မာစတာနဲ့ ဘွဲ့လွန်ဒီပလိုမာတန်းတွေ ရှိပါသေးတယ်။ ထင်ရှားတဲ့ ကျောင်း ၂ ခုကတော့ ISS လို့ခေါ်တဲ့ NUS လက်အောက်ခံ IT Diploma တန်းနဲ့ NTU က မာစတာဘွဲ့တန်းတွေပဲဖြစ်ပါတယ်။ ISS ကို Internet ကနေ တိုက်ရိုက်လျှောက်ထားနိုင်ပြီး ရေးဖြေဝင်ခွင့်စာမေးပွဲနဲ့ လူတွေ့ သို့မဟုတ် ဖုံးအင်တာဗျူးဖြေရပါတယ်။ သင်တန်းကာလတစ်နှစ်ဖြစ်ပြီး Poly လိုပဲ ကျောင်းပြီးတဲ့အခါ PR လျောက်ဖို့ offer letter ရပါတယ်။ NTU က ပေးတဲ့ မာစတာဘွဲ့ သင်တန်းတွေမှာ IT နဲ့ ဆက်စပ်နေတဲ့ ဘာသာခွဲပေါင်းများစွာအပြင် အင်ဂျင်နီယာ၊ ဒီဇိုင်းနဲ့ သိပ္ပံဘာသာရပ်များစွာကို လျှောက်ထားနိုင်ပါတယ်။ အစိုးရက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေ ပေးတဲ့အတွက် အဆင်ပြေပါတယ်။ အစိုးရကျောင်းတွေဖြစ်တဲ့အတွက် Student Pass အတွက် ပူစရာမလိုပါဘူး။ ပူစရာလိုတာက ပုဂ္ဂလိကကျောင်းတွေမှာဖြစ်ပါတယ်။

ပုဂ္ဂလိကကျောင်းတော်တော်များများဟာ အစိုးရရဲ့ နိုင်ငံတကာကျောင်းသားလက်ခံခွင့်ကို ရထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးရှိတာကို သတိပြုသင့်ပါတယ်။ အဓိကက Security Deposit လို့ခေါ်တဲ့ စင်ကာပူအစိုးရကို ပေးထားရတဲ့ အာမခံကြေးကိစ္စပဲဖြစ်ပါတယ်။ စင်ကာပူမှာ Singapore Quality Class (SQC) လက်မှတ်ကို အစိုးရအသိအမှတ်ပြု အဆင့်အတန်းရှိတဲ့ Industry အမျိုးမျိုးကို ချီးမြှင့်ပါတယ်။ အဲဒီ SQC လက်မှတ်ရပြီးသားကျောင်းတွေမှာ နိုင်ငံတကာကျောင်းသားတွေ Student Pass နဲ့ ကျောင်းလာတက်ရင် Deposit တင်စရာမလိုပါဘူး။ မရှိရင်တော့ မြန်မာကျောင်းသားတွေအနေနဲ့ စင်ကာပူဒေါ်လာ ၅ ထောင်လောက်တင်ရပါလိမ့်မယ်။ Student Pass ပြန်အပ်တာနဲ့ ၁၀၀% ပြန်ပေးပါတယ်။ ကျောင်းတချို့နဲ့ ရန်ကုန်မှာ ရုံးခန်းဖွင့်ထားတဲ့ Agent တချို့က အဲဒီကိစ္စကို နောက်ဆုံး Student Pass ကျမှ ဖွင့်ပြောတတ်ကြတဲ့အတွက် သတိထားပြီး မေးသင့်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက တကယ်လို့ Student Pass အဆင်မပြေရင် ဘယ်လောက်ပေးရမလဲ၊ ဒါမှမဟုတ် ဘယ်လောက်ပြန်အမ်းမလဲဆိုတာလည်း အစကတည်းက ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ Part Time အလုပ်ထွက်လုပ်ခြင်းပဲဖြစ်ပါတယ်။ အစိုးရကျောင်းသားတွေဟာ သတ်မှတ်တဲ့ နာရီအကန့်အသတ်အတွင်း တရားဝင်အလုပ်လုပ်ခွင့်ရှိပါတယ်။ ပုဂ္ဂလိကကျောင်းသားတွေ အနေနဲ့ လုံးဝအလုပ်လုပ်ခွင့်မရှိတဲ့အပြင် ကျောင်းခေါ်ချိန်ပြည့်ဖို့ လိုပါတယ်။ တကယ်လို့ တရားမဝင် အလုပ်ထွက်လုပ်နေတာ တွေ့ရင် ဒဏ်ကြေး ၅ ထောင်လောက်ဆောင်ရတတ်ပြီး မိခင်နိုင်ငံကိုတောင် ပြန်ပို့တတ်ပါတယ်။


အလုပ်အကိုင်အခွင့်အလမ်းများ

စင်ကာပူမှာ ဘယ်လိုအလုပ်အကိုင်မျိုးတွေ ရနိုင်သလဲဆိုတာတွေ မပြောခင် အရေးအကြီးဆုံးဖြစ်တဲ့ နေထိုင်ခွင့် Pass တွေ အကြောင်း အရင်ဆုံးပြောပါရစေ။ ယေဘုယျအနေနဲ့ ပြောရရင်တော့ စင်ကာပူမှာ EP, S.Pass နဲ့ WP ဆိုပြီး ၃ မျိုးရှိပါတယ်။ ခုနောက်ပိုင်းမှာ ထပ်တိုးလိုက်နဲ့ PEP နဲ့ FDW နဲ့ပါဆိုရင် ၅ မျိုးလို့ အကြမ်းမျဉ်းသတ်မှတ်နိုင်ပါတယ်။ စင်ကာပူမှာ အလုပ်လာရှာလို့ အလုပ်ရပြီဆိုရင် အလုပ်ရှင်က Pass တစ်ခုခုလျှောက်ပေးရပါတယ်။ လျှောက်တဲ့အခါ လစာနဲ့ အလုပ်သမားရဲ့ ပညာအရည်အချင်း (အတန်းပညာနဲ့ အလုပ်အတွေ့အကြုံ) ပေါ်မူတည်ပြီး ဘာ Pass လျှောက်ပေးရမယ်ဆိုတာ ကွာခြားသွားတာဖြစ်ပါတယ်။ အလုပ်ရှင်က EP လျှောက်ထားပေးချင်ပေမယ့် အစိုးရရဲ့ စည်းကမ်းနဲ့ မကိုက်ညီလို့ S.Passပဲ လျှောက်ပေးရတာမျိုးတွေလည်းရှိလို့ ဘယ်လိုအနေအထားမျိုးဆို ဘယ် Pass ကို လျှောက်ထားခွင့်ရမယ်ဆိုတာကို အကျဉ်းချုံး ဖော်ပြချင်ပါတယ်။

Employment Pass (EP)

စင်ကာပူမှာ နေထိုင်အလုပ်လုပ်ပြီး လစာ (အချိန်ပို၊ ဆုကြေး၊ အထူးခံစားခွင့်များမပါ) စင်ကာပူဒေါ်လာ ၂၅၀၀ အထက်ရတဲ့ ပညာရှင်အဆင့် (မန်နေဂျာရာထူး၊ ပညာရှင်ရာထူး၊ အင်ဂျင်နီယာရာထူး) အလုပ်သမားတွေအတွက် EP လျှောက်ထားနိုင်ပါတယ်။ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးက လစာပေါ် မူတည်ပြီး EP ကို ၃မျိုး ထပ်ခွဲပါတယ်။ ပညာအရည်အချင်း လိုအပ်ချက်ကတော့ EP တွေအားလုံး တန်းတူဖြစ်တယ်လို့ ဆိုပေမယ့် ဘွဲ့ရဖြစ်ရမယ်၊ ဘာလက်မှတ်ရှိရမယ်ဆိုတာ ကိုတော့ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။ ထပ်မံခွဲခြားထားတဲ့ EP ၃ မျိုးကတော့

(၁) EP - P1 (လစာ SGD ၇၀၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၂) EP - P2 (လစာ SGD ၃၅၀၀ နှင့် ၇၀၀၀ ကြားနှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၃) EP - Q1 (လစာ SGD ၂၅၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ) ဆိုပြီးတော့ ဖြစ်ပါတယ်။

EP ကိုင်ဆောင်ခွင့်ရသူတွေဟာ လစာများသူတွေ ဖြစ်တဲ့အလျောက် မိသားစုကို မှီခိုအနေနဲ့ စင်ကာပူမှာ ခေါ်ထားခွင့်ရှိပါတယ်။ EP အဆင့်ကွာခြားတာနဲ့အမျှ မိသားစုခေါ်ယူခွင့်မှာလည်း ကွာခြားချက်လေးတွေ ရှိပါတယ်။ ယေဘုယျအနေနဲ့ကတော့

(၁) EP ကိုင်ဆောင်သူတွေဟာ တရားဝင်အိမ်ထောင်ဘက်နဲ့ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ သား၊သမီး (တရားဝင် မွေးစားသားသမီးများ အပါအဝင်)တွေကို မှီခို (Dependant Pass) လျှောက်ထားပေးနိုင်ပါတယ်။

(၂) EP P1 & P2 ကိုင်ဆောင်သူတွေဟာ မိဘ၊ ယောက္ခမ၊ အိမ်ထောင်ဘက်၊ အိမ်ထောက်ဘက်ရဲ့ အရင်အိမ်ထောင်နဲ့ ရထားတဲ့ကလေး၊ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ သမီး၊ ဒုက္ခတိ သား၊ သမီးများကို ရက်ရှည်အလည်အပတ် (Long Term Social Visit) နဲ့ ခေါ်ယူထားနိုင်ပါတယ်။ ဒီအခွင့်အရေးကိုတော့ EP Q1 ကိုင်ဆောင်သူတွေမရနိုင်ပါဘူး။ EP လျှောက်ထားတဲ့အခါမှာ လစာအပြင် အလုပ်အတွေ့အကြုံ၊ အရည်အချင်းရှိလုပ်သားဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားတွေဟာ အရေးကြီးလှပါတယ်။

Personalised Employment Pass (PEP)

PEP ဟာလည်း EP တစ်မျိုးပါပဲ။ ကွာခြားတာကတော့ EP ကို ကုမ္ပဏီက လျှောက်ထားပေးရပြီး အလုပ်ထွက်တာနဲ့ ပြန်အပ်ရပါတယ်။ ဒါမှမဟုတ် ကုမ္ပဏီအသစ်နာမည်နဲ့ အသစ်ပြန်ပြောင်းရပါတယ်။ PEP ကတော့ ကုမ္ပဏီမှာ အလုပ်လုပ် မနေသည့်တိုင်အောင် (အလုပ်လက်ကိုင်မရှိသည့်တိုင်အောင်) မိမိရဲ့ အရည်အချင်းနဲ့ နောက်ဆုံးလစာပေါ်မူတည်ပြီး လျှောက်ထားနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ စင်ကာပူမှာ အလုပ်မလုပ်ဖူးသေးသည့်တိုင်အောင် အခြားနိုင်ငံတစ်ခုခုမှာ SGD ၇၀၀၀ အထက်နဲ့ ညီမျှတဲ့ လစာရထားသူတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ အရင်က EP P1 ကိုင်ထားပြီး လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေသူတွေဟာလည်း နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့အချိန်ကနေ ၆ လအတွင်း လျှောက်ထားနိုင်ပါတယ်။

လက်ရှိမှာ EP P1 ကိုင်ထားသူတွေအနေနဲ့ PEP ကို ပြောင်းချင်တယ်ဆိုရင် လျှောက်ထားနိုင်ပြီး လျှောက်ထားတဲ့အပေါ်မှာ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ EP P2 ကိုင်ဆောင်သူတွေကတော့ EP P2 နဲ့ လုပ်သက်အနည်းဆုံး ၂ နှစ်ရှိရမှာဖြစ်ပြီး တစ်နှစ်လစာ SGD ၃ သောင်းရမှ လျှောက်ထားခွင့်ရမှာ ဖြစ်ပါတယ်။ EP Q1 ကိုင်ဆောင်သူတွေက လုပ်သက် အနည်းဆုံး ၅ နှစ်နဲ့ တစ်နှစ်လစာ SGD ၃ သောင်းလိုတယ်လို့ သိရပါတယ်။ PEP ကိုင်ဆောင်သူတွေဟာ အများဆုံး ၆ လခန့်သာ အလုပ်လက်မဲ့အနေနဲ့ နေခွင့်ရှိပါတယ်။ အလုပ်ရသွားချိန်မှာ PEP ကို အခြား Pass တစ်ခုခုနဲ့ အစားထိုး လဲလှယ်စရာ မလိုပါဘူး။ ဒါပေမယ့် အလုပ်ရှင်အပြောင်းအလဲ၊ အလုပ်ထွက်တာ အားလုံးကို စင်ကာပူ လူဝန်မှုကြီးကြပ်ရေး (MOM) ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။

PEP နဲ့ အလုပ်လုပ်သူတွေဟာ လစာငွေ တစ်နှစ်ကို အနည်းဆုံး SGD ၃ သောင်းရှိရပါမယ်။ PEP ကို ၅ နှစ်သက်တမ်းအတွက် တစ်ကြိမ်သာ ထုတ်ပေးပြီး သက်တမ်းတိုးခွင့် မရှိပါဘူး။

S Pass

S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Website တွေမှာ တရားဝင်ပြောကြားထားခြင်းမရှိပေမယ့် Skill Pass လို့ မှတ်သားရပါတယ်။ ပညာအရည်အချင်း (အသိအမှတ်ပြု) ဒီပလိုမာ သို့မဟုတ် ဘွဲ့တစ်ခုခုရထားသူတွေမှာ သက်ဆိုင်ရာ အလုပ်အတွက် သင့်တင့်လျောက်ပတ်တဲ့ အတွေ့အကြုံနဲ့ အောင်လက်မှတ်တွေ ရှိမယ်၊ လစာလည်း အနည်းဆုံး ၁၈၀၀ ရမယ်ဆိုရင် S Pass လျှောက်ထားလို့ ရပါတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာအများစုဟာ S Pass ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ လစာ ၁၈၀၀ အနည်းဆုံးပေးရမယ်ဆိုပေမယ့် အလုပ်မဖြစ်မနေ ရရမယ့်လူနဲ့ ကပ်စေးနဲတဲ့ အလုပ်ရှင်နဲ့ တွေ့တဲ့အခါမျိုးမှာ အချင်းချင်းညှိနှိုင်းကြပြီး ၁၅၀၀ (တခါတလေ ၁၂၀၀လောက်တောင်ရှိပါတယ်) လောက်ပဲပေးပြီး S Pass ရအောင် တင်ပေးကြပါတယ်။ S Pass တင်တဲ့အခါမှာတော့ လစာကို ၁၈၀၀ လို့ ဖြည့်စွက်ကြတယ်ထင်ပါတယ်။ S Pass လျှောက်တာ နတ်ကြီးတယ်၊ ရချင်မှ ရတယ်ပြောကြပေမယ့် တကယ်တော့ S Pass ဟာ Point Based ပုံစံသွားတာဖြစ်လို့ အလုပ်နဲ့ ကိုယ့် Background ကိုက်ညီရင် ရဖို့ကျိန်းသေသလောက်ပါပဲ။ Point Based ဆိုတာက လုပ်ငန်းခွင်ရဲ့ လိုအပ်ချက်တွေ ဒီလုပ်သားမှာ ဘယ်လောက်များများ ပိုင်ဆိုင်နေလို့ ကုမ္ပဏီက ဒီလစာနဲ့ ခန့်ထားတာလဲဆိုတာကို စစ်တာပါ။ ဥပမာ အလှပြင်ဆိုင်က Customer Service ဝန်ထမ်းလိုနေချိန်မှာ မာစတာဘွဲ့ရ အင်ဂျင်နီယာတစ်ယောက် သွားလျှောက်တယ်ဆိုရင် သိပ်အဆင်မပြေနိုင်ပါဘူး။ နောက်ထပ် S Pass မရကြတဲ့အကြောင်းပြချက်တစ်ခုက ကုမ္ပဏီမှာ S Pass ခွဲတမ်း (Quota) ကုန်နေလို့ပဲ ဖြစ်ပါတယ်။ စင်ကာပူအစိုးရရဲ့ သတ်မှတ်ချက်အရ ကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းအင်အားရဲ့ ၂၅% ကိုပဲ S Pass နဲ့ ခန့်ထားခွင့်ပြုပါတယ်။ S Pass နဲ့ အလုပ်လုပ်နေသူတွေထဲက လစာ SGD ၂၅၀၀ ကျော်သူတွေဟာလည်း EP သမားတွေလိုပဲ မှီခိုအနေနဲ့ အိမ်ထောင်ဘက်နဲ့ အသက် ၂၁ နှစ်အောက် သား၊သမီးတွေကို ခေါ်ထားခွင့်ရကြပါတယ်။ S Pass လျှောက်ထားသူတွေဟာ ကဒ်ပြားထုတ်ယူဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းမူရင်းတွေနဲ့အတူ ကျန်းမာရေး ဆေးစစ်ချက်လက်မှတ်ကိုလည်း ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

Work Permit (WP)

WP နဲ့ အလုပ်လုပ်တဲ့ လုပ်သားအုပ်စုကို ယေဘုယျအနေနဲ့ အထွေထွေလုပ်သားများ သို့မဟုတ် ကာယလုပ်သားများလို့ သတ်မှတ်ပါတယ်။ အခြေခံပညာအရည်အချင်းဟာ S Pass လျှောက်လောက်အောင် မမြင့်သူ၊ လစာလည်း SGD ၁၈၀၀ အောက်ရတဲ့လုပ်သားတွေကို WP ပဲ လျှောက်ထားပေးနိုင်ပါတယ်။ WP လုပ်သားတွေရဲ့ အခွင့်အရေး၊ ကျန်းမာရေး၊ နေထိုင်ရေး စတာတွေကို ကုမ္ပဏီက တာဝန်ယူရလေ့ ရှိပါတယ်။

Work Permit for Foreign Domestic Workers (FDW)

ဒီ Pass ကတော့ နိုင်ငံခြားကနေ အိမ်အကူ လာလုပ်တဲ့လူတွေအတွက် အိမ်ရှင်က လျှောက်ပေးရတဲ့ Pass ဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်ရှင်နဲ့ အိမ်အကူတွေ မကြာခဏ ပြဿနာတွေဖြစ်တတ်လို့ အစိုးရက FDW လျှောက်ပေးမယ်ဆို အသေအချာစဉ်းစားဖို့ သတိပေးတတ်ပါတယ်။ စင်ကာပူအစိုးရက အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ခွင့်ပေးတဲ့ နိုင်ငံအနည်းစုထဲမှာ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတို့နဲ့အတူ စိတ်မကောင်းစရာပါဝင်ပါတယ်။ စင်ကာပူမှာ ပထမဆုံးအကြိမ် အိမ်အကူ လာလုပ်မယ့်လူဟာ အသက်အနည်းဆုံး ၂၃ နှစ်ရှိရမှာဖြစ်ပြီး အကြီးဆုံး ၅၀ ဖြစ်ရမယ်လို့ ဆိုပါတယ်။ ပညာကိုလည်း ၈ နှစ်သင်ဖူးရမယ်လို့ သိရပါတယ်။ အခြားလိုအပ်ချက်တွေအနေနဲ့ အိမ်ဖော်အရည်အချင်းစစ်စာမေးပွဲ၊ ကျန်းမာရေးဆေးစစ်ချက်လိုဟာမျိုးလည်း လိုအပ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ စင်ကာပူမှာ တရားဝင်အလုပ်လုပ်ခွင့်ရတဲ့အခါ လျှောက်ထားရမယ့် Pass အမျိုးအစားတွေ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သတ်တာတွေလည်း နည်းနည်းတော့ ရှင်းပြအကြံပေးချင်ပါသေးတယ်။

အရင်ဆုံးအကြံပေးချင်တာကတော့ မြန်မာပြည်က ထွက်မလာခင်မှာ အလုပ်အတွေ့အကြုံနဲ့ နိုင်ငံတကာကို ဝင်ဆန့်နိုင်တဲ့ အောင်လက်မှတ်တွေ ရနိုင်သလောက်များများ ရထားဖို့ပါပဲ။ မြန်မာပြည်က ဘွဲ့တွေ၊ ဒီပလိုမာတွေကို အသိအမှတ်မပြုဘူးဆိုတာ မဟုတ်ပါဘူး။ အစိုးရနဲ့ အဖွဲ့အစည်းကြီးတွေက ပေးတာတွေဆို အသိအမှတ်ပြုပါတယ်။ ကွန်ပျူတာတတ်ကြောင်း လက်မှတ်လိုတယ်ဆိုလို့ ရပ်ကွက်ထဲက နီးစပ်ရာ သင်တန်းလေးမှာ တတ်ခဲ့တာမျိုးကတော့ သိပ်အထောက်အကူမဖြစ်ပါဘူး။

နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်တွေရယ်၊ သက်ဆိုင်ရာ အလုပ်အတွေ့အကြုံကောင်းကောင်းရယ် ရှိမယ်ဆိုရင် အလုပ်ရဖို့ အခြေအနေကောင်းပါတယ်။ အလုပ်အတွေ့အကြုံကိုလည်း လုပ်ကြံပြီးဖော်ပြလို့ရပေမယ့် စမ်းသပ်ခန့်ထားတဲ့ကာလမှာ ဘာမှမလုပ်တတ်ရင် ပြန်ပြုတ်သွားတတ်တာမို့ အတွေ့အကြုံစစ်စစ်ရအောင် ကြိုးစားခဲ့စေချင်ပါတယ်။ နောက်ထပ် အထောက်အကူဖြစ်စေတဲ့ အချက်တစ်ချက်က သက်ဆိုင်ရာနယ်ပယ်ရဲ့ အဖွဲ့အစည်းတွေမှာ အသင်းဝင်ထားခြင်းပဲဖြစ်ပါတယ်။ ဥပမာ IT သမားတွေအတွက်ဆို MCPA, MCF နဲ့ အင်ဂျင်နီယာတွေအတွက်ဆို MES မှာ အသင်းဝင်ထားသင့်ပါတယ်။

စင်ကာပူမှာ အလုပ်ရှာတဲ့အခါ အင်တာနက် Website တွေ၊ နေ့စဉ်သတင်းစာနဲ့ ပွဲစားတွေကနေ အဓိကရှာနိုင်ပါတယ်။ Website တွေအနေနဲ့ www.jobsdb.com.sg, www.jobstreet.com, www.monster.com, www.jobscentral.com.sg စတဲ့ website တွေမှာ အလုပ်အကိုင် အများအပြားတွေ့နိုင်ပါတယ်။ နေ့စဉ်ထုတ် Straits Times သတင်းစာမှာလည်း အလုပ်ခေါ်တဲ့ ကြော်ငြာတွေ ပါပါတယ်။ အထူးသဖြင့်တော့ စနေနေ့ထုတ် သတင်းစာမှာ အများဆုံးပါပါတယ်။ ပွဲစားကနေတဆင့် အလုပ်ရှာတဲ့နည်းလမ်းကလည်း စင်ကာပူမှာ အတော်လေး ခေတ်စားပါတယ်။ တချို့ပွဲစားတွေက အင်တာဗျူးခေါ်ရင် ဘယ်လောက်ပေး၊ အလုပ်ရရင် ဘယ်လောက်ပေးစသည်ဖြင့် အဆင့်ဆင့် ဈေးသတ်မှတ်ပြီးတောင်းပါတယ်။ တချို့ပွဲစားတွေကတော့ လစာထဲကနေဖြတ်ယူပါတယ်။ တချို့အလုပ်တွေကိုတော့ ပွဲစားက ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး တိုက်ရိုက်ခန့်ထားတတ်ပါတယ်။ လစာကိုလည်း ပွဲစားကပဲပေးပါတယ်။ အဲဒီလိုအလုပ်မျိုးကို Over-Head နဲ့ ယူတယ်လို့ခေါ်ကြပြီး ပွဲစားက လုပ်သားကိုပေးတဲ့ လစာထက်ပိုတဲ့ ပမာဏကို ကုမ္ပဏီထံက တောင်းယူလေ့ရှိပါတယ်။ အလုပ်ရဖို့ကို Website တွေနဲ့ သတင်းစာကနေ ရှာတာအကောင်းဆုံးဖြစ်ပါတယ်။ ပွဲစားနဲ့ရှာကြတဲ့အခါ နောက်ပိုင်းပြဿနာကြီးငယ်တွေ ရှိလာတတ်လို့ အားမပေးချင်ပါဘူး။ နောက်တစ်ခုကတော့ စင်ကာပူမှာလည်း ထုံးစံအတိုင်း ပွဲစားအလိမ်တွေ အများအပြားရှိနေလို့ သတိပြုစေချင်ပါတယ်။

စင်ကာပူမှာ အလုပ်လာရှာမယ့်လူတွေက စင်ကာပူကိုရောက်နှင့်နေတဲ့လူတွေကို မေးတတ်တဲ့မေးခွန်းက “ဘာတွေပြင်ဆင်လာရမလဲ” ဆိုတာပါပဲ။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာကတော့ ရန်ကုန်က ထွက်မလာခင်ကတည်းက website တွေမှာ အလုပ်လျှောက်ကြည့်ပါ။ အလုပ်စလျှောက်ပြီး ဘယ်လောက်ကြာတဲ့အခါမှာ အင်တာဗျူးရလဲ၊ ဘယ်လိုကုမ္ပဏီမျိုးက အင်တာဗျူးခေါ်လဲဆိုတာကို အရင်ဆုံးစမ်းကြည့်ပါ။ ဘာတွေပြင်ဆင်လာရမလဲ၊ ပြည်ပမှာအလုပ်ရှာဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကို အဲဒါက အဖြေပေးမှာပါ။ ဥပမာ - အလုပ်စလျှောက်ပြီး ၂ ပတ်လောက်အတွင်းမှာ အင်တာဗျူးရတယ်ဆိုရင် ကိုယ့်အရည်အချင်းနဲ့ CV ဟာ စင်ကာပူမှာ အလုပ်ဖြစ်လောက်တယ်လို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ ရန်ကုန်မှာပဲ ရှိနေသေးလို့ အဲဒီအင်တာဗျူး လက်လွတ်သွားလည်း ဝမ်းနည်းစရာမလိုပါဘူး။ နောက်အင်တာဗျူးတွေ ရှိလာဦးမှာပါ။ ရန်ကုန်ကနေ စမ်းလျှောက်ကြည့်လို့ ၁ လ၊ ၂ လ သာကြာသွားတယ် - အင်တာဗျူးမရဘူးဆိုရင်တော့ တခုခုတော့ Upgrade လုပ်ရဦးမယ်ဆိုတဲ့ သဘောပါပဲ။ စင်ကာပူကို မလာသင့်သေးဘူးလို့ အကြံပေးချင်ပါတယ်။ တချို့တွေက စင်ကာပူရောက်မှ ဘယ် website သွားရမှာလဲ၊ ဘယ်သတင်းစာဝယ်ရမလဲ စစုံစမ်းတာကတော့ ဆိုးလွန်းပါတယ်။ တန်ဖိုးရှိတဲ့ အချိန်နဲ့ ငွေကို ဖြုန်းလို့မဖြစ်ပါဘူး။

အင်တာဗျူးကိုလည်း တချို့ကုမ္ပဏီတွေက တစ်ကြိမ်ပဲခေါ်ပြီး စိတ်ကြိုက်တွေ့ရင် အလုပ်တန်းခန့်ပါတယ်။ တချို့ကတော့ အင်တာဗျူး ၂ ဆင့်၊ ၃ ဆင့်သွားရပါတယ်။ နာမည်ကြီး စင်ကာပူလေကြောင်းလိုင်း (SIA) မှာဆို အင်တာဗျူး ၅ ဆင့်ရှိပါတယ်။ အင်တာဗျူးသွားတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း အင်တာနက်မှာ ရှာပြီး လေ့လာသွားသင့်ပါတယ်။

အင်တာဗျူးသွားပြီးလို့ အဆင်ပြေတယ်၊ အလုပ်ခန့်မယ်ဆိုတဲ့အခါမှာ လစာအကြောင်း၊ Pass လျှောက်ပေးမယ့် အကြောင်း၊ စာချုပ်ရှိမရှိ စသည်ဖြင့်စေ့စပ်ဆွေးနွေးကြရပါတယ်။ စင်ကာပူမှာ ပထမဆုံးအကြိမ် အလုပ်လာရှာတဲ့လူတွေအနေနဲ့တော့ လစာကိစ္စကို အသည်းအသန် ညှိနှိုင်းခဲပါတယ်။ ရထားတဲ့ Stay လေးမကုန်ခင် ရတဲ့အလုပ်ကို သိပ်ဈေးမဆစ်ဘဲ လုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် Pass နဲ့ စာချုပ်ကိစ္စကိုတော့ သေချာအောင် မေးမြန်းပြီးမှ သဘောတူ စာချုပ်စေချင်ပါတယ်။

တချို့ကုမ္ပဏီတွေဟာ စနစ်တကျမရှိလှဘဲ အစိုးရချမှတ်ထားတဲ့ ဥပဒေကို လက်တလုံးခြားနဲ့ အလုပ်သမားကို နှိပ်ကွပ်တဲ့ စာချုပ်မျိုးတွေ ချုပ်စေပါတယ်။ Pass ကိုလည်း လျှောက်ပေးတဲ့အခါ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံတွေဟာ ကိုယ့် CV ထဲကအတိုင်းဖြစ်ဖို့ အရေးကြီးပါတယ်။ တချို့ကုမ္ပဏီတွေက Pass မရမှာစိုးတဲ့အတွက် မမှန်တဲ့ အချက်အလက်တွေ ထည့်သွင်းတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ အစိုးရက ကိုယ့်ဆီက စာရွက်စာတမ်းတွေ တောင်းကြည့်တဲ့အခါ ပြစရာမရှိဖြစ်ပြီး နာမည်ပျက်စာရင်း Black List အသွင်းခံရတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်အပေါ်မှာ ဖော်ပြခဲ့တဲ့ Pass အမျိုးအစားတွေနဲ့ လိုအပ်တဲ့ အရည်အချင်း၊ လစာတွေကို ကိုးကားချိန်ထိုးကြည့်စေချင်ပါတယ်။


Pass တွေလျှောက်တာ၊ ကဒ်ပြားသွားထုတ်တာတွေနဲ့ ပတ်သက်တာလေးတွေ

အလုပ်ရှင်နဲ့ လစာ၊ ခံစားခွင့် စတာတွေ ညှိနှိုင်းပြီးလို့ အဆင်ပြေတယ်ဆိုရင် ကုမ္ပဏီက အလုပ်သမားကိုယ်စား Pass တစ်ခုခု လျှောက်ပေးရပါတယ်။ ဥပမာ အနေနဲ့ မြန်မာအများစု လျှောက်ခွင့်ရကြတဲ့ S.Pass နဲ့ ရှင်းပြသွားပါမယ်။ ဒီနေ့အချိန်မှာတော့ S.Pass ၊ WP ၊ EP ဘာပဲဖြစ်ဖြစ် အင်တာနက်ကနေ လျှောက်လို့ရနေပါပြီ။ အဲဒီ Pass တွေကို EP Online လို့ခေါ်တဲ့ အစိုးရရဲ့ အင်တာနက် စာမျက်နှာကနေ ကုမ္ပဏီက လျှောက်ပေးရပါတယ်။ တချို့ကုမ္ပဏီတွေကတော့ အင်တာနက်ကို မသုံးချင်ကြဘဲ ရိုးရိုးပဲ စာရွက်နဲ့ တင်ချင်ကြတယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် အင်တာနက်က တင်ရင် အများဆုံး ကိုးရက်ပဲ ကြာတဲ့အချိန်မှာ စာရွက်နဲ့တင်ရင် ငါးပတ်အထိကြာတတ်ပါတယ်။ အလုပ်လုပ်ခွင့် Pass ရနိုင်တဲ့ အခွင့်အရေးကတော့ အတူတူပဲ ဖြစ်ပါတယ်။ ကုမ္ပဏီက လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်သွင်းတဲ့ နေရာမှာ အဓိကကျတာကတော့ အခြေခံလစာနဲ့ ခန့်ထားတဲ့ ရာထူးပဲ ဖြစ်ပါတယ်။ လစာက အစိုးရ သတ်မှတ်ချက် (ဥပမာ S.Pass ဆိုရင် SGD1800 နှင့်အထက်) ထက် နည်းနေမယ် ၊ ဒါမှမဟုတ် ရာထူး၊ ကုမ္ပဏီအနေအထားနဲ့ မဖြစ်နိုင်လောက်အောင် များနေပြီဆိုရင် Pass ရဖို့က မသေချာပါဘူး။ ခန့်ထားတဲ့ ရာထူးကလည်း လျှောက်ထားသူရဲ့ အလုပ်အကိုင်ဟောင်းတွေ၊ နောက် သူ့ရဲ့ ပညာအရည်အချင်းတွေနဲ့ ဆက်စပ်မှု ရှိနေရမှာဖြစ်ပါတယ်။

Pass တွေ တင်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းစာရင်းကို စင်ကာပူ အလုပ်သမားဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။ S.Pass တင်မယ်ဆိုရင်တော့ S.Pass Form (ကုမ္ပဏီက ပေးပါမယ်) ၊ အလုပ်အတွေ့အကြုံ ၊ ပညာအရည်အချင်း အောင်လက်မှတ် မိတ္တူ ၊ Passport မိတ္တူ ၊ ဓါတ်ပုံ တစ်ပုံလိုပါတယ်။ S.Pass လျှောက်ထားချိန်မှာ Passport သက်တမ်း အနည်းဆုံး ခုနှစ်လကနေ တစ်နှစ်ရှိသင့်လို့ စင်ကာပူ မလာခင်ကတည်းက သက်တမ်းတိုးလာဖို့ သတိပေးချင်ပါတယ်။ တကယ်လို့ Pass တစ်ခုခု လျှောက်ထားချိန်မှာ ရထားတဲ့ Social Visit Pass ကုန်သွားခဲ့ရင်လည်း Pass အခြေအနေကို စောင့်နေတာဖြစ်လို့ ပုံမှန်အားဖြင့်တော့ အလွယ်တကူပဲ သက်တမ်းတိုးလို့ရပါတယ်။

တင်ထားတဲ့ Pass ကို အစိုးရက အတည်ပြုလိုက်တယ်ဆိုရင်တော့ ကုမ္ပဏီကို In-Principle Approval (IPA) Letter လို့ခေါ်တဲ့ အကြောင်းကြားစာ ပို့ပေးပါတယ်။ ကဒ်ပြားထုတ်ယူဖို့အတွက်ကို အဲဒီစာအပြင် Passport ၊ ဆေးစစ်ချက် နဲ့ ကုမ္ပဏီက ဝယ်ပေးတဲ့ ကျန်းမာရေး အာမခံမိတ္တူတို့ ယူသွားရမှာဖြစ်ပါတယ်။ စင်ကာပူမှာ အလုပ်လုပ်လိုသူတွေ အနေနဲ့ HIV/AIDS, TB, B ပိုးတို့ကို အဓိက စစ်ရပါတယ်။ တစုံတရာ အားနည်းချက်ရှိနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့တွေက ရန်ကုန်က ဆေးစစ်လာတယ်ဆိုပေမယ့် ဒီမှာ Pass လျှောက်တဲ့အခါ စင်ကာပူဆရာဝန်တွေရဲ့ ဆေးစစ်ချက်အဖြေကို တောင်းခံလေ့ရှိပါတယ်။

အင်တာဗျူး အတွင်းမှာ အလုပ်ကိစ္စတွေ ညှိနှိုင်းကြတဲ့အခါ စာချုပ်ကိစ္စကိုလည်း ဆွေးနွေးကြရပါတယ်။ ဒီနေရာမှာ စာချုပ်နဲ့ ပတ်သတ်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်။ ကုမ္ပဏီတချို့ကတော့ သာမန် Employment Letter လို့ခေါ်တဲ့ အလုပ်ခန့်စာကိုပဲ ပေးပါတယ်။ အဲဒီစာထဲမှာ လုပ်ရမယ့် အလုပ်အနေအထား၊ လစာနဲ့ ခံစားခွင့် စတာတွေကို တရားဝင်သဘောမျိုးဖြစ်အောင် ရေးသားဖော်ပြထားပါတယ်။ အချို့ကုမ္ပဏီတွေကတော့ Employment Letter အစား စာချုပ်ချုပ်စေပါတယ်။ ဥပမာ - S.Pass လျှောက်ပေးမယ်၊ ၂ နှစ်စာချုပ် ချုပ်ရမယ်ဆိုတာမျိုး ညှိနှိုင်းတတ်ကြပါတယ်။ စာချုပ်ထဲမှာတော့ ကုမ္ပဏီက လျှောက်ပေးတဲ့ Pass ( ဥပမာ S.Pass) ကဒ်ပြားရတဲ့နေ့က စပြီး ဒီစာချုပ်ဟာ အသက်ဝင်တယ်ဆိုတာမျိုး ဖော်ပြလေ့ရှိပြီး Employment Letter မှာပါတဲ့ အကြောင်းအရာတွေ၊ ဆေးခွင့်နဲ့ လုပ်သက်ခွင့် အရေအတွက်၊ ဘယ်လိုအပြစ်မျိုးဟာ ဘယ်လို အရေးယူခံရနိုင်တယ်ဆိုတာမျိုးတွေ ပါဝင်လေ့ရှိပါတယ်။ စာချုပ်မှာ အဓိကပါတာကတော့ ဒီသဘောတူညီချက်တွေနဲ့အတူ ဒီကုမ္ပဏီမှာ (ဥပမာ)၂ နှစ်လုပ်ပေးဖို့ သဘောတူပါတယ်ဆိုတဲ့ ဝန်ခံချက်ပါပဲ။ အရေးကြီးတာက ဒီ ၂ နှစ်မတိုင်ခင် အလုပ်က ထွက်ချင်ရင် ဘာဖြစ်မလဲဆိုတာပါပဲ။ တချို့စာချုပ်တွေမှာ ၂ နှစ်မတိုင်ခင် အလုပ်ထွက်ချင်ရင် ၂ လကြို ပြောပါဆိုတာမျိုး၊ ၃ လကြို ပြောပါဆိုတာမျိုးပါပါတယ်။ ဒါက တရားဝင်ဖြစ်လို့ ပြဿနာမရှိပါဘူး။ တချို့ကတော့ ၂ နှစ်မတိုင်ခင် အလုပ်သမားက ထွက်သည်ဖြစ်စေ၊ အလုပ်ရှင်က ထုတ်သည်ဖြစ်စေ လစာရဲ့ ဘယ်နှစ်ဆ ပေးလျော်ရမည်ဆိုတဲ့ အပိုဒ်ပါတတ်ပါတယ်။ မဖြစ်နိုင်ဘူး မထင်ပါနဲ့။ ကျွန်တော် အဲဒီလိုစာချုပ်မျိုးနဲ့ အလုပ်လုပ်ခဲ့ရတာပါ။ တကယ်တော့ ဒါဟာ အလုပ်သမားကို ခြိမ်းခြောက်တာသာဖြစ်ပြီး စင်ကာပူ ဥပဒေမှာ တရားဝင်ဖော်ပြထားခြင်းမရှိပါဘူး။ စင်ကာပူ အလုပ်သမားဝန်ကြီးဌာနရဲ့ အမေးအဖြေကဏ္ဍတစ်ခုမှာ အဲဒီလို ငွေပေးလျော်စေခြင်းမျိုးဟာ စာချုပ်မှာပါသည့်တိုင်အောင် ကောက်ခံခွင့်မရှိဆိုတာမျိုး ဖြေထားပါတယ်။ စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတိုင်းဟာ အလုပ်ထွက်ချင်တဲ့အခါ အစိုးရ သို့မဟုတ် ကုမ္ပဏီက ချမှတ်ထားတဲ့ ကြိုတင်အသိပေးကာလ (Notice Period) ကို အတိအကျ လိုက်နာရင် ထွက်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအဖြေလေးကို ဖတ်မိမှပဲ ကျွန်တော်လည်း သက်ပြင်းချနိုင်ခဲ့တာပါ။

နောက်ထပ် စာချုပ်တစ်မျိုးကတော့ အမြဲတမ်းနေထိုင်ခွင့် (Permanent Resident - PR) လျှောက်တဲ့ အခါမှာ ကြုံရတတ်ပါတယ်။ မြန်မာအများစုက စင်ကာပူမှာ အခြေချနိုင်ဖို့အတွက် PR ကို လူတိုင်းနီးပါး လျှောက်ကြပါတယ်။ တချို့ကုမ္ပဏီတွေက PR ကို လိုလိုချင်ချင် လျှောက်ခွင့်ပြုပေမယ့် တချို့ကတော့ PR ကို စာချုပ်မစေ့ခင် မလျှောက်ရဘူးဆိုတာမျိုးနဲ့ တားမြစ်တတ်ပါတယ်။ စာချုပ်စေ့ပြန်တော့လည်း နောက်ထပ် စာချုပ်အသစ်ချုပ်မှဆိုပြီး ညစ်တတ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စင်ကာပူက အင်တာနက်ဖိုရမ်တွေမှာ အကျယ်တ၀င့် ဆွေးနွေးကြလေ့ရှိပါတယ်။ ဒါဟာလည်း ကုမ္ပဏီတွေက နည်းတစ်မျိုးနဲ့ အကြပ်ကိုင်တာဖြစ်ပါတယ်။ PR လျှောက်ထားခြင်းဟာ စင်ကာပူမှာ အလုပ်လုပ်ပြီး နေထိုင်နေခြင်းရဲ့ အကျိုးဆက်အနေနဲ့ ရတဲ့ ကိုယ်ပိုင်ရပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီတွေက လျှောက်တော့၊ မလျှောက်နဲ့ဦးဆိုပြီး စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် အလုပ်ပြုတ်မှာစိုးတဲ့အတွက် အများစုကတော့ မဆန့်ကျင်ဘဲ လျှောက်ခွင့်ရလာမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်လေ့ရှိပါတယ်။ PR တင်တဲ့အခါမှာ အလုပ်လုပ်နေကြောင်း ကုမ္ပဏီက ထောက်ခံစာတစ်စောင်ကို လက်မှတ်ထိုးပေးရတာရှိပြီး တချို့တွေက အဲဒီစာကို ကုမ္ပဏီက စပွန်ဆာပေးတယ်လို့ အထင်မှားတတ်ကြပါတယ်။ အမှန်က ထောက်ခံစာသက်သက်သာဖြစ်ပြီး စပွန်ဆာ သဘောမသက်ရောက်ကြောင်း PR တင်ရင် ဖြည့်ရတဲ့ စာရွက်တွေမှာ ဖော်ပြထားပါတယ်။

Work Permit နဲ့ အလုပ်လုပ်နေသူဆိုရင် တစ်လကို စင်ကာပူဒေါ်လာ ၄၀ ၊ S.Pass ဆိုရင် ၇၀ - ၈၀ လောက် ၊ EP ဆိုရင် ၁၀၀ ကနေ ၁၂၀ လောက် ဆောင်ကြရပါတယ်။ PR ရပြီးသားတွေကတော့ လစဉ်ဝင်ငွေရဲ့ ၁၀% ကိုဆောင်ကြရပါတယ်။ "လစာများနှင့် ပတ်သက်၍" (စိုင်းထွန်း)

ဒီအကြောင်း ရေးပေးပါ ရေးကျပါ လို.ပြောတာ ခဏခဏ ရှိလာတော. မရေးလို.မဖြစ်တော.ဘူးလေ။ ကိုယ်တိုင်လဲ ဒါမျိုးအဖြစ်အပျက်တွေ ဖြစ်ပျက်နေတာ မျက်မြင်ကိုယ်တွေ.ပါပဲ။ အခုတော. အကြောင်းညီညွတ်လို. ဖွင်.ချရတော.မယ်ဗျို.။

အကြောင်းက ဒီလိုဗျ။ စင်ကာပူ မှာအလုပ်လာရှာကြ တဲ. မြန်မာ ဦးရေ တိုးပွားလာတာနဲ. အမျှ စလုံးရောက်ခါစ အလုပ်ရှာတဲ. ရွေမြန်မာ တွေ ရဲ. ကနဦး အလုပ် လစာ များ ထိုးဆင်းသွား လို.ပါပဲ။ ဒါမျိုးဖြစ်အောင် ဘယ်သူလုပ် သလဲ? ကျွန်တော် တို. မြန်မာတွေ ကိုယ်တိုင်ပါပဲ။ အလုပ်ရချင်တော. လစာ တွေ ကို အနိမ်.ဆုံးဖြစ်အောင် တယောက်နဲ. တယောက် အပြိုင် လျှော.ချကျတယ်။ "ဟာ ဟိုလူက ၁၂၀၀ နဲ. လျှောက်တယ်။ ငါ ၁၀၀၀ ပဲတောင်းရင် ငါ.ကို ခန်.လောက်တယ်"၊ "ဟာ သူလို အင်္ဂလိပ်စာ မွတ်နေတဲ. ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ကောင်တောင် ၁၅၀၀ နဲ.လျှောက်တာ ၊ ငါ ၁၂၀၀ ပဲတောင်းရင် ငါ.ကို ခန်.လောက်တယ်" စသဖြင်.ပေါ.ဗျာ။ အလုပ်ရချင် ၊ မြန်မာပြည် မပြန်ချင်ဇော နဲ. မိမိရထားသော ဘွဲ.လတ်မှတ်များ၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မူ များ ကို မငဲ.ငြာ၊ မထောက်ထား ပဲ အဲဒီလို. မိမိကိုယ် မိမိ နိမ.်ချနေ ကျတော.။ မိမိ တစ်ယောက်ထဲ ကိုယ်ပဲ ထိခိုက်တာ မဟုတ်ပဲ။ မြန်မာ ဆိုတဲ. လူမျိုးတခု လုံးကို ထိခိုက်နေလို. ကျွန်တော် အခုလို ၀င်ပြီး ဆွေးနွေးရတာပါ ခင်ဗျာ။

သူငယ်ချင်းတစ်ယောက် အိုင်တီ သမားပါ။ စလုံးရောက် ပထမဦးဆုံး ကုမ္ပဏီမှာ ပဲ လစာ ၁၈၀၀ နဲ. ပြီးခဲ.တဲ. နှစ်က စ အလုပ်လုပ်နေပါတယ်။ သူက လစာပိုရလို. အလုပ် ပြောင်းမယ်ပေါ.။ ဒီတော. သူ.နေရာမှာ အစား ထိုးဖို. လူခေါ်တော. လာလျှောက်ကျပါတယ်။ အဲ.ဒီမှာ သူ က စပ်စုပြီး လာလျှောက်တဲ. မြန်မာ ကောင်မလေး တစ်ယောက် ကို လစာ ဘယ်လောက်တောင်းလဲ မေးကြီးတော. “သမီး ၁၂၀၀ ပဲ တောင်းပါတယ် အစ်မတဲ.” ။ ဒါ မြန်မာပြည်က ကွန်ပြူတာ ဘွဲ.ရနော်၊ တခြား နိုင်ငံတာကာ ကွန်ပြူတာ လတ်မှတ်တွေလဲ ပါသေးတယ်။ မြန်မာပြည် က ကွန်ပြူတာ ဘွဲ.နဲ. ဒီက NUS/ NTU တို.ကရတဲ. ဘွဲ.နဲ. မယှဉ်သာ တာတော. လူတိုင်းနားလည် ပါတယ်လေ။ ဒါပေမယ်. ဒီက ပိုလီ Diploma အဆင်. လစာ ၁၈၀၀ လောက်တော. မဖြစ်သင်.ဘူးလား။

တခါကြားလိုက်သေးတယ် Auto Cad အလုပ် တလ ၉၀၀ နဲ. ရဖို. Agent ဖိုးတောင် ၂ လစာ ပေးရတယ်ဆိုပဲနော်။ ထိုသူတွေ ကို နိမ်.ချပြောမဟုတ်ပါဘူး။ ၉၀၀ ဆိုတာ စင်ကာပူမှာ တကယ်. လူတစ်ယောက်ရဲ. အသုံးစရိတ် လောက်ရုံလေးပါပဲ။ စင်ကာပူ အစိုးရကတောင် သတ်မှတ်ပေးထားတယ်လေ S Pass တစ်ယောက် ဟာ ဘွဲ.ရ ပြီး လစာ ၁၈၀၀ အနည်းဆုံးရမယ်တဲ.။ ဒါ ဟာ ငါတို. ရဲ. ဘွဲ.ကို ၁၈၀၀ တန်သေးတယ် လို. သတ်မှတ်ပေးလိုက်တာပဲ။ ဒါကို ဘာလို. လစာ ၁၈၀၀ ထက်နည်းအောင်မိမိ ဖာသာ လျှော.ချနေ ကျဦးမှာလဲ။ အခုဆို စင်ကာပူ မှာ ကုန်ဈေးနုန်းတွေက အ၇မ်းတက်ပြီလေ။ ချွေတာ စုဆောင်းပြီး သုံးရင်တောင် တလ ကို ၈၀၀-၁၀၀၀ ကုန်နေတာ။ ဘာလဲ ကိုယ်ရှာ တာ ကိုယ်သုံးလို.ပဲ ခံယူထားကျသလား။ မြန်မာပြည် က မိသားစု တွေကို လှည်.မကြည်.တော.ဘူး။ ငါမြန်မာပြည် မပြန်ရ၇င် ပြီးတာပဲ လား။

စင်ကာပူ က ကုမ္ပဏီ တွေက ပဲ ညစ်နေတာလား? လောလောဆယ် မြန်မာတွေအကြား ဖြစ်ပျက်နေတဲ. အဖြစ်အပျက်တခုပေါ.နော်။ သိပြီးသားဖြစ်ပါလိမ်.မယ်။ တကယ်.လို. ကုမ္ပဏီက ကိုယ်.ကို ၁၈၀၀ အောက် လစာနဲ. ခန်.လိုက်ရင် အခန်.ခံရတဲ.သူကိုယ်တိုင်က တောင်းတောင်းပန်ပန် နဲ. ကုမ္ပဏီ ကို သင်ပေးကျ ပါတယ်။ MOM (အလုပ်သမားရုံး) မှာ S Pass ကို ၁၈၀၀ နဲ. ကျေးဇူးပြုပြီး တင်ပေးပါ။ လစာ ကိုလဲ ၁၈၀၀ နဲ. ပေးပါ။ ပြီးမှ တကယ်.လစာ ကိုပဲ ကျွန်တော်၊ ကျွန်မ တို.ယူပြီး ပိုတဲ. ငွေကို ပြန်ပေးပါ.မယ်။ လို. တောင် မသိနားမလည် တဲ. စလုံး ကုမ္ပဏီ ကို တပတ်ရိုက်နည်း တွေသင်ပေး နေကျတာလဲ ကျွန်တော်.တို. ရွေမြန်မာတွေ ပဲမဟုတ်လား။

စင်ကာပူမှာ အလုပ်ရှာသူ မြန်မာ များကို ကျွန်တော် အမျိုးအစား ၅ ခု ခွဲပြပါရစေ။
၁။ စင်ကာပူ မှာ မိမိစိတ်ကြိုက် ဘာသာရပ် တက်ပြီး ကျောင်းပြီးလို. အလုပ်ရှာသူများ
၂။ စင်ကာပူမှာ မိမိစိတ်မ၀င်စားသော ရရာ Diploma၊ သင်တန်း တက်ပြီး အလုပ်ရှာနေသူများ
၃။ မြန်မာပြည်မှ ဘွဲ.ရပြီး လုပ်ငန်း ဆိုင်ရာ အတွေ.အကြုံရင်.ကျက်သူများ
၎။ မြန်မာပြည်တွင် ဘွဲ.လက်မှတ် တပုံတပင်ရထားပြီး ကိုယ်တိုင်ကလဲ လေ.လာဆည်းပူး လိုစိတ် ထက်သန်သူများ
၅။ မြန်မာပြည်တွင် အပျော်တမ်း ဘွဲ.ရပြီး တကယ် လုပ်ငန်း မကျွမ်းကျင်ပဲ အလုပ်ရလို.ရငြား ဘာလုပ်ရလုပ်ရ ဆိုပြီး ကံလာစမ်းကြ သူများ

နံပါတ် ၁ ၊ ၃ နဲ. ၄ က လူတွေဟာ အလုပ်ရှာ ရ တာ လွယ်ကူစေပါတယ်။ ဘာလို.လဲ ဆိုတော. သူတို.မှာ က ဦးတည်ချက်၊ အတတ် ပညာ ရှိ တယ်။ သူတို. မျှော်မှန်းတဲ. လစာလဲ ကုမ္ပဏီနဲ. ညှိနိုင်းရင်း ရကျ ပါတယ်။ ဒါပေမယ်. အဲ.ဒီ နံပါတ် ၂ နဲ. ၅ က လူတွေရဲ. ရတာလုပ်မယ်၊ ကိုယ်.အကြောင်းကိုယ်သိတော. လျှော.တောင်းမယ် ဆိုတဲ. အတွက် နံပါတ် ၁ ၊ ၃ နဲ. ၄ က လူတွေ ကိုပါ အဲ.ဒီ ဆိုးကျိုးတွေ က ရိုက်ခတ်စေပါတယ်။

ကပ်စီး ကုတ် တွက်ချက် တွက်ကပ် မှ သူဌေးဖြစ်တယ်ဟုတ်? အဲလို အလုပ်ရှင် သူဌေး တယောက် အနေနဲ. ခင်ဗျား ဆုံးဖြတ် ကြည်.ပါ။ မြန်မာ၂ယောက် ရတဲ. ဘွဲ.တွေ ချင်းကလဲတူ။ လျှောက်တဲ.ရာထူးခြင်းကလဲတူ တယောက်က လစာ ၂၀၀၀ တောင်းတယ်။ တယောက်က ၁၂၀၀ တောင်းတယ်။ ကဲ ဘယ်သူ.ကို ပိုအားသန်မလဲ စဉ်းစားကြည်.ပါခင်ဗျာ။ ၁၂၀၀ တောင်းတဲ. သူကလဲ အင်တာဗျူးမှာ ပြောမှာပဲ လေ ကျွန်တော် မကျွမ်းကျင်လဲ အတက်နိုင်ဆုံး ကြိုးစားပါ.မယ်။ နောက်မှ ဖြစ်ချင်ရာဖြစ် ဆိုတဲ. အတွေးနဲ. ပေါ.။ ဒီတော. ထို ၂၀၀၀ တောင်း တဲ. လုပ်ငန်းကျွမ်းကျင် မြန်မာတစ်ယောက် က ဘုံမပျောက် ပေဘူးလား။ နောက်ဆုံးတော. အများနည်းတူ လစာ ကိုလျှော.ချင်ရင်လျှော. ၊ မလျှော.ရင် ရွာပြည် ဖို.ပဲ ဖြစ်လာကျပါတယ် ခင်ဗျာ။

ဒီတော. သူတို. ကုမ္ပဏီ သူငှေး အချင်းချင်း၊ ၀န်းထမ်းအချင်းချင်း ဆက်ဆံ တဲ.အခါ မှာ “ဟေ. ငါတို.ကုမ္ပဏီမှာ မြန်မာလေး တယောက် အောက်ကြေးနဲ. ရလို. ခန်.ထားတယ် တန်တယ်။ နင်တို. အလုပ်တွေ ခေါ်ရင်လဲ အဲ.လောက်ပဲ ပေး၊ သူတို. လုပ်ကိုလုပ်တယ်။ “ ဆိုတဲ. စကားတွေ ပျံ. သွားမယ် ၊ ပျံ.နေတယ် လို. သင်ငြင်း နိုင်မလား။ မြန်မာပြည်မှာ ဆို သေအောင်လုပ်မှ တလ စင်ကာပူဒေါ်လာ ၂၀၀ လောက်တောင် စုမိတာမဟုတ်ဘူး လို.များ ခံယူထားကြသလား၊ မတူဘူးလေ။ ဒါက ရေးခြားမြေခြား အိမ်ပစ် ၊မိသားစုပစ်၊ သားပစ် မယားပစ်၊ ရည်း စားပစ် ပြီး စွန်.စားပြီး အလုပ်လာရှာတာလေ။ ဒီတော. အများတန်းတူ ပေါက်ဈေး တော.ရသင်.တာပေါ.။

ကျွန်တော်သူုငယ်ချင်း ပရိုဂရမ်မာ ပေါ.လေ။ ပိုလီ ပြီးပြီးချင်း အလုပ်ရှာတယ်။ ကာလပေါက်ဈေး လစာ ၁၈၀၀ (ညှိနိုင်းနိုင်) နဲ.လျှောက်တာ။ အင်တာဗျူးမှာပဲ သဘောကျပြီး ၂၂၀၀ ပေးမယ် ကြိုးစား ပြီးလုပ်ပေါ. တဲ.။ ဒါက သူကံကောင်းတာလဲ ပါတယ်။ ကုမ္ပဏီကလဲ သမာသမတ် ကျတာလဲ ပါတယ်။ တကယ် လက်ရှိ လုပ်နေတဲ. သူတွေ နဲ. တန်းတူပေးရမယ်။ တန်းတူ ရသင်.တယ်။ ကိုယ်က လျှော. ရလို. အချောင် ခိုလို.ရမယ် မထင်ပါနဲ.။ အထုပ်အပိုးပြင် ပြီးရွာပြန်ရလိမ်.မယ်။ တချို.ကလဲ ပြောကျသေးတယ် " ကျွမ်းစရာ မလိုပါဘူးကွာ၊ အလုပ်ရမှ အလုပ်ထဲမှာ သင်ပေါ.၊ မေးပေါ.၊ သင်ပေးကျပေါ. ကိုယ်က သူတို.ရဲ. ၀န်ထမ်းပဲ ဟာ ဒါက သူတို. တာဝန်ပဲ " ။ စင်ကာပူ က ကုမ္ပဏီ က သင်.ကို မေတ္တာဖြင်. သင်ပေးဖို. အလုပ်ခန်.တာ မဟုတ်ဘူးလေ။ ခိုင်းဖို.ခန်.တာ။ သဲသဲကွဲကွဲ မြင်တက်စေချင်တယ်။

သင်တို.ရဲ. အပူ သောက တွေကို မသိချင်ယောင်ဆောင်ပြီး ပြောနေတာ မဟုတ်ဘူးနော်။ ကိုယ်လဲ ဒီဘ၀ ကစ လာတာတော. နားလည်တာပေါ.။ အလုပ်မရခဲ.လျှင် နှစ်ရှည်လများ စုဆောင်းထားတဲ. ငွေ တွေ ဆုံး ၊ စိတ်ကူးယဉ်ထားတဲ. အရာ တွေ ပျက်စိးမယ်ဆိုတာလေ။ ဒါကြောင်. ဘာလို. စမ်းတ၀ါးဝါး နဲ. စင်ကာပူလာမှာလဲ။ အားလုံး အသေအချာ ပြင်ဆင်ပြီးမှာ လာစေချင်တယ်လေ။ အင်္ဂလိပ်စာ လဲ လည်လည်ဝယ်ဝယ် ပြောတက်စေချင်တယ်။ အခုဖြစ်နေတာမှာ မြန်မာတွေ ဆို သိပ် စကားမပြောတဲ. အလုပ်တွေ မှာ စုနေကျတယ်လေ။ “Ya , No, OK, This one, Here, There, Sorry. Bye Bye. Thank you” နဲ. တင် အလုပ်ဖြစ်နေကျတယ်လေ။ ကိုယ်တိုင်ကလဲ အင်္ဂလိပ် စာ မကောင်းခဲ.ပါဘူး။ အလုပ်စလုပ်တုန်းကဆို ရုံးက ဖုန်းလာရင် မကိုင်ရဲ လောက်အောင်ကို ဖြစ်တာ။ သူတို.ပြောတာ နားမလည် ၊ ကိုယ်ပြောတာ သူတို. နားမလည် မှာလဲ ကြောက်တာပေါ.။

အခုဒီပို.ကိုရေးတာ ကျွန်တော်.ကို ဆရာလုပ်တယ်လို.ထင်ချင်ထင်ပါလိမ်.မယ်။ သဘောတူတွေ လဲ ရှိပါလိမ်.မယ်။ နောက်ဆုံးအနေနဲ. ပြောချင်တာက မြန်မာ တွေ ဟာ တခြား မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို.နဲ. တန်းတူ ရင်ဘောင်တန်း ပြီး အလုပ်လုပ်နိုင်တဲ. တဲ. အတွက် သူတို.နဲ. တန်းတူ လစာ ရအောင် ကြိုးစားသင်.တယ်။ အဲ.လိုတန်းတူရအောင် လဲ ထို လူမျိုးများလိုပဲ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ရုံသာမက ပဲ၊ အင်္ဂလိပ် ကို လဲ လည်လည်ပတ်ပတ် ပြောတက်စေချင်တယ်။ စင်ကာပူ မလာခင် ပြင်ဆင်ထားကျ ပေါ.ဗျာ။

အားလုံးအရည်အချင်း ပြည်.ပြည်. နဲ. တန်ရာတန်ကြေး ရစေလို၏။
Posted by ထွန်းမြင့်ဌေး

No comments:

Post a Comment